* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 10, 2010

ဝိဇ္ဇာစရဏသမ္ပန္နဟူသည်…

Q.ဘုန်းဘုန်းဘုရား…
သိလိုတာလေးတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဘုရား။ နောက်ထပ် တပည့်တော် သိချင်တာက မြတ်စွာဘုရားရဲ့ တတိယမြောက်ဂုဏ်တော်ဖြစ်တဲ့ ၀ိဇ္ဇာစရဏ ဂုဏ်တော်အကြောင်းပါ ဘုရား။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အကြောင်း ပြည့်ပြည့်စုံစုံသိချင်ပါတယ်။ ဖြေကြားပေးတော်မူပါဘုရား။ မအားတဲ့ကြားက အခုလိုအချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဘုရား…
(မယုယုထွန်း)

A. ၀ိဇ္ဇာစရဏသမ္ပန္နကို ပုဒ်ခွဲလိုက်ရင် ၀ိဇ္ဇာတစ်ပုဒ်၊ စရဏတစ်ပုဒ်၊ သမ္ပန္နတစ်ပုဒ်အားဖြင့် သုံးမျိုးရှိပြီး ၀ိဇ္ဇာက အသိဉာဏ်ပညာလို့ အဓိပ္ပါယ်ရပြီး၊ စရဏကတော့ အကျင့်တရားလို့ အဓိပ္ပါယ်ရပါတယ်။ သမ္ပန္နက ပြည့်စုံခြင်းပါ။ ဒါကြောင့် ၀ိဇ္ဇာစရဏသမ္ပန္နဆိုတာ အသိဉာဏ်ပညာ၊ အကျင့်တရားများနှင့် ပြည့်စုံတော်မူခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မြတ်စွာဘုရားရှင်သည် ”အသိဉာဏ်ပညာ အကျင့်တရားများနှင့် ပြည့်စုံခြင်း”ဟူသော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်နှင့် ပြည့်စုံတော်မူတယ်လို့ ဆိုလိုပါတယ်။

ဒီနေရာမှာ အသိဉာဏ်ပညာဆိုတာ ဘယ်လိုဉာဏ်ပညာမျိုး၊ စရဏဆိုတာ ဘယ်လိုအကျင့်မျိုးကိုလည်း သိထားရန်လိုအပ်ပါတယ်။ သုတ္တန်ဒေသနာတော် အချို့မှာ ၀ိဇ္ဇာသုံးပါး၊ အချို့မှာတော့ ၀ိဇ္ဇာရှစ်ပါးလို့ ပြထားပေမယ့် ၀ိဇ္ဇာရှစ်ပါးလို့ ဆိုလိုက်ပါက သုံးပါလို့ဆိုတဲ့ သုတ္တန်အဖွင့်လည်း အကျုံးဝင်သွားပြီးဖြစ်ပါတယ်။ ဒါကြောင့် ၀ိဇ္ဇာဆိုတဲ့ အသိဉာဏ်ပညာအရ ၀ိဇ္ဇာရှစ်ပါးရှိကြောင်း နားလည်နိုင်ပါတယ်။ အဲဒီဉာဏ်ရှစ်ပါးက
၁။ ပုဗ္ဗေနိဝါသနုဿတိဉာဏ် = ရှေးရှေးဘ၀ကြုံတွေ့ခဲရသည်များကို ပြန်လည်အောက်မေ့ဆင်ခြင်နိုင်သော ဉာဏ်
၂။ ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေးမှ သေးငယ်သော အဆင်းကိုပင် မြင်နိုင်သည့် ဉာဏ်
၃။ အာသ၀က္ခယဉာဏ် = ကိလေသာအာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်
၎။ ၀ိပဿနာဉာဏ် = ရုပ်နာမ်တရားအားလုံးကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာရေးသုံးပါးနှင့် ပိုင်ခြား သိမြင်နိုင်သောဉာဏ်
၅။ စေတောပရိယဉာဏ် = သူတစ်ပါး၏ စိတ်ကိုသိနိုင်သော ဉာဏ်
၆။ မနောမယိဒ္ဓိဉာဏ် = မိမိခန္ဓာကိုယ်အတွင်း၌ ပုံစံတူကိုယ်တစ်မျိုးကို စိတ်ဖြင့်ဖန်ဆင်းနိုင်သော ဉာဏ်
၇။ ဒိဗ္ဗသောတဉာဏ် = နတ်တို့၏နားကဲ့သို့ အဝေးမှ သေးငယ်သော အသံကိုပင် ကြားနိုင်သောဉာဏ်
၈။ ဣဒ္ဓိဝိဓဉာဏ် = မြေလျှိုးမိုးပျံစသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဉာဏ် တို့ပဲဖြစ်ပါတယ်။

စရဏဆိုတဲ့ အကျင့်တရားဟာလည်း အရေအတွက်အားဖြင့် ၁၅ပါး ရှိပါတယ်။ အဲဒီ ၁၅ပါးကတော့
၁။ သဒ္ဓါ = ကံကံ၏အကျိုးရှိသည်၊ ရတနာသုံးပါးရှိသည်၊ နောင်ဘ၀ရှိသည်ဟု ယုံကြည်မှု
၂။ သတိ = ကုသိုလ်ကောင်းမှုဆိုင်ရာ၌ အမှတ်ရမှု
၃။ ဟိရီ = မကောင်းမှုဒုစရိုက်မှ ရှက်မှု
၎။ သြတ္တပ္ပ = မကောင်းမှုဒုစရိုက်မှ ကြောက်လန့်မှု
၅။ ၀ီရိယ = ကုသိုလ်ကောင်းမှုကိစ္စ၌ ကြိုးစားအားထုတ်မှု
၆။ သုတ = အကြားအမြင် ဗဟုသုတများမှု
၇။ ပညာ = အရာရာ၌ တတ်သိလိမ္မာမှု
၈။ ဘောဇနေမတ္တညုတာ = စားသောက်ရာ၌ သင့်မသင့်နှိုင်းချိန်၍ အတိုင်းအရှည်ကို သိမှု
၉။ ဇာဂရိယာနုယောဂ = နိုးနိုးကြားကြားရှိမှု၊ အအိပ်အနေနည်းမှု
၁၀။ သီလ = ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမှု
၁၁။ ဣနြ္ဒိယသံဝရ = တွေ့မြင်ကြားသိသမျှ၌ လောဘဒေါသစသည်မဖြစ်ဘဲ မျက်စိနားနှာစသော ဣနြေ္ဒတို့ကို ငြိမ်သက်အောင် စောင့်စည်းမှု
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။ စတုတ္ထဈာန် အားဖြင့် ပေါင်း စရဏ ၁၅ပါး ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ဟာ ဖော်ပြပါ အသိဉာဏ် တရားများ၊ အကျင့်တရားများနှင့် အလုံးစုံပြည့်စုံတော် မူတဲ့အတွက် ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်ရှင် ဖြစ်တော်မူပါတယ်။ ဆိုလိုတာက အလုံးစုံပြည့်စုံသူဆိုတာ အသိပညာနှင့် ပြည့်စုံရုံနှင့် မလုံလောက်သေးဘဲ အကျင့်တရားပါ ပြည့်စုံဖို့လိုကြောင်း သာမန်လူများသည် ဘက်စုံမပြည့်စုံနိုင်ကြောင်း မြတ်ဗုဒ္ဓကတော့ အသိရော အကျင့်ပါပြည့်စုံတဲ့ အနှိုင်မဲ့လူသား တစ်နည်းအားဖြင့် မဟာလူသားပဲ ဖြစ်ပါတယ်။

မှတ်ချက်။ အထက်ပါ အဖြေကို မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့သည့် ရတနာ့ဂုဏ်ရည် စာအုပ်လာ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့်ကို ကိုးကား၍ ဖြေကြားပေးထားပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP