သုမေဓာထေရီ အပိုင်း-၄ နိဂုံး
သုမေဓာ မင်းသမီးသည် မိမိ၏ လင်လောင်းဖြစ်သော အနိကရတ္တမင်းကို ဤသို့ ကာမဂုဏ်၏ဘေး အပြစ်များကို ပြောဆို ပြသဆုံးမ၏။ စောစောက ဖြတ်လှီးပြီး စုပုံထားသော ဆံပင်များကိုလည်း နန်းရင်ပြင်သို့ ပစ်ချလိုက်လေသည်။ ထိုအခါ၌ အနိကရတ္တမင်းသားသည် ထိုင်၍နေရာမှ ထပြီးလျှင် သုမေဓာမင်းသမီး၏ ခမည်းတော်ကို လက်အုပ်ချီလျက် တောင်းပန်လေသည်။
“ဘုန်းတော်ကြီးမြတ်တော်မူသော အရှင်မင်းမြတ်ဘုရား၊ သမီးတော်ကို ရဟန်းပြုခြင်းငှာ ခွင့်ပြုကြပါကုန်လော့။ ခမည်းတော်မင်းမြတ်၏ သမီးတော်သည် နိဗ္ဗာန်တည်းဟူသော နိရောဓ သစ္စာ တရားတော်ကို သိမြင် ပါစေလော့”
သုမေဓာမင်းသမီး၏ ခမည်းတော် မယ်တော်တို့သည် သားမက်လောင်းဖြစ်သော အနိကရတ္တမင်းက ကူညီ၍ ခွင့်တောင်းသောအခါ သမီးတော်ကို ရဟန်းပြုရန် သဘောတူ လိုက်ကြလေတော့သည်။ ခမည်းတော် မယ်တော် တို့ထံမှ ခွင့်ပြုချက်ရလျှင် သုမေဓာ မင်းသမီးသည် မယ်တော် ခမည်းတော် တို့ကို ရိုသေစွာ ရှိခိုးကန်တော့ပေသည်။ မယ်တော် ခမည်းတော်တို့အား ရှိခိုးကန်တော့ပြီးနောက် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဘေး၊ သောက ပရိဒေဝဘေးတို့ကို ကြောက်ခြင်း ရှိသော သုမေဓာ မင်းသမီးသည် ခြောက်ပါးသော အဘိညာဉ်တို့ကို မျက်မှောက်ပြု၍ ရှင်ပြုလေ၏။
သုမေဓာ မင်းသမီးသည် ဘိက္ခုနီတို့ အထံ၌ ရှင်ပြုချိန်ဝယ် အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိနေပြီဖြစ်သည်။ ထိုနောက် ရဟန်း မိန်းမ ဘိက္ခုနီပြုလုပ်ရန် ‘သိက္ခာမာန်’ မအဖြစ်ကို နှစ်နှစ်ပတ်လုံး ပါဏာတိပါတ အစ ဝိကာလဘောဇနာ အဆုံးရှိသော ခြောက်ပါးသော သိက္ခာပုဒ်တို့ကို မကျိုးမပေါက်အောင် ကျင့်သုံးကာနေ၍ ကမ္မဌာန်း တရားကို အားထုတ်ရာ ရဟန်းမိန်းမ ဘိက္ခုနီ မဖြစ်မီ သိက္ခာမာန် အဖြစ်၌ပင်လျှင် အရဟတ္တဖိုလ်ကို ရ၍ ရဟန္တာ အဖြစ်သို့ ရောက်၏။ ရဟန္တာ အဖြစ်သို့ ရောက်ပြီးမှ အသက်စေ့၍ ဘိက္ခုနီ ပြုလေသည်။

0 comments:
Post a Comment