ဝေဒနာမှာ ငါမပါ မှန်စွာထိုးထွင်းသိ...
၁)အနေလွဲ ၂)အရလွဲ ၃)အသေမြဲ
၁- ၂ -၃ ကြောင်းကျိုးဆက်
အမှန်မသိ- အဝိဇ္ဇာ၊ တလွဲသိ- အဝိဇ္ဇာ ရဲ့ ဦးဆောင်မှုအောက်မှာ သူတောင်းကောင်းအလုပ် အားမထုတ်ဘဲ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆ နဲ့ ချမ်းသာနိုးနိုး အထင်မျိုးလေး ဝမ်းထဲပျိုး၍ နေတာဖြင့် (၁) အနေလွဲ လို့ ဆုံးဖြတ်ချက်ချ။
ဒီလို အနေလွဲနဲ့ နေလာရင်းဖြင့် ခန္ဓာ့ကိစ္စ မရဏပြ၍ တစ်ဖန်ပဋိသန္ဓေဖြစ်တော့လည်း ဒီဒုက္ခခန္ဓာ(အို၍နာ..နာ၍သေနေသည့်ခန္ဓာ)ကိုပဲ ရပြန်တော့ ဒါသည် (၂)အရလွဲ(ဘယ်သူ့မှ အိုနာသေကို မရချင်ကြလို့)။
ဉာဏ်နဲ့ခြုံကြည့်၍ ဇာတ်ပေါင်းချုပ်တော့ သံသရာဆိုတာ အသေမြဲပေါ့...သံသရာရှည်တယ်ဆိုတာ သေကြာရှည်တာပဲလို့ ဆုံးဖြတ်ချက် ထုတ်ပြန်သည်။
ဒါလေးကို ဆင်ခြင်၍ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမကို အနှစ်ထုတ်၍ မိမိအမြင်ဖြင့် ရေးသား၍ ခံယူတတ်သူ ဝေမျှယူစေ ပေးဝေငှ၏။
-----
ဟိုနေရာက အောင့် ဒီနေရာက တောင့် စသည်ဖြင့် ဟိုနေရာ ဒီနေရာလေးတွေမှာ ပေါ်ပေါ်လာတဲ့ ဓမ္မ ဆိုတာ ခန္ဓာပေါ်တာပေါ့...
ဒီပေါ်တဲ့ ဓမ္မကို ငါ မရောစေနဲ့ ...
ပေါ်တဲ့နေရာမှာ - ဟိုဟို ဒီဒီ ခံစားမှုသဘောစု ထင်ရှားတာက - ဝေဒနက္ခန္ဓာ..( ဒီခံစားမှုမှာ ငါမရောစေနဲ့...)
ငါမရောစေနဲ့ ဆိုတာကို နားလည်ဖို့ -> ငါရောတယ်ဆိုတာကို ဖော်ပြလိုပါသည်...
ငါရောတယ်ဆိုတာက ဟိုနားက နာ.. ဒီနားက နာရင်ဖြင့် .. " အမယ်လေး.. ငါမှ ဖြစ်ရလေခြင်း - ငါမခံနိုင်တော့ဘူး~~~ဘူး... "ဆိုပြီးတော့ ငြီးလုံးလေး ထုတ်တယ်...
ဒါသည် ဖောက်ပြန်မှုသဘောစု ရုပ်အပေါ်မှာ ငါ လို့... ခံစားမှုသဘောစု ဝေဒနာအပေါ်မှာ ငါလို့.... ရှုမြင်ခြင်း၊ နှလုံးသွင်းခြင်း၊ ဆင်ခြင်ခြင်းပါပဲ။
ဒီနေရာမှာ ငါမရောနဲ့ ဆိုတာက ... ပေါ်တဲ့ ဓမ္မကို ငါလို့ မရှုနဲ့၊ ငါလို့နှလုံးမသွင်းနဲ့၊ ငါလို့ မဆင်ခြင်ပါနဲ့ကွာတဲ့...
ခံစားနေရတယ်ဆိုရင် ဒါသည် ဝေဒနာသဘောစုတွေ တစ်မျိုးပြီးတစ်မျိုးအစားထိုးဖောက်ပြန်ပျက်စီးနေတာပဲ...
ဒီခံစားမှုပေါ်တဲ့နေရာမှာ - ခံစားမှုသဘောစုဖောက်ပြန်ပေါ်တာပဲလို့ သိတဲ့ အသိကလေးသာ လိုက်ပေးနေရင်... ခံစားမှုသဘောစုဖောက်ပြန်ပေါ်တာပဲလို့ နှလုံးသွင်းပေးနေရင်... ခံစားမှုသဘောစုဖောက်ပြန်ပေါ်တာပဲလို့ ဆင်ခြင်နေရင်...
ဒါသည် ...
မှန်ကန်တဲ့ အသိ၊
မှန်ကန်တဲ့ နှလုံးသွင်းမှု၊
မှန်မှန်ကန်ကန်ဆင်ခြင်မှု .... အသွားတက်တာပါပဲ..
ဒီလို မှန်ကန်တဲ့အသိဉာဏ် အသွားတက်တက်လာရင်ဖြင့် ဒီအသွားက ထက်လာမှာပါပဲ...
ဒီအသွားက ဘယ်လောက်ထိကို ထက်မြက်လာမလဲဆိုရင် -> တဏှာကြိုးကို ဖြတ်တောက်နိုင်တဲ့အထိ ထက်မြက်လာပါမယ်..
ဒါဆိုရင် သံသရာ့တိုက်ပွဲကို နိုင်ပြီ... အကြွေးကျေလို့ ထာဝရလွတ်ငြိမ်းချမ်းသာခွင့်ရသူအဖြစ် နိဗ္ဗာန်စာရင်းဝင်ခွင့်ရပြီ။
အောင်မြင်တကာ အောင်မြင်တဲ့အထဲမှာ ကိလေသာရန်ကို အောင်နိုင်ခြင်းဟာဖြင့် အနှိုင်းမဲ့ဝမ်းသာခြင်းမျိုးလို့ မျှော်မှန်း၍ခံစားရပါတယ်...
ဒီခံစားမှုလေးကို ဘယ်အချိန်မှာ အရိပ်အမြွက်အားဖြင့် သိနိုင်လဲဆိုတော့...
ဝိပဿာနာအားထုတ်တဲ့ ယောဂီအဖို့ သစ္စာအနုလောမဉာဏ်အဆင့်ရောက်ရင် ဒီ ခံစားမှုမျိုးကို (ဉာဏ်ဖြင့်မှန်းဆ၍) ခံစားသိနိုင်ပါပြီ။
အဲဒီဉာဏ်အဆင့်မှာဖြင့် ဒီသတိ...ဤအသိဖြင့် ဤမျှလောက် ငြိမ်းချမ်းနေလျင်ပ.... ဪ... ဆိုပြီး မိုးကုတ်ဆရာတော်ဘုရားကြီးကို စိတ်ညွှတ်လိုက်ရင်ပဲ .... အဖျားဆွတ်ကလေးပဲ မှီမှာပါ....ဒါကိုပဲ တအားကို အားကျစရာကောင်းလောက်အောင် ငြိမ်းအေးတာပဲ.. ဒါနဲ့ အဆင့်တိုး၍ မြတ်စွာဘုရားရှင်ကို စိတ်ညွတ်လိုက်ကြည့်တော့.. ဘုရားရှင်တို့၏ ငြိမ်းအေးမှုမှာဖြင့် ဉာဏ်နဲ့ မှန်းဆ၍ ကုန်နိုင်မည့်မဟုတ်... ပြည့်စုံနိုင်မည်မဟုတ်... ဒီလို ဉာဏ်နဲ့ မှန်းဆ မှန်းဆ မှန်းဆ၍ လွန်စွာပဲ ပီတိတွေဖြစ်လို့ ကြည်ညိုမှုတွေက ပင်လယ်မှာ လှိုင်းပွက်သလိုပါပဲ...တဖွားဖွားနဲ့....
ဒီလှိုင်းကို သတိတင်ပြီး ဉာဏ်အမြင်သွင်းပေးမှ ” လှိုင်းကငြိမ်းသက် အအေးဓာတ်ထွက်” ဟုသာ သဘောကိုက်ကို ကာရံတိုက်၍ ရေးသားဖော်ပြလိုပါသည်။
စာကို နိဂုံးချုပ်ရင်ဖြင့် အဓိကအရေးကို ပြောရလျင်... ပေါ်နေရာမှာ ငါမရောဘဲ ဝေဒနက္ခန္ဓာပဲလို့ အစကနဦး အသိလိုက်ပေး၍ ဆင်ခြင်ပေးနေမယ်ဆိုရင်... ဒီလို ဆင်ခြင်ရင်းနဲ့ပဲ...
ပေါ်ပေါ်လာတဲ့သဘောစုတွေက ချုပ်ချုပ်သွားတာကို ဉာဏ်က တိုးတိုး သိလာပါရောဗျ...
အကြောင်းကြောင့် ဖြစ်နေတဲ့အကျိုးဓမ္မတွေလို့ ဉာဏ်က တစ်ချက်တစ်ချက် ဝင်စွက်ပြီး ဆင်ခြင်မှုလေးကလည်း ပေါ်လာပါတယ်ဗျ....
အကြောင်းနဲ့ အကျိုးခွဲပေမယ့် သဟဇာတသတ္တိဖြင့် တွဲဖြစ်ကျ တွဲပျက်ကြတဲ့သဘောပဲလို့လည်း ဆင်ခြင်မှုလေးတွေက ထွက်ပေါ်လာပါတယ်ဗျ....
ပေါ်ရာ သတိတင် ဉာဏ်အမြင်လိုက်ပေးတော့ - သိစရာက ဖြစ်ပျက်သဘော.. သိနေတာက တည်ကြည်ခန့်ငြားမှုသဘောရှိသည်။
သိစရာနဲ့ သိနေတာ လေး အတိုင်အပေါက်ညီညီနဲ့ ဝမ်းတူးရိုက်မှန်ရင် အဲဒီနေ့ တရားနှလုံးသွင်းရတာ ကျေနပ်သလိုလိုတွေ ဖြစ်လာတတ်တယ်... ဒါဆိုရင် ဖြစ်ပျက်မြင်...ဖြစ်ပျက်ခင် ဖြစ်သွားပြီလို့ သတိပေးရတယ်... လမ်းအမှန်က - ဖြစ်ပျက်မြင်...ဖြစ်ပျက်မုန်း...ကိုး...
သတိလည်း ပေးလိုက်ရော ကျေနပ်လုံးလေးတွေကို အနိစ္စဉာဏ်တင်ရတာပါပဲဗျ....
ဒီလို ...ဝေဒနာနဲ့ ငါမရော.. ဝေဒနာနဲ့ တဏှာမရော... ပဋိစ္စသမုပ္ပာဒ်ပြတ်၍ လွတ်ငြိမ်းချမ်းသာလမ်းသို့ ဉာဏ်ကဦးတည့် ဦးတည်ရင်းဖြင့် ဝီရိယအလျောက် ဉာဏ်ကခရီးရောက်ရသည်ပါပဲ...
အားလုံးသော ဓမ္မမိတ်ဆွေများကို သတိပေးခွင့်ကြုံခိုက်ကလေး သတိပေးခွင့်ရ၍ ဝမ်းသာရပါသည်။
အားလုံးသော ဓမ္မမိတ်ဆွေများ အားထုတ်ခွင့်ကြုံလျင် ပိုမို၍ ဝမ်းမြောက်ရပါမည်။
အားလုံးသော ဓမ္မမိတ်ဆွေများ အားထုတ်ခွင့်ကြုံ၍ ငြိမ်းအေးကြလျင်ဖြင့် ကျွန်တော့်မှာလေ.... ပြောစရာစကား မကြွယ်တော့ပါဘူး...
လေးစားစွာဖြင့်
ဝင်းမြင့်
http://thitsartayar.com

0 comments:
Post a Comment