* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 29, 2010

အဘိဓမ္မာ အပိုင်း ၂။ အခန်း ၁၁၊ (ဒေါသ-ဣဿာ)

ယနေ့.. အဘိဓမ္မာတရားက... ဒေါသ=ခက်ထန်ကြမ်းတမ်းခြင်းသဘောတရား။ ဒီတရားသဘောကလည်း လူ့ပတ်ဝန်းကျင်မှာ မြန်မာစကားလို ဖြစ်နေတော့ အထူးရှင်းပြနေစရာ မလိုလောက်ဘူး ထင်ပါတယ်။ စာပေအရ နဲနဲပြောပြရရင် သူ့ရဲ့ သဘောသည် မြွေပွေး၊ မြွေဟောက်ကို တုတ်ဖြင့် ပုတ်ခတ်သောအခါ ရှူးကနဲ အသံထွက်လာပြီး ပါးပြင်းထောက်လာသကဲ့သို့... မိမိတို့တစ်ထွေ ကိုယ်မနှစ်သက်ဖွယ် အာရုံတခုခုနှင့် တိုက်ဆိုင်မိသောအခါ မျက်နှာစသည့် အမူအရာများ ပြောင်းလာကာ ကိုယ်ရောစိတ်ပါ ကြမ်းတမ်းတဲ့ အသွင်းဖြစ်လာခြင်းသည် ဒေါသရဲ့ သဘောပဲ ဖြစ်ပါတယ်။
ဆရာတော်တချို့ပြောလေ့၊ ဆုံးမလေ့ရှိတာက “ဒေါသထွက်လာတဲ့အခါ မိမိတို့ မျက်နှာသည် လူ့အသွင်ကနေ ဘီလူးအသွင် ပြောင်းသွားတယ်”ဆိုပဲ။ အဲဒီအချိန် ကိုယ့်ကိုယ်ကို မှန်မကြည့်ရဲအောင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါသထွက်နေတဲ့အခါ မှန်ကြည့်တဲ့သူ တစ်ယောက်မှ မရှိတာ ဖြစ်မယ်ထင်တယ်။ လောကမှာ ဒေါသဖြစ်တဲ့အခါမှာလည်း မှန်ကြည့်ကြမယ်ဆိုရင်... ဒေါသ အပူတရားတွေ ကင်းငြိမ်းသွားမယ်ထင်တယ်။ ကမ္ဘာ့နေရာ တော်တော်များများမှာ ဖြစ်နေတဲ့ စစ်ပွဲတွေလည်း ငြိမ်းသွားမယ်ထင်တယ်။
ဒေါသနှင့်ပတ်လို့ နောက်မှတ်သားစရာက လူတွေ အသက်တိုတဲ့ အကြောင်းတွေထဲမှာလည်း ဒီဒေါသတရား တစ်ပါးပါတယ်။ ဘယ်လို ဆက်စပ်သလဲဆိုတော့... “စိတ်ထောင်းတော့ ကိုယ်ကျေ”ဆိုတဲ့ ဆိုရိုးစကား မိမိတို့ တစ်တွေ ကြားဘူးမယ် ထင်ပါတယ်။ ဆိုလိုတာက မိမိတို့ခန္ဓာကိုယ် တည်ဆောက်ပုံသည် အချင်းချင်း ဆက်စပ်နေတာပါ၊ အိမ်တစ်အိမ် တည်ဆောက်ထားပုံနှင့် အတူတူပါပဲ။ ဒေါသစိတ် ဖြစ်နေတဲ့အခါမှာ ရုပ်ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်နေတတ်ပါတယ်။

