* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 29, 2010

ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၅)

ရေးသားသူ ထူးပ ကြာသာပတေးနေ့၊ ဇန်နဝါရီလ ၂၈၊ ၂၀၁၀

ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၅)

အကျင့်မှားကိုစွန်ပြီ


ဤနည်းအတိုင်း ဒုက္ကရစရိယာ အကျင့်မှားကို ခြောက်နှစ် ပတ်လုံး သာမန်လူတို့ စိတ်ကူးမျှ မထည့်ဝံ့သော ဝီရိယစွမ်းအားဖြင့် ပြင်းပြင်းထန်ထန် ကျင့်သော်လည်း ဘုရားဖြစ်ရန် ဉာဏ်အရိပ်အရောင်ကိုသော်မှလည်း မတွေ့ရဘဲ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ဖြစ်၍ အကျင့်မှားဖြစ်ကြောင်းဆုံးဖြတ်ပြီးလျှင် ဆွမ်းခံထွက်ကာ အစာအာဟာရကို မျှတရုံမျှ ပြန်၍ ဘုဉ်းပေးတော်မူ၏။


အလုပ်အကျွေးပြု ရသေ့ငါးပါးတို့သည် ဘုရားလောင်း အစာအာဟာရကို ပြန်လည်မှီဝဲသောအခါ သိဒ္ဓတ္ထ ဝီရိယကို လျော့လိုက်၍ ဘုရားဖြစ်တော့မည်မဟုတ်ဟု ယူဆလျက် ဘုရားလောင်းထံမှ ထွက်ခွာသွားကြပြီးလျှင် ၁၈ ယူဇနာ ဝေးသော ဣသိပတန ဟုခေါ်သည့် ဘေးမဲ့တော (မိဂဒါဝုန်) သို့သွား၍ နေကြ၏။

ဘူမိနက်သန်သို့


ဘုရားလောင်းသည် ဒုက္ကရစရိယာ အကျင့်မှားများကို စွန့်ပြီးနောက် ပို၍သင့်လျော်သည့် နေရာကို ရှာရင်း နေရဉ္စမြစ်၏ အရှေ့ဘက်ကမ်းအတိုင်း တောင်ဘက်သို့ ခရီးဆက်ခဲ့၏။ သေန ရွာကြီးအနီးရောက်သောအခါ ရွာထိပ်ရှိညောင်ပင်ရိပ်၌ ခေတ္တနားနေစဉ် သူဋ္ဌေးသမီး သုဇာတာ လာ၍ကပ်သော ရွှေခွက်နှင်ဃနာနို့ဆွမ်းကို ခံယူ၍ ၄၉ လုပ် ဘုဉ်းပေးပြီးလျှင် ဘုရားဖြစ်မည် မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ဆန်စေသတည်းဟု အဓိဋ္ဌာန်၍ ရွှေခွက်ကို နေရဉ္စရာမြစ် ထဲ၌ မျှောလိုက်၏။ ရွှေခွက်သည် ရေညာသို့ အတောင်ရှစ်ဆယ်ခန့် ဆန်တက်သွား၏။


ဘုရားလောင်းသည် မြစ်ကမ်းပေါ်သို့ တက်ပြီးလျှင် တောလုံးဝေအောင် ပွင့်နေသော အင်ကြင်းတောသို့ ဝင်ကာ နေ့သန်စင်လျက် နေလေ၏။ ညနေချမ်းရောက်သောအခါ နေရဉ္စမြစ်ကို ဖြတ်၍ အနောက်ဘက်ကမ်းသို့ကူးပြီးလျှင် ဂယာသီသနှင့် မလှမ်းမကမ်းရှိ တောအုပ်အဝင်တွင် မြက်ရိတ်ပုဏ္ဏား သေတ္ထိယက မြက်ရှစ်ဆုပ် လှူသည်ကို ခံယူပြီးလျှင် အရိပ်ကောင်းသော ညောင်ဗုဒ္ဓဟေပင် အောက်၌ ပင်စည်၏ အရှေ့ဘက်တွင် ဖြန့်ခင်းလိုက်ရာ သက်တောင့်သက်သာ ထိုင်စရာ ပလ္လင်ကို ရလေ၏၊


ဘုရားလောင်းသည် ညနေစောင်းတွင် ညောင်ဗုဒ္ဓဟေပင်၏ အောက်၌ခင်းထားအပ်သော ပလ္လင်ထက်ဝယ် ပင်စည်ကို ကျောပေးလျက် အရှေ့ဘက်သို့မျက်နှာမူ၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူပြီးလျှင် “ဘုရားမဖြစ်သမျှ ဤနေရာမှ မထ” ဟု အဓိဋ္ဌာန်တော်မူ၏။ ထို့နောက် သူဖွားပြီး၍ မကြာမီပင် သူ့ခမည်းတော် လယ်ထွန်မင်္ဂလာပွဲ ကျင်းပနေစဉ်က သပြေရိပ်တွင် သူဝင်စားခဲ့သော အာနာပါနဈာန်ကို သတိရ၍ ထိုဈာန်ကိုပင် အခြေခံလျက် ကျင့်ကြံအားထုတ်လေ၏။ ဂီရိမေခလာ အမည်ရှိသော ဆင်ကိုစီး၍ လာရောက်နှောင့်ယှက်သော မာရ်နတ် ၏ ရန်ကို နေမဝင်မီ အောင်တော်မူ၏။


ညဥ့်ဦးယံတွင် ရှေးရှေးဘဝ၌ ဖြစ်ခဲ့ဖူးသည်များကို ပြန်၍သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
သန်းကောင်ယံ၌ နတ်မျက်စိကဲ့သို့မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်
မိုးသောက်ယံ၌ ကိလေသာ အာသဝေါတရားတို့ကို အကြွင်းမဲ့ ကုန်ခန်းစေသော အာသဝက္ခယဉာဏ် နှင့် သဗ္ဗညုတဉာဏ်ကို ရတော်မူပြီးလျှင် သက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူလေ၏။ သက်တော်ကား ၃၅ နှစ်မျှသာ ရှိသေး၏။


ဗုဒ္ဓ မြတ်စွာဘုရား သည် အလယ်အလတ် အကျင့်မှန် ကိုကျင့်၍ အမှန်တရားလေးပါးကို ကိုယ်တိုင်ဉာဏ်ဖြင့် သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ဗုဒ္ဓ မြတ်စွာဘုရား ထိုးထွင်းသိမြင်တော်မူသော အမှန်တရားလေးပါးမှာ...


၁။ ဒုက္ခသစ္စာ ဆိုသည့် ဆင်းရဲအမှန်တရား
၂။ သမုဒယ သစ္စာ ဆိုသည့် ဆင်းရဲဖြစ်ကြောင်း အမှန်တရား
၃။ နိရောဓ သစ္စာ ဆိုသည့် ဆင်းရဲချုပ်ငြိမ်းခြင်း အမှန်တရား
၎။ မဂ္ဂ သစ္စာ ဆိုသည့် ဆင်းရဲချုပ်ငြိမ်းကြောင်း အကျင့်လမ်း အမှန်တရား တို့ဖြစ်သည်။

ဘုရားဂုဏ်တော် ၉ ပါး မှာ


ဣတိပိ သော ဘဂဝါ
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ဝိဇ္ဇာစရဏသမ္ပန္နော
၎။ သုဂတော
၅။ လောကဝိဒူ
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
၇။ သတ္ထာဒေဝမနုဿနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂဝါ

အနက်အဓိပ္ပါယ်မှာ-
၁။ အရဟ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။


၂။ သမ္မာသမ္ဗုဒ္ဓေါ = သိစရာမှန်သမျှ တစမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား။


၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။


၎။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူသော မြတ်စွာဘုရား (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသော စကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသော စကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။


၅။ လောကဝိဒ = သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကတည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။


၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။


၇။ သတ္ထာဒေဝမနုဿနံ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ အစစ်ဖြစ်တော်မူသော မြတ်စွာဘုရား။


၈။ ဗုဒ္ဓေါ = သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား (ဝါ) သစ္စာလေးအင် ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား။


၉။ ဘဂဝါ - ဣဿရိယ စသည့် ဘုန်းခြောက်လီနှင့် စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား။
(က) ကိုယ်တော်မြတ်၏စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော်၊
(ခ) မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတည်းဟူသော ဓမ္မ ဘုန်းတော်၊
(ဂ) ဟုတ်တိုင်းမှန်စွာ သုံးဖြာသော လောကတွင် ပျံနှံ့ကျော်စောရခြင်း တည်းဟူသော ယသ ဘုန်းတော်၊
(ဃ) အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပာယ်တော်မူလှခြင်းတည်း ဟူသော သိရီ ဘုန်းတော်၊
(င) အလိုရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်းတည်းဟူသော ကာမ ဘုန်းတော်၊
(စ) အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင်ကြီးမားသော ဝီရိယတော်တည်းဟူသော ပယတ္တ ဘုန်းတော်၊


မဟာပုရိသ လက္ခဏာကျမ်း


ဂေါတမ မြတ်စွာဘုရားသည် ရုပ်ရည် ရူပကာယအားဖြင့်လည်း လွန်စွာထူးခြားလှပေသည်။ ဘုရားမပွင့်မီ အနှစ်တစ်ထောင်က ကြိုတင်၍ဘုရားဖြစ်သည့် ဘုရားအလောင်း ယောက်ျားမြတ်၏ ထူးခြားသော ရုပ်လက္ခဏာများကို သုဒ္ဓါဝါသ ဗြဟ္မာကြီးများက ပုဏ္ဏားတို့၏ ဗေဒင်ကျမ်း၌ မဟာပုရိသ လက္ခဏာကျမ်း ဟူ၍ စီစဉ်ထည့်သွင်းခဲ့၏။ ပုဏ္ဏားတို့သည်ဘုရားတစ်ဆူ ပွင့်ပြန်ပြီဟု ကြားရတိုင်း ထိုလက္ခဏာကျမ်းနှင့် တိုက်ဆိုင်စစ်ဆေးကြသည်။ မဟာပုရိသ လက္ခဏာ ၂-ချက် ၃-ချက်မျှသာ ကိုက်ညီသူများကိုသာ တွေ့ရ၍ လက္ခဏာ ၃၂-ပါးလုံးနှင့် ကိုက်ညီသူကို မတွေ့ရချေ။ ဂေါတမမြတ်စွာဘုရားနှင့် တွေ့သောအခါမှသာလျှင် အဆိုပါ မဟာပုရိသ လက္ခဏာကျမ်းလာ ၃၂-ပါးသော ယောက်ျားမြတ် လက္ခဏာ တို့နှင့် တစ်သဝေမတိမ်း ကိုက်ညီနေသည်ကို တွေ့ရလေသည်။

ထို ၃၂-ပါးသော ထိုယောက်ျားမြတ် လက္ခဏာတို့ ဟူသည်ကား .....
၁။ ဤလောက၌ ယောက်ျားမြတ်သည် အညီအညွတ် ကောင်းစွာထိသော ခြေဖ၀ါးရှိ၏။
၂။ ထိုယောက်ျားမြတ်၏ အောက်ခြေဖ၀ါးပြင်တို့၌ အကန့်တစ်ထောင်ရှိကုန်သော အကွပ် ပုံတောင်းတို့နှင့်တကွ အခြင်းအရာ အလုံးစုံနှင့် ပြည့်စုံကုန်သော စက်ဝန်းတို့သည် ဖြစ်ပေါ်လျက် ရှိကုန်၏။
၃။ ရှည်သော ဖနောင့် ရှိ၏။
၎။ ရှည်သွယ်သော ခြေချောင်း၊ လက်ချောင်းရှိ၏။
၅။ နူးညံ့နုနယ်သော လက်ဖ၀ါး၊ ခြေဖ၀ါး ရှိ၏။
၆။ ကွန်ယက်ပမာ ညီညာသော ခြေချောင်း၊ လက်ချောင်းရှိ၏။
၇။ ဖမျက်မြင့်သော ခြေရှိ၏
၈။ ဧဏီသားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့သော သလုံးမြင်းခေါင်းရှိ၏။
၉။ မကိုင်းမညွတ်ဘဲ ရပ်လျက်လျှင် နှစ်ဖက်သော လက်ဖ၀ါးပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်နိုင်၏။
၁၀။ အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ် - (ယောက်ျားအင်္ဂါ) ရှိ၏။
၁၁။ ရွှေအဆင်းရှိ၏။ ရွှေနှင့်တူသော (အသား) အရေရှိ၏။
၁၂။ ချောမွေ့သော အသားအရေရှိ၏။ အသားအရေ ချောမွေ့သောကြောင့် မြူအညစ်အကြေး မလိမ်းကျံ (မကပ်ငြိ)။
၁၃။ တစ်ပင်ချင်းပေါက်သော မွှေးညှင်းရှိ၏။ မွှေးညှင်းပေါက်တို့ဖြင့် တစ်ပင်စီသော မွှေးညှင်းတို့သာလျှင် ပေါက်ကုန်၏။
၁၄။ အထက်သို့ကော့တက်သော မွှေးညှင်းရှိ၏။ မျက်စဉ်းညိုအဆင်းရှိကုန်သော မွှေးညှင်းတို့သည် ဖက်နားတောင်းသဏ္ဌန် လက်ယာရစ်လည်၍ အထက်သို့ကော့တက်ပေါက်ကုန်၏။
၁၅။ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိ၏။
၁၆။ အရပ်ခုနစ်ပါး (အသား) ဖြိုးမောက်ခြင်းမရှိ။
၁၇။ ခြင်္သေကိုယ်ရှေ့ပိုင်းနှင့်တူသော ကိုယ်ရှိ၏။
၁၈။ လက်ပြင်နှစ်ဖက်အကြား၌ (တစ်ပြင်တည်းညီလျက်) ပြည့်ဖြိုးသော ကျောပြင်ရှိ၏။
၁၉။ ပညောင်ပင်ကဲ့သို့ ၀န်းသောကိုယ်ရှိ၏။ ထို (ယောက်ျားမြတ်)၏ အလံသည် ကိုယ်အရပ်မြင့်သလောက် ကျယ်ပြန့်၏။ ကိုယ်အရပ်သည်လည်း အလံကျယ်ပြန့်သလောက် မြင့်၏။
၂၀။ ညီညာစွာလုံးသော လည်းပင်းလည်တိုင်ရှိ၏။
၂၁။ အရသာကို ဆောင်သော အလွန်ကောင်းမြတ်သော အကြောရှိ၏။
၂၂။ ခြင်္သေ၏ မေးနှင့်တူသော မေးရှိ၏။
၂၃။ လေးဆယ်သော သွားရှိ၏။
၂၄။ညီညွတ်သော သွားရှိ၏။
၂၅။မကျဲသော သွားရှိ၏။
၂၆။အလွန်ဖြူစင်သော အစွယ် (လေးချောင်း) ရှိ၏။
၂၇။ကြီးမားရှည်လျားသော နူညံ့သောလျှာ ရှိ၏။
၂၈။ဗြဟ္မာအသံနှင့်တူသော အသံရှိ၏။ ကရ၀ိတ်ငှက် အသံနှင့်တူသော အသံရှိ၏။
၂၉။အလွန်ညိုသော မျက်လုံးရှိ၏။
၃၀။နွားငယ်၏ မျက်တောင်နှင့်တူသော မျက်တောင်ရှိ၏။
၃၁။ယောက်ျားမြတ်၏ မျက်မှောင်နှစ်ခုအကြား၌ နူးညံ့သော လဲဝါဂွမ်းကဲ့သို့ ဖြူစင်သော ဥဏ္ဏလုံး မွှေးရှင်သည် ပေါက်လျက်ရှိ၏။
၃၂။ဤယောက်ျားမြတ်သည် သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိ၏။ (ဒီ၊ ၃၊ လက္ခဏာသုတ်)


ဤ လက္ခဏာတော် (၃၂) ပါးတို့တွင် လူသာမန်တို့နှင့် မတူဘဲ အထူးခြားဆုံးမှာ သွားတော်နှင့် လျှာတော် လက္ခဏာ ဖြစ်ပေသည်။ လူသာမန်တို့၌ သွား ၃၂ ချောင်းသာ ရှိသော်လည်း မြတ်စွာဘုရား၌ သွားတော် ၄၀ ရှိလေသည်။


မြတ်စွာဘုရား၏ လျှာတော်သည် ကြီးမားကျယ်ပြန့် နူးညံ့တော်မူလေသည်။ လျှာ ကိုပါးအောင်ဖြန့်ထုတ်လျက် မျက်နှာတော် တစ်ခုလုံးကို ဖုံးအုပ်တော် မူနိုင်သည်။ ရှည်လျား သေးသွယ်အောင်ပြုလုပ်၍ လက်ဝဲလက်ျာ နားတွင်းများသို့လည်းကောင်း၊ နှာခေါင်းများထဲသို့ လည်းကောင်း၊ ထိုးသွင်းတော်မူနိုင်၏။


ထိုယောက်ျားမြတ် လက္ခဏာ ၃၂-ပါးနှင့် ပြည့်စုံသူမှာ အလားအလာ နှစ်မျိုးသာရှိ၏။ အကယ်၍ လူဘောင်၌နေသော်
တရားစောင့်သော၊
တရားနှင့်အညီ မင်းပြုသော၊
သမုဒြာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော၊
ရန်အပေါင်းကို အောင်မြင်သော၊
တိုင်းနိုင်ငံကို တည်ငြိမ်စေသော
ရတနာ ခုနှစ်ပါးနှင့် ပြည့်စုံသော စကြ၀တေးမင်း ဖြစ်၏။ ထို (စကြ၀တေးမင်း) အား ဤရတနာ ခုနှစ်ပါး တို့သည် ဖြစ်ကုန်၏။


ထိုရတနာ ခုနှစ်ပါးတို့သည်ကား ......
၁။ စကြရတနာ
၂။ ဆင် ရတနာ
၃။ မြင်း ရတနာ
၎။ ပတ္တမြား ရတနာ
၅။ မိန်းမမြတ် ရတနာ
၆။ သူဌေး ရတနာ
၇။ သားကြီး ရတနာ တို့ဖြစ်သည်။

ထိုစကြ၀တေးမင်းတွင် ရဲရင့်ကုန်သော သူရဲကောင်း ဇွဲလုံ့လမျိုး ရှိကုန်သော၊ တစ်ဖက်စစ်သည်တို့ကို နှိမ်နှင်းနိုင်ကုန်သော အထောင်မကသော သားတော် တို့သည် ရှိကုန်၏။ ထို စကြ၀တေးမင်းသည် သမုဒြာ အဆုံးရှိသော ဤမြေကို ညည်းဆဲခြင်း၊ သတ်ဖြတ်ခြင်း မရှိဘဲ တရားသဖြင့် အောင်မြင်၍ အုပ်စိုး၏။
အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ၀င်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီးပြီးသော မြတ်စွာဘုရား ဖြစ်၏။

နောက်ထပ်ဖတ်ရန်မှာ.....
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၆)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP