လှသော ဘလော့ဂ်
မိတ်ဆွေ သင် စိတ်ကူးယဉ်ဖူးပါသလား
ယဉ်ဖူးပါတယ်ဆိုရင် ထပ်မေးပါရစေဦး
သင့်စိတ်ကူးတွေကို သင့်အိပ်မက်ထဲမှာ မြင်ဖူးပါသလား
သင့်ကို သင့်ကိုယ်သင်ထက် သိနေတဲ့သူ တယောက်ယောက်
သင့်အနားမှာရှိနေမယ်ဆိုရင် သင်ကျေနပ်နိုင်ပါ့မလား
သင့်ရင်ထဲကအကြောင်းတွေ၊ သင့်စိတ်ကူးတွေ၊ သင့်ဆန္ဒတွေ
တစုံတယောက်ကို တိုင်တည်ခွင့်ရနေတယ် မဟုတ်လား
သင်ဟာ ကံထူးသူပါ မိတ်ဆွေ
သင်ဟာ ကာလသုံးပါးမှ ကင်းလွတ်ခွင့်ရသူ ဖြစ်သလို
ချစ်ခြင်း မုန်းခြင်းမှလည်း အနားရပေတယ်
အလှတရားတွေက လေပြေညှင်းလို သင့်ရင်ထဲ တိုးဝှေ့ဝင်လာတတ်ကြသလို
အသိတရားတွေကတော့ သင့်နှလုံးသားကို ခြေကုပ်ယူလို့ ဖူးပွင့်ကြတယ်
သင့်ကို အဆီးအတား အပိတ်အပင် လုပ်တတ်တဲ့ ဘောင်ကို
သတိတရားဆိုတဲ့ သော့နဲ့ ကြိမ်ဖန်များစွာ သင်ကျော်ဖြတ်နေတာကိုတော့
ဝမ်းနည်း ၀မ်းသာ ဖြစ်မိပါရဲ့
ဒါပေမဲ့လေ
တနေ့နေ့ တချိန်ချိန်မှာများ
သင်ဟာ နယ်နိမိတ်တို့နဲ့ သက်ဆိုင်မှုမရှိတော့တဲ့ အခြေကို ရောက်ခဲ့ရင်
သင် ဘယ်အရာကိုများ ဦးခိုက်လေမလဲ ဆိုတာသာ
သိချင်စမ်းပါရဲ့
မသီတာ စာ တိုစိစိ လေးတွေ ဘလော့ဂ်မှာရေးတယ်။ ဆိုလိုချင်တာကို မပေါ်လွင်တာတွေရှိတယ်။ စိတ်ထဲ ပေါ်လာတာတွေ ရေးချတာ အမှန်ပေမဲ့ ပျင်းတာရော ဖျင်းတာရောကြောင့် တခါတခါ မြှုပ်ကွက်တွေ များနေသလိုလို၊ စေတနာ ရာနှုံးပြည့်မပါသွားသလို ခံစားရတယ်။ အခုလည်း ရေးချလိုက်ပြန်တယ်။ မပြည့်စုံတဲ့ ကွက်လပ်တွေကို ဖြည့်ဖို့ ကြိုးစားရင်းက ထွက်ပေါ်လာတဲ့ ကွက်လပ်တခု လို့ ၀န်ခံရင်း ဆက်လက် ဘလော့ဂင်း ပါဦးမယ်။

0 comments:
Post a Comment