တစ်ကယ် လိုချင်တာဘာလဲ ( ဦးဇောတိက)
မနက်ပိုင်း အေးချမ်းနေတုန်း၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိတုန်း အခုတလော ခဏ ခဏ စဉ်းစားမိနေတဲ့ အကြောင်းအရာလေး တစ်ခုကို ပြောမယ်။
အခုတလောစဉ်းစားတာ မဟုတ်ပါဘူး၊ ဒီအကြောင်းအရာကို စဉ်းစားထားတာ တော်တော်ကြာပြီ။ နှစ်ပေါင်းတော်တော်ကြာပြီ။ ငယ်ငယ်ကတည်းက စဉ်းစားတာပဲ။ ငယ်ငယ်ကတည်းက စဉ်းစားထားခဲ့လို့လည်း တဖြည်းဖြည်းနဲ့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ ပိုသဘောပေါက်ခဲ့လို့ ဘ၀ရဲ့ ဦးတည်ချက်တွေ သဘောထားတွေ မှန်ခဲ့တာ။ အသက်ကြီးလာလေ ပိုပြီးနက်နက်နဲနဲ သဘောပေါက်လာလေဖြစ်လာတယ်။ ပိုပြီးသဘောပေါက်လာတာ ဆိုတော့ အကုန်လုံး သဘောပေါက် သွားပြီလို့ ပြောလို့မရဘူး။
ဒီလို အကြောင်းအရာတွေကို ငယ်ငယ်ကတည်းက သဘောပေါက်နိုင်ရင် ကိုယ်ဘ၀ဟာ ပိုပြီးတော့ လေးနက်မယ်၊ တန်ဖိုးရှိမယ်။ ဦးတည်ချက်မှန်မယ်။ အင်မတန် အဖိုးတန်တဲ့ဘ၀၊ အင်မတန် အဖိုးတန်တဲ့ အချိန်တွေ၊ အင်မတန် အဖိုးတန်တဲ့ ကိုယ်ရဲ့ စိတ်ဓါတ်အင်အားတွေ၊ ခန္ဓာကိုယ် အင်အားတွေဟာ ဘာမှ အရေးမကြီးတဲ့ ကိစ္စတွေဘက်ကို ရောက်ပြီးတော့ အကျိုးမရှိဘဲ ကုန်သွားတာမျိုးမဖြစ်တော့ဘူး။
မြင့်မြတ်တဲ့ဘက်ကို ဦးတည်ပြီးသွားနေရတာဟာ ပျော်စရာ အကောင်းဆုံး၊ ကျေနပ်စရာအကောင်းဆုံးပါ။ ဒီပျော်နည်း၊ ဒီကျေနပ်နည်းကို သေသေချာချာခံစားလို့ ရသွားရင် တခြားပျော်နည်း၊ ကျေနပ်နည်းတွေဟာ တော်တော်လေး အပေါ်ယံ ဆန်တယ်ပါလားဆိုတာ သိရတယ်။
တစ်ကယ်လိုချင်တာဘာလဲ ??

ပြောမယ့် အကြောင်းအရာက အချက်အလက်တွေ တော်တော်များတယ်။ တစ်ခုနဲ့ တစ်ခုဆက်ဆက်မှုတွေလည်းများတယ်။ ဘယ်ကစပြောရင်ကောင်းမလဲဆိုတော့ လူတွေ တကယ်လိုချင်တာဘာလဲ ဆိုတာက စပြောမယ်။
တစ်ကယ်လိုချင်တာဘာလဲ ..
စိတ်ချမ်းသာမှု
ဟုတ်ပြီ၊ စိတ်ချမ်းသာမှုကို လိုချင်တယ်။ ဘာပဲလုပ်လုပ် စိတ်ချမ်းသာမှု ရမယ်ထင်လို့လုပ်တာ။ ဥပမာ- ပိုက်ဆံရှာတယ်။ ဘာလို့ပိုက်ဆံရှာသလဲဆိုတော့ ပိုက်ဆံရှိရင် စိတ်ချမ်းသာမယ်ထင်လို့ ပဲ။ T.V တွေ video တွေ ကြည့်တယ်။ ဘာလို့ကြည့်သလဲဆိုတော့ အဲဒီလို ကြည့်နေရင်စိတ်ချမ်းသာတယ် ထင်လို့ပဲ။ စိတ်ချမ်းသာမယ်ထင်လို့ တခြားလည်း အမျိုးမျိုးလုပ်တယ်။ တချို့စိတ်ဆင်းရဲမှုတွေကို ဖုံးချင်လို့၊ မေ့ထားချင်လို့လုပ်တယ်။
လူတွေ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေကို အခြေခံ ကျကျကြည့်ရင် သူတို့လိုချင်တဲ့ စိတ်အခြေအနေလေး ဖြစ်အောင် ဖန်တီးယူနေတယ်ဆိုတာ တွေ့ရတယ်။ mood တစ်ခုကို ဖန်းတီးယူနေတယ်။ mental state တစ်ခုကို ဖန်တီးယူနေတယ်။ အမှန်တော့ ကိုယ်တကယ် ပြန်ခံစားနေရတာ ကိုယ့်ရဲ့ စိတ်အခြေအနေ၊ ကိုယ့်ရဲ့ mood ဖြစ်တယ်။
ကြည်လင်အေးချမ်းတဲ့ စိတ်ကို လိုချင်လို့၊ ကြည်လင်အေးချမ်းတဲ့စိတ်ကို ခံစားချင်လို့ ကြည်လင် အေးချမ်းအောင်လုပ်တယ်။ ပျော်ရွှင်မြူးတူးတဲ့စိတ်ကို လိုချင်လို့ ပျော်ရွှင်မြူးတူးစေမယ့် အကြောင်းတွေကိုလုပ်တယ်။ နောက်ဆုံးလိုချင်တာဘာလဲ လို့ဆိုတော့ စိတ်အခြေအနေလေးပဲ။ တကယ်တော့ကိုယ့်စိတ်ကို ကိုယ်ခံစားတာပါ။ ကိုယ်စိတ်ကို ကိုယ်အရသာခံတာပါ။ we enjoy our consciousness လို့ပြောရမယ်။
တကယ်လေးနက်တဲ့ စိတ်ချမ်းသာမှုကို လိုချင်ရင် ကိုယ့်ကိုယ်ကို လေးစားတဲ့သူဖြစ်အောင်နေဖို့လိုတယ်။ ကိုယ်ကို လေးစားတဲ့စိတ်ဟာ ချမ်းသာတဲ့စိတ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကို မလေးစားနိုင်တဲ့ သူဟာ စိတ်ချမ်းသာနိုင်မလား။
စစ်မှန်တဲ့ စိတ်ချမ်းသာမှုမျိုးကို ဘယ်လိုမှ မရနိုင်ဘူးနော်။ self-respect ဟာ တော်တော်ကျေနပ်မှု ရတယ်။
ကိုယ့် ကိုယ်ကို ဘာကြောင့် မလေးစားနိုင်တာလဲ။
မလုပ်သင့်တာတွေလုပ်မိလို့။
မလုပ်သင့်တာတွေကို လုပ်မိတဲ့အခါမှာ “ ငါမှားသွားလေခြင်း” ဆိုတဲ့ နောင်တဖြစ်တယ်။ လူတွေမှာ အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အသိဉာဏ် ရှိပါတယ်။ ကလေးတွေတောင် တော်တော်သိတယ်။ ဒါကြောင့် မလုပ်သင့်တာ လုပ်မိတဲ့အခါမှာ ရှက်တယ်။ guilt ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အထင်သေးသွားတယ်။ ကိုယ်ကိုလည်း သူများအထင်သေးတော့မှာဘဲလို့ တွေးပြီးရှက်တယ်။ ကြောက်တယ်။ အဲဒါ တော်တော်ခံရခက်တယ်။ အဲဒါစိတ်ဆင်းရဲမှုပဲ၊ ဒုက္ခပဲ။ ရှက်နေရတာ၊ ကြောက်နေရတာ၊ ကိုယ့်ကိုယ်ကို မလေးစားတော့တာဟာ တော်တော်ကြီးတဲ့ စိတ်ဒုက္ခ ဖြစ်တယ်။
ဒါကြောင့် အမှားနည်းအောင် နေဖို့လိုတယ်။ ရှက်နေရတာ၊ ကြောက်နေရတာ နည်းအောင် ကိုယ် လုပ်တာ၊ ကိုင်တာ၊ ပြောတာ၊ ဆိုတာတွေမှာ အမှားနည်းအောင် သတိနဲ့နေတဲ့ အလေ့ အကျင့်ကို လေ့ကျင့်ပြီး အမြဲ သတိကပ်ထားသင့်တယ်။
မတော်တဆ နည်းနည်းပါးပါးမှားတာတော့ လူတိုင်းမကင်းပါဘူး။ တမင်တကာ စေတနာဆိုးနဲ့ လုပ်တာမျိုး မဖြစ်ဖို့ကိုပဲ အထူးသတိထားပြီး ထိမ်းသိမ်းဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို လေးစားမှုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးမယ့် ကိစ္စမျိုးဟာ ကြောက်စရာ အကောင်းဆုံးဖြစ်တယ်။
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၏
လေးစားပါတယ်၊ဘ၀တန်ဖိုး ၊အထီးကျန်ဘ၀မှ လွတ်မြောက်ခြင်း စာအုပ်မှ
(ပေးပို့လာတဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။)
မေတ္တာဖြင့်.
ဝါ၀ါခိုင်မင်း

0 comments:
Post a Comment