သွေးကြောတွေကလည်း ခတ်ထန်လာပါတယ်။ သွေးဆူတယ်ပေါ့။ ဒေါသမီးတစ်စကြောင့် သူနဲ့ ဆက်စပ်တဲ့ အရာမှန်သမျှ အပူကူးစက်တဲ့ သဘောပါ။ လောကမှာ အိမ်တစ်အိမ်မီးလောင်တဲ့ အခါ အနီးအပါးက အိမ်များကိုပါ ကူးစက်ခံရသလို ဒေါသထွက်လာတဲ့ အခါ သူနဲ့ဆက်စပ်တဲ့ နာမ်တရား+ ရုပ်တရားအကုန် အပူမီးကူးစက်ကာ လောင်မြိုက်ပါတယ်။
ဒါကြောင့် ဒေါသကြီးတဲ့သူသည် ရုပ်ခန္ဓာအိုလွယ်တယ်၊ ကျလွယ်ပါတယ်။ လူမုန်းလည်း များတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ ဒေါသကြီးတဲ့ သူရှိရင် လေ့လာကြည့်လိုက်ပါ... ဗုဒ္ဓအဘိဓမ္မာသဘောက မှန်/ မမှန်လက်တွေ့ သိရအောင်။
ဒီတရားရဲ့ ဆန့်ကျင်ဘက်တရားဖြစ်တဲ့ အဒေါသ (မေတ္တာ)တရား ကိန်းအောင်နေတဲ့ ပုဂ္ဂိုလ်များကျတော့ အေးချမ်းတယ်၊ သူ့မျက်နှာလေးမြင်လိုက်ရရင်လည်း အေးချမ်းတဲ့ အအေးဓာတ်ကူးစက်ကာ မြင်ရသူများ (သို့မဟုတ်) ပတ်ဝန်းကျင်မှာပါ အေးချမ်းသွားတယ်။ သူ့ကို မြင်ရတာ ရုပ်မလှစေဦးတော့ အေးချမ်းပြီး ကျက်သရေလည်း ရှိတယ်။ မေတ္တာဓာတ်အားကြီးတဲ့ တချို့ဆရာတော်ကြီးတွေ (သို့မဟုတ်) လူတချို့ကို မြင်ဘူးမှာပါ။
ဒီဒေါသကြောင့် တချို့နတ်များဆို ဒေါသထွက်လျှင် အသက်ပါ ဆုံးတတ်တဲ့ နတ်များ ရှိပါတယ်။ ဒီအကြောင်း သုတ္တပိဋက၊ သီလက္ခန်၊ ဗြဟ္မဇာလသုတ်မှာ အထင်အရှား ပြထားပါတယ်။ လောကမှာ သဘာဝမီးဖျက်လျှင် ပျက်စီးရသလို ဤဒေါသမီးဖျက်လျှင် (သို့မဟုတ်) လောင်လျှင်လည်း အသက်ပါ ဆုံးနိုင်လောက်အောင် အပူအား ပြင်းတယ်ဆိုတဲ့ သဘောပါ။ ဒေါသသဘော ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။

နောက်တစ်ပါးက ဣဿာ (ဒီလိုဖတ်ပါ-- အိတ်သာ)။ သူ့သဘောတရားက ကိုယ်နဲ့မဆိုင်တဲ့ သူတပါးပစ္စည်း၊ ဂုဏ်စသည် အပေါ်မှာ ငြူစူ၊ နှမြောတဲ့ သဘောပါ။ ဒီတရားသဘောကို သိသာအောင် ပြောပြရမည်ဆိုလျှင် “ရှေးရှေးဘ၀ ကုသိုလ်ကောင်းမှုကြောင့် ယခုဘ၀မှာ ပညာ၊ ဥစ္စာစည်းစိမ်၊ ဂုဏ်ကျက်သရေ တိုးတက် နေသူများကို မြင်ရ, ကြားရသည်ရှိသော် ၀မ်းမမြောက်နိုင်ဘဲ မျက်နှာမဲ့ ပါးစပ်ရွဲ့ကာ နှုတ်ခမ်းစူလျှက် စောင်းမြောင်း ပြောဆိုမှုများ, “ကိုယ့်ထက်သာ မနာလို”

ဆိုသည့်အတိုင်း ကိုယ့်ထက်သာသူ၏ ဂုဏ်သတင်းကို မကြားလို နားမထောင်လိုမှု, နောက်တခါ လူ့ပတ်ဝန်းကျင်မှာ ပြောလေ့ရှိကြတဲ့ “ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့, သည်လိုယုန်တော့ ချုံတိုင်း ရှိရဲ့”ဟု ပြောကာ သူတစ်ပါးအလှဂုဏ်စသည် အပေါ်မှာ ငြူစူမှုများ ဖြစ်ကာ ကဲ့ရဲ့ရှုတ်ချမူများသည် ဒီဣဿာတရား၏ သဘောအဓိပ္ပါယ်များပင် ဖြစ်ပါတယ်။
လူ့ပတ်ဝန်းကျင်မှာ... ချစ်ခြင်း+မုန်းချင်းအားကြီးတယ် ဆိုတာကလည်း အခြေခံတာက ဒီ“ဣဿာ”တရားပဲ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူ အပေါ်မှာ သူတစ်ပါးနှင့် မဆက်စပ်စေချင်တာ... မိမိတစ်ဦးတည်းပဲ အပိုင်းစိုးမိုးထားချင်တာ... Control-လုပ်ထားချင်တာ၊ မိမိခင်မင်၊ ချစ်တဲ့သူကို သူတစ်ပါးနဲ့ စကားတောင် မပြောစေချင်တဲ့ သဘောများသည်လည်း ဒီ“ဣဿာ”ရဲ့ သဘောတွေပါပဲ။ အိမ်ထောင်ရှင်တွေဆို “ဣဿာ=ငြူစူးခြင်း”၏ သဘောက ပိုပေါ်လွင်မယ် ထင်ပါတယ်။ လူတွေမှ “ဣဿာတရား” ရှိတာ မဟုတ်ပါဘူး။ အနာဂါမ်အဆင့်အထိ မဖြစ်သေးတဲ့ ရဟန်း၊ ရှင်၊ လူတို့သန္တာန်မှာ ငြူစူမှုသဘော ဖြစ်ပါတယ်။
ချစ်ကြ+မုန်းကြတယ်ဆိုတာကလည်း မြစ်ဖျားခံတာက ဒီ“ဣဿာ”တရားပါပဲ။ ကိုယ်ထိန်းချုပ်ချင်သလို မရတော့... ပြောစကားနားမထောင်ဘူးဆိုပြီး.. သူတစ်ပါးအပေါ် ငြူစူခြင်းဟူသော လွမ်းမိုးမှု မရှိတော့ အမုန်းစကားက စတင်ဖြစ်ပွားတော့တာပါပဲ။

ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောထားတဲ့ တရားထဲမှာ မှတ်သားဖွယ် တရားတစ်ပုဒ်ရှိပါတယ် “ချစ်ခြင်း မုန်းခြင်း ဘယ်ကစ? “ဣဿာ+မစ္ဆရိယ=ငြူစူ+၀န်တိုမှုက”စတယ်ဆိုပြီး။ မိမိတို့ မုန်းကြ+ချစ်ကြ ဘူးတဲ့ သူတိုင်းပါပဲ။ မိဘ၊ ဆရာတပည့်စသည်အားဖြင့်... ချစ်ကြတဲ့အခါ... မုန်းကြတဲ့အခါ ဆင်ချင်ကြည့်လိုက်ပါ... ဗုဒ္ဓအဘိဓမ္မာသဘောအရ စာသိသည် တကယ်လက်တွေ့ ဟုတ်/ မဟုတ် သိနိုင်ပါလိမ့်မယ်။
မိမိတို့တစ်တွေ အမှန်တကယ် ဆင်ချင်ကြည့်ရမည့် ကိုယ့်ကိုယ်ကို မဆင်ချင်၊ မကြည့်ဘဲ သူတစ်ပါး စည်းစိမ်၊ ဂုဏ်စသည်အပေါ်မှာ ကြည့်ပြီး အကုသိုလ်ဖြစ်စေတဲ့ တရားတစ်ပါး ပါပဲ။
ဒီလောက်ဆို “ဣဿာ=သူတစ်ပါးပစ္စည်းစသည်အပေါ် ငြူစူခြင်း” သဘောအဓိပ္ပါယ် နားလည်မယ်လို့ ထင်ပါတယ်။ မနက်ဖန်မှာ မိမိစည်းစိမ်းအပေါ်မှာ ၀န်တိုမှုသဘော “မစ္ဆရိယ”ကို စသည်ကို ဆက်လက်ပြောပြပေးပါမည်။
ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်ပါအုန်းမယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP