* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 14, 2009

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၁)

Written by ဦးကောဝိဒ | 13 October 2009

နေရာရှာဖွေခြင်း
တစ်နေ့ ကျောင်းသို့ အသက်ကြီးပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦး ရောက်ရှိလာတယ်။ သူ့မျက်နှာကို ကြည့်ရတာ ညိုးနွမ်းပြီး တစ်ခုခုကို ပူပန်နေပုံရပါ တယ်။ ဒါနဲ့ စာရေးသူက “နေကောင်းရဲ့လား….ဒကာမကြီး” မေးတော့ သူက “ကောင်းပါတယ်ဘုရား” ပြန်ဖြေပါတယ်။ စာရေးသူက “ဒါဖြင့် ဘာတွေများ တွေးနေတာလဲ” ဆိုတော့ သူက “တပည့်တော် စဉ်းစားနေတယ်ဘုရား” ။ “ပြောပြလို့ရရင် ပြောပြပါဦး” ဆိုသောအခါ …
သူက “အရှင်ဘုရား …တပည့်တော် အရင်ကနဲ့မတူ တကိုယ်လုံးလည်း နှုံးပြီး ချည့်နဲ့နေတယ်ဘုရား၊ တပည့်တော်မှားရင်လည်း ပြင်ပေးပါဘုရား၊ တပည့်တော် တကယ်လို့ သေမယ်ဆိုရင် အိမ်မှာပဲ သေရကောင်းမလား၊ ကျောင်းမှာပဲ သေရကောင်းမလား၊ ဘယ်နေရာမှာ သေရကောင်းမလဲဆိုတာကို စဉ်းစားနေတာဘုရား၊ တပည့်တော် သေတဲ့အခါ အသုဘစရိတ်အတွက် လူမှုရေးအသင်းအဖွဲ့တွေမှာ အတော်များ များ ပါဝင်ထားပါတယ်ဘုရား။ ဒါကြောင့် တပည့်တော် ကျောင်းမှာ သေမယ်ဆိုတာတောင်မှ အသင်းအဖွဲ့တွေရဲ့ အသုဘစရိတ်အကူအညီနဲ့ ဆိုတော့ ကျောင်းမှာလည်း တာဝန်မကြီးတော့ဘူးပေါ့ဘုရား”

ဒါက အသက် (၈၀)ကျော်အရွယ် အဖွားအိုတစ်ယောက်ရဲ့ အတွေးနယ်လွန်တယ်လို့ ယူဆရတဲ့ အတွေးတစ်ခုပါ။ ဒီအတွေးမျိုးကို အဖွားအိုအပြင် အခြားသူများလည်း တွေးကြမှာပါ။ အမှန်က ဒီအတွေးဟာ ထိရောက်တဲ့ အတွေးတစ်ခု မဟုတ်ပါ။
ရှိပါသေးတယ်၊ မသေခင် ကိုယ့်အသုဘစရိတ်အတွက် ကြောင့်ကြစိုက်ရတာမျိုး ကြားဖူးတယ်။ တွေးမိတာက လူတွေဟာ မသေခင်သာ တွေးပူနေကြတာပါ၊ တကယ်သေသွားတော့လည်း သူ့ဟာနဲ့သူ ဖြစ်သွားတာပါပဲ၊ သေပြီးလို့ ရက်ကြာရင် ပုပ်ပွလာတဲ့အတွက် ဘယ်သူမှ လမ်းပေါ်မှာ ပစ်မထားကြပါ။ သုဿာန်ရောက်အောင်တော့ ပို့ကြပါလိမ့်မယ်။ ဒါကြောင့် အသုဘစရိတ်အတွက် တွေးပူစရာမလိုပါဘူး။ အမှန်တွေးပူရမှာက ဘ၀ကူးကောင်းဖို့ပဲ ပူပန်ရမှာပါ။ မပူပန်ရအောင် မသေခင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များ ကြိုးစားပြုထားကြဖို့ပဲ လိုပါတယ်။
သေကြမှာကို လူတိုင်းသိကြပေမဲ့ ဘယ်အချိန် သေရမယ်ဆိုတာ ဘယ်ပုထုဇဉ် လူ၊ နတ်၊ဗြဟ္မာ၊ ဘယ်တန်ခိုးရှင်ကမှ မသိနိုင်ပါ။ လောကမှာ သတ္တ၀ါတွေ မသိနိုင်တာ ငါးမျိုး ရှိတယ်။ (၁)ဇီဝိတ= ဘယ်အသက်အရွယ်မှ သေမယ်ဆိုတာ မသိနိုင်ခြင်း။ (၂) ဗျာဓိ= ဘာအနာရောဂါနဲ့ သေမယ်ဆိုတာ မသိခြင်း။ (၃) ကာလ= ဘယ်အချိန် (နံနက်၊ နေ့လည်၊ ညနေ၊ ညဉ့်) သေမယ်ဆိုတာ မသိခြင်း။ (၄) ဒေဟနိက္ခေပန= အလောင်းကျရာဌာန (သုဿာန်)မသိခြင်း။ (၅) ဂတိ၊ လားရောက်ရမဲ့ ဘ၀ကို မသိခြင်း တို့ဖြစ်တယ်။ ဒီငါးမျိုးကို လူတိုင်း သိထားသင့်တယ်။ မှတ်မိလွယ်အောင် အောက်က ဆောင်ပုဒ်လေးကို မှတ်ထားလိုက်စမ်းပါ။
အသက် အနာ၊ ချိန်အခါ၊ စွန့