* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 10, 2010

အညာသို့ ပြန်ရောက်ရှိခြင်း (၁)


အညာဒေသခရီး

တစ်နေ့ နံနက် ဆရာတော်ကြီးက..

“ ရွာသူ-ရွာသားများက ဦးဇင်းကြွ်လာလေမလားလို့ မျှော်နေကြတယ်၊ အဆင်ပြေရင် သွားလိုက်ပါအုံးလား” လို့ မိန့်တော်မူပါ တယ်။ ဒီစကားကြားတော့ စိတ်ထဲမှာ သွားချင်တဲ့စိတ်တွေ ဖြစ်ခဲ့တယ်။ အညာဒေသကို မရောက်တာ ခုဆိုရင် ဆယ်စုနှစ် တစ်ခု ကျော်ခဲ့ပါပြီ။ဒါကြောင့် အညာဒေသတစ်ခုဖြစ်တဲ့ ရမည်းသင်းမြို့နယ် သိုက်မြှောင်ရွာကို သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သိုက်မြှောင်ရွာဟာ တစ်ချိန်က စာရေးသူ ရက်(၂၀)၀ိပဿနာတရားစခန်းကို နှစ်စဉ်ပြသခဲ့တဲ့ ရွာလေးပါ။ ရွာသူရွာသားများဟာ ရိုးသားပွင့်လင်းပြီး စိတ်ထားဖြူစင်သန့်ရှင်းကြပါတယ်။ တရားစခန်းပြီးလို့ ရွာမှ ပြန်မယ်ဆိုတော့လဲ ရွာသားအတော်များများဟာ လာရောက်ကန်တော့ကြပါတယ်။ သူတို့ဆရာနဲ့ ခွဲခွရမှာဖြစ်တဲ့အတွက်လဲ ၀မ်းနည်းကြပါတယ်။ ဒါကြောင့်လဲ ဆယ်နှစ်ကျော်ကာလ ရွာကို မသွားဖြစ်ခဲ့သော်လဲ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါ။ မနေ့တစ်နေ့ကလိုပါပဲ…… အဟောင်းတွေလဲ အသစ်အသစ် ပြန်ဖြစ်ခဲ့ရပြန်ပါတယ်။ (အညာဒေသဓါတ်ပုံများ ကြည့်ချင်ရင် ဒီနေရာမှာ ကြည့်နိုင်ပါတယ်)

ဒီလိုနဲ့ပဲ ရန်ကုန်မှ အညာဒေသသို့ မနက်ပိုင်းအမြန်ရထားနဲ့ စီးခဲ့ပါတယ်။ သက်တောင့်သက်သာရှိအောင် uper က စီးလာခဲ့ရပေမဲ့ နာမည်ကသာ uper ၊ ရိုးရိုးတန်းနဲ့ ဘာမှမခြားသလိုပါပဲ၊ အချိန်အားဖြင့်ဆယ်စုနှစ်ကျော်ခဲ့ပေမဲ့ ရထားတွဲများလဲ တဖြေးဖြေးဟောင်းနွမ်းတဲ့သဘောကို တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ သဘာဝတရားများကို မလွန်ဆံနိုင်တဲ့ အဖြစ်ကို တွေးရင်း "အညာဒေသသို့တစ်ခေါက် ပြန်ရောက်ရအုံးမှာပါလား" ဆိုတဲ့ အသိနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။ စာရေးသူရဲ့ ရှေ့တူရှုမှာလည်း တစ်လောကလုံး သူတို့လောက်ပဲရှိတယ်လို့ ထင်သလားမသိ။ စုံတွဲ နှစ်တွဲ အဖြစ်သဲလိုက်လေခြင်း။ ရထားထဲ ရဟန်းသံဃာများအရှေ့မှာ သူတို့မို့လို့ပါပဲ၊ ယိုသူမရှက် ၊မြင်သူရှက်ဆိုတာလိုပါပဲ …ရှိစေတော့။

ရထားလမ်းဘေးတစ်လျှောက် လယ်ကွင်းတွေ တရိပ်ရိပ် ကျန်ရစ်ခဲ့တယ်။ဒီလိုနဲ့ပဲ ရထားကြီးဟာ တစ်ဘူတာဝင် တစ်ဘူတာထွက်နဲ့ ဘူတာပေါင်းများစွာကို ဖြတ်ကျော်လာခဲ့တယ်။ မကြာခင်မှ ဆင်းရမဲ့ဘူတာကို ဆိုက်ရောက်တော့မှာပါ။

အတွေးတစ်ခု…..

ရထားကြီးဟာ တစ်ဘူတာဝင် တစ်ဘူတာထွက် မနားမနေ ခုတ်မောင်းနေပါတယ်။ ဒီလိုပါပဲ…သူသူငါငါ ဘ၀ရထား ကြီးဟာလဲ မနေမနား ခုတ်မောင်းလျှက်ပါ။ ဇာတိဘူတာကနေထွက်လာလိုက်တာ ကြားဘူတာဖြစ်တဲ့ အအို(ဇရာ)ဘူတာ ၊ အနာ(ဗျာဓိ) ဘူတာတို့ကို ၀င်ခဲ့ရတယ်။ နောက်ဆုံးတော့ မရဏဘူတာကို မဖြစ်မနေ ဆိုက်ရောက်ရမှာဖြစ်တယ်။

ရန်ကုန်-မန္တလေးအမြန်ရထားကြီးဟာ နေ့စဉ်နဲ့အမျှ အစုံအဆန် မရပ်မနား ခုတ်မောင်းနေကြတယ်၊ ဘယ်အချိန်မှ နားမလဲ၊ မတွေးရဲပါ။ ဘ၀ရထားကြီးဟာ သံသရာမှာ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ အပါယ်ဘုံဖြစ်လိုက်နဲ့ သံသရာမှာ မရပ်မနား သွားနေကြတယ်။ ဘယ်တော့များမှ ဆုံးနိုင်မလဲ………..အော် မဆုံးနိုင်တဲ့အတွက်လဲ သံသရာလို့ ဆိုထားတာပဲလေ….ခံစားလိုက်ရတဲ့ အအေးဒါဏ်ကြောင့် အတွေးစတို့ ခဏတာပြတ်ခဲ့ရတယ်။ ဒီလိုနဲ့….

ရထားကြီးဟာ အညာဒေသဘက်ကို တဖြေးဖြေးချင်းနင်းဝင်ရောက်လာတာနဲ့ ဆောင်းရာသီရဲ့ အအေးဒါဏ်ဟာလဲ သိသိသာသာကြီး ကဲလာတာကို ခံစားရပါတယ်။ ဒါဟာ စာရေးသူအတွက် အညာဒေသရဲ့ ကြိုဆိုတဲ့အနမ်းများလို့ တင်စားချင် ပါတော့တယ်။

ရထားစီးလာစဉ် အသက်ရှစ်ဆယ်ကျော်အဖိုးကြီးတစ်ယောက်နဲ့ စကားလက်ဆုံ ပြောဖြစ်ပါတယ်။ ယခုနေတာက မော်လမြိုင်မှာပါ၊ အညာဒေသကိစ္စတစ်ခုဖြင့် အသက်(၃၀)ကျော်အရွယ်မြေးမလေးနဲ့အတူ ခရီးထွက်လာတာပါ။ တစ်ချိန်တုန်း က အဖိုးအိုဟာ ဒီရထားလမ်းမှာ အလုပ်လုပ်ခဲ့တယ်။ ဘယ်နေရာဘာရှိ အကုန်သိတယ်၊ မမျှော်လင့်တဲ့စကားတစ်ခွန်း...

"အရှင်ဘုရား....တပည့်တော် ယနေ့ခေတ်ပြောင်းလဲနေတဲ့ အနေအထားကို မြင်ချင်ပါသေးတယ်။ ဖြစ်နိုင်ရင် အရှေ့ကို အသက်နှစ်နှစ်လောက်တော့ အသက်ရှင်ချင်ပါသေးတယ်" ဆိုပြီးပြောလာပါတယ်။ လူများဟာ မျှော်လင့်ချက်နဲ့ အသက်ရှင် နေကြတယ်ဆိုတာ မှန်လိုက်တာ။ ဒီလိုပါပဲ သားသမီးမျှော်လင့်ချက်၊ ပစ္စည်းဥစ္စာမျှော်လင့်ချက်၊ အချစ်အတွက်မျှော်လင့်ချက်၊ ဘ၀အာမခံချက်အတွက် မျှော်လင့်ချက်၊ ကျန်းမာရေးအတွက် မျှော်လင့်ချက်၊ ခရီးအတွက်မျှော်လင့်ချက် စတဲ့ မျှော်လင့်ချက် ပေါင်းမြောက်များစွာနဲ့ အသက်ရှင်နေကြတာပဲလေ…….

ဒါပေမဲ့ လောကကြီးက လူသားများကို မျက်နှာသာမပေး မျှော်လင့်တဲ့အတိုင်း အသက်ရှင်ချင်ပေမဲ့ ရထားကြီးဟာ အဆုံးဘူတာကို ဆိုက်ရောက်သလို ဘ၀ရထားကြီးဟာ တစ်နေ့နေ့မှာ မရဏဘူတာကို မုချဆိုက်ရောက်ရတော့မှာပါ။

ရမည်းသင်းမှာ တစ်ညတာ

ပတ်ဝန်းကျင်ရဲ့ အဖြစ်အပျက်လေးတွေကို ဓမ္မနဲ့ထင်ဟပ်ပြီး သဘာဝအမှန်များကိုတွေးရင်း…. စာရေးသူတို့ ဆင်းရမဲ့ ရမည်းသင်းဘူတာကို ည(၇)နာရီအချိန်မှာ ဆိုက်ရောက်ခဲ့ရပါတယ်။ စာရေးသူတို့ သွားရမဲ့နေရာက ရမည်းသင်းမြို့တင်မဟုတ် ရွာတန်းရွာ- သိုက်မြှောင်ရွာကျအောင် ခရီးဆက်ရဦးမှာပါ။ ခရီးကဝေးသေးတဲ့အတွက် ဒီတစ်ည ရမည်းသင်းမှာပဲ အိပ်မယ် လို့ ဆုံးဖြတ်ချက်ချပြီး၊ သန့်ရှင်း တဲ့ တည်းခိုခန်းတစ်ခုကို သွားရောက်တည်းခိုဖို့အတွက် အတူပါလာတဲ့ တူတော်မောင်အား ခိုင်းလိုက်ပါတယ်။ တူတော်မောင်ပြန်လာပါပြီ .....

“ဘယ်လိုလဲ အဆင်ပြေခဲ့လား”။

"တည်းခိုခန်းမှာ ဘုန်းကြီးများကို တည်းခိုခွင့် မပြုဘူးတဲ့ဘုရား" မမျှော်လင့်တဲ့စကားတစ်ခွန်းကြားလိုက်ရပါတယ်။

အော်ဘုန်းကြီးများ တည်းခိုးခန်းတည်းခွင့်မပြုရအောင် ဒီတည်းခိုခန်းက ဘုန်းကြီးရဟန်းများနဲ့မဆိုင်တဲ့ ဒုစရိုက်တွေလုပ်နေ လို့များလား။ စုံစမ်းကြည့်တော့ တည်းခိုခန်းမှာ ဘုန်းကြီးဆိုရင် တည်းခိုခွင့် လုံ့ဝမရပါဘူးတဲ့။ (ဆက်ရန်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP