* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 10, 2010

ကိုးန၀င်းမှ ဆွာဆတိကသို့

ဓမ္မဂင်္ဂါရေကြောင်းအသစ်
(၁)

(၈-၁-၂၀၁၀) သောကြာနေ့ညနေခင်းဟာလည်း ဦးတည်လက်စသင်တန်းချိန်တွေမပျက် မှန်မှန်ခုတ်မောင်းထွက်နိုင်ခဲ့ပါတယ်။ ဗာရာဏသီမျက်လုံးများဆက်ဖွင့်ကြတာပါ။ တော်ရုံတန်ရုံပညာရေးဆာလောင်မှုနဲ့တော့ သင်တန်းဆီရောက်လာဖို့ မလွယ်ပေဘူး။ သင်တန်းတက်ကြသူတွေကိုယ်တိုင်က ဓမ္မာစရိယ၊ မဟာဝိဇ္ဇာနဲ့ ပါရဂူကျမ်းပြုရဟန်းတော်တွေလေ။အများစုက ဆရာပါးဝပြီးသားရဟန်တော်တွေပဲ။

ပညာရေးပြည့်ဝပြီးတဲ့ ပရိယတ်၊ပဋိပတ်လုပ်ငန်းခွင်ထဲက ရဟန်းတော်တွေကို သာသနာရေးနွှေးတဲ့အနေနဲ့ မွမ်းမံသဘောမျိုး သင်တန်းလေးတွေ စီစဉ်ပေးနိုင်ကြရင် သိပ်ကောင်းမှာပဲလို့ အိပ်မက်မက်ခဲ့ဖူးပါရဲ့ ။ သူကိုယ်တိုင်လည်း ခဏ ခဏယိုင်တတ်လွန်းလို့လေ။ စာပေပို့ချလက်ဆင့်ကမ်းနိုင်တဲ့အချိန်အရွယ်မှာ ပညာရေးလောကထဲမှာပဲ သာသနာထိန်းပရိယတ်ရဟန်းတော်တစ်ပါးအဖြစ် မွေ့လျော်ရမယ်ဆိုတဲ့ အသိစိတ်တွေ တည့်တည့်မတ်မတ် မွေးထားတဲ့ကြားထဲက ငယ်ငယ်ရွယ်ရွယ်နဲ့ ဓမ္မကထိကလုပ်ချင်၊ ကိုယ်တိုင်လည်း အ၀ါးဝစွာ အားမထုတ်ရသေးပေမယ့် ရိပ်သာဖွင့်ပြီး တရားပြချင်တဲ့စိတ်တွေ ပေါက်ပေါက်လာတတ်သေးတာကိုး။

ကျော်ကြားမှု၊မာစီးဒီးနဲ့ ကျောင်းကြီးဝိဟာတွေက စာသင်ခန်းထဲက စာချဆရာတော်လေးတွေကို တစ်နေ့တစ်ခြားဆွဲဆွဲထုတ်သွားတတ်ပေရဲ့။ စာသင်တိုက်လေးတွေ ဆိုင်းဘုတ်ပျောက်ပြီး စာသင်တိုက်ကြီးတွေ ဆိုင်းဘုတ်ပြောင်းသွားတဲ့နေ့ဟာ မြန်မာနဲ့ သာသနာလွဲဖို့လက်တစ်ကမ်းပဲ ဖြစ်လိမ့်မယ်။
လယ်တီဆရာတော်ကြီး စာချခဲ့တယ်။ မဟာစည်ဆရာတော် စာချခဲ့တယ်။ မိုးကုတ်ဆရာတော် စာချခဲ့တယ်။
ပရိယတ်ကို ရေလောင်းခဲ့ပြီးကာမှ ပဋိပတ်သစ်ပင်စိုက်ခဲ့ကြတာကလား။ပဋိဝေဓအသီးတွေ စားသုံးကြ ဝေငှခဲ့ကြတာပါကလား။



(၂)

သင်တန်းတည်နေရာက ဗာရာဏသီဗဟိုချက်ဖြစ်တဲ့ မီးရထားဘူတာရုံကြီးနားက ဆေးဝင်္ကဘာမြန်မာကျောင်းပါ။
ပိဋကတ်ဆိုင်ရာခေတ်လေ့လာနည်းဆရာနဲ့ သင်တန်းသားအချို့က ဗာရာဏသီတောင်ဘက်ဖျား ၇ ကီလိုမီတာဝေးတဲ့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်ကလာရသလို ဆန်ဆခရစ်တက္ကသိုလ်က သင်တန်းသားအများစုကလည်း ၇ ကီလိုမီတာအကွာအဝေးမှာ ရှိတဲ့ ဗာရာဏသီမြောက်ဖျားက လာကြရပါတယ်။

(ဆန်ဆခရစ်တက္ကသိုလ်က သင်တန်းဖွင့်လှစ်ရာ နဲ့ နီးပေမယ့် အဆောင်ရတဲ့ရဟန်းတော်အချို့က လွဲပြီး ကျန်တဲ့ ပုဂ္ဂိုလ်သူမြတ်လေးတွေက ဈေးနှုံးမချိုသာလှပေမယ့် နားအေးပါးအေးရှိလှတဲ့ မိဂဒါဝုန်မှာ ဟိုတစ်စု ဒီတစ်စုအိမ်လေးတွေ အခန်းလေးတွေ ငှါးရမ်းနေထိုင်ကြပါတယ်။ ဗာရာဏသီဟိန္ဒူတက္ကသိုလ်ကြီးမှာ တက်နေတဲ့ ရဟန်းတော်တွေလည်း အဆောင်မရသေးသမျှ တက္ကသိုလ်နဲ့နီးစပ်ရာအိမ်လေးတွေမှာ ငှါးနေကြရတာပါပဲ)

၇ကီလိုမီတာကိုယ်စီအဝေးရှိတဲ့ ဗာရာဏသီမြောက်ဖျားနဲ့ တောင်ဖျားက ရဟန်းတော်တွေ ဗာရာဏသီဗဟိုချက်မှာ ပညာရေးပေါင်းကူးရေးအစီအစဉ်နဲ့ ဆုံစည်းကြရတာပါ။
ဘာပဲဖြစ်ဖြစ် တက်ရကျိုးနပ်အောင် ပိဋကတ်ဆရာနဲ့ ကွန်ပြူတာဆရာတို့ရဲ့ အားထုတ်မှုက ပြိုးပြိုးပြက်ပြက်ပါ။
ရဟန်းတစ်ပါးရဲ့ တန်ဖိုးနဲ့ အကျိုးကျေးဇူးများ။ ကွန်ပြူတာအမာထည်တွေ အစိတ်စိတ်အမွှာမွှာ။

ပညာရေးအတွက် အချင်းချင်းကုသိုလ်ယူကြတဲ့ အစဉ်အလာကောင်းလေးတွေလည်း စိုက်ပျိုးကြတာ ကြည်နူးစရာပါ။ ပညာရေးကော်မတီဖွဲ့စည်းခွင့်ရတာကိုက စေတနာထက်သန်တဲ့အဖွဲ့ဝင် ရဟန်းတော်ရှင်သီဝလိလေးများကြောင့်ပဲဖြစ်ပါတယ်။ ရွှေပြည်ကြီးမှာဆိုရင်တော့ ဒီလို သာသနာ့ခေါင်းဆောင်လောင်းတွေရဲ့ ပညာရေးမြှင့်တင်မှုအစီအစဉ်တွေဟာ စပွန်ဆာတွေနဲ့ ဝေေ၀ဆာဆာဖြစ်နေမှာ သေချာလှပါတယ်။

ဒီမှာလည်း သင်တန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများအတွက် ကုန်ကျသမျှ လှူမယ့်ရဟန်းတော်တွေနဲ့သင်တန်းနားချိန်မှာ သင်တန်းသားရဟန်းတော်တွေအတွက် အဖျော်အဟာရအလှူရှင်ရဟန်းတော်တွေကလည်း အမည်စာရင်းပေးကြသေးရဲ့


(၃)

သင်တန်းပြီးချိန် ၅း၀၀ နာရီမှာတော့ သူနေထိုင်ရာ မိဂဒါဝုန်က ကိုးန၀င်းဆောင်ကို အော်တိုကားလေးတစ်စီးငှါးပြီး ပြန်ခဲ့ပါတော့တယ်။အော်တိုသုံးဘီးကားလေးတစ်စီးဟာ ခရီးသည်ငါးယောက်စီးလို့ရပါတယ်။ သူနဲ့အတူ အခြားသီတင်းသုံဖော်သုံးပါးလည်း လိုက်ပါလာတယ်။ ဗာရာဏသီရဲ့ ကြပ်သိပ်နေတဲ့ညနေခင်းလမ်းမတွေထဲ တိုးတိုးဝှေ့ဝှေ့ပါပဲ။

ကိုးန၀င်းဆောင်မှာ သူခိုနေတာ တစ်လပြည့်တော့မှာပါ။ ကိုးန၀င်းဆောင်ဆိုတာက လွန်ခဲ့တဲ့ နှစ်က ရွှေပြည်ကြီးက မဟာဝိဇ္ဇာတန်းတက်ဖို့ရောက်လာတဲ့ ရဟန်းတော်ကိုးပါးစုပေါင်းငှါးနေတဲ့ အဆောင်ကို ကိုးန၀င်းလို့အမည်သညာပေးထားကြတာပါ။ ဒီနေ့ညနေတော့ သူ့အတွက် မိတ်ဆွေရဟန်းတော် အရှင်ကောဝိဒ(ရှမ်းလေး) ငှါးပေးထားတဲ့ ဆွာဆတိကအဆောင်ကို ပြောင်းဖို့ အားထုတ်ဖြစ်ပါတယ်။
ခိုမိတဲ့နေရာလေးမှာ ကျောက်ချတတ်တဲ့ သူ့အတွက်တော့ ဥပါဒါန်အင်နားရှားမဖြစ်ပေမယ့် ပြောလက်စစကားတွေ မကုန်တတ်တဲ့အကျင့်က နေရာတစ်ခုက အခြားနေရာတစ်ခုကို ပြောင်းဖို့ လေးဖင့်နေတတ်ပါတယ်။

ှဆွာဆတိက(Swastika)ဆိုတာက အိန္ဒိယအရင်းအမြစ် ဘာသာတရားမှန်သမျှက ဓမ္မနဲ့နွှယ်ပြီး ပုံဖော်လေ့ရှိတဲ့ သင်္ကေတပါ။ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာတရားတို့ဟာ ဒီသင်္ကေတကို အမြတ်တနိုး အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဂျိန်းဘာသာရဲ့သင်္ကေတအဖြစ်ပိုထင်ရှားပါတယ်။

ဆွာဆတိက(swastika)ဆိုတာ သက္ကတဘာသာစကား (svas'tika)ကို အလွယ်ရေးထားတာပါ။ အဲဒီသက္ကတစကားလုံးကို su+asti-ka=svas'tika လို့ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။
su=ကောင်းသော asti= ရှိမှု၊ ဖြစ်မှု ka = အရာ။ ပေါင်းလိုက်ရင်တော့ ကောင်းမြတ်ခြင်းရှိသော၊ဖြစ်သောအရာ(that which is associated with well-being," corresponding to "lucky charm" or "thing that is auspicious'') လို့ဘာသာပြန်ရမှာပါပဲ။ အဓိပ္ပါယ်လေးက လှပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကာလမှာတော့ မစ္စတာဟစ်တလာကြီးရဲ့ ကြောက်မက်ဖွယ်ရာနာဇီအလံတော်ဖြစ်ခဲ့ပါလေရဲ့။

ဆွာဆတိကအဆောင်ပိုင်ရှင်က ဂျိန်းဘာသာဝင်ဖြစ်ဟန်တူပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဂလိုဘယ်လ်ခေတ်ကြီးထဲက ရဟန်းတော်တွေအတွက် ကိုယ်ပိုင်မူလအရင်းအမြစ်မပျောက်အောင် ထိန်းပြီး အဆင်ပြေရာ ဟိန္ဒူအိမ်၊ဂျိန်းအိမ်မခွဲခြားဘဲ ပညာရေးအ၀န်းအ၀ိုင်းနဲ့ နီးစပ်ရာအဆောင်အခန်းတွေကို ငှါးပြီးနေကြရတာပါပဲ။

သူလည်း ဒီနေ့ည အိပ်ရာဝင်အမီ ကိုးန၀င်းကနေ ဆွာဆတိကကို ကူးပြောင်းဖြစ်ခဲ့ပါတော့တယ်။
ရဟန်းတစ်ပါးဟာ ငှက်တစ်ကောင်လို အတောင်ပံသာဝန်ရှိသကဲ့သို့ ပေါ့ပါးရမယ်ဆိုတော့ ပိုင်ဆိုင်မှုနည်းလှတဲ့ သူ့အတွက် တစ်နေရာက တစ်နေရာပြောင်းမယ်ဆိုတော့ သယ်စရာအထုပ်အပိုးများများစားစားမရှိချေဘူး။
ဒါပေမယ့် မိတ်ရင်းဆွေရင်းတွေတော့ နည်းနည်းထိတာပေါ့လေ။ ခေါင်းအုံးတွေ စောင်တွေ အခင်းတွေ နီးစပ်ရာကဆွဲယူလိုက်ရတာကိုး။

ပြီးတော့ သူ့ရဲ့အခန်းလေးက သင်တန်းခန်းမအဖြစ်လည်း အသုံးပြုနေတာမို့ ကိုးန၀င်းဆောင်က ဘုန်းကြီးသုန်(အရှင်သုန္ဒရ)က သင်တန်းတက်တဲ့ရဟန်းတော်တွေ ဗာရာဏသီအအေးဒဏ်ခံနိုင်ဖို့အတွက် ကော်ဇောတစ်ချပ်လည်း ခင်းလှူထားပါသေးတယ်။
ဟိုတုန်းကတော့ စာအုပ်စာပေတွေ တယုတယသိမ်းပြီး စာအုပ်ပုံနားမှာ စာထိုင်ဖတ်ရတဲ့ရသကို နှစ်ခြိုက်မိပေမယ့် ခုနောက်ပိုင်းမှာတော့ စာအုပ်ဝယ်ဖတ်ပြီးရင် လက်ဆင့်ကမ်းဖြစ်တာပဲများပါတော့တယ်။

သြော် ပညာရေးနယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာ ဆရာအဆူဆူဆီချဉ်းကပ်ခဲ့ရတဲ့ ရဟန်းတော်တစ်ပါးအတွက် ဒါဟာတစ်ရာ့တစ်ကြိမ်မြောက်ပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်ပေရဲ့။







ကိုးန၀င်းအိမ်




ကိုးန၀င်းမှာ နားခိုရာ


ဆွာဆတိကအိမ်

ဆွာဆတိကအမှတ်အသား

အိမ်အ၀င်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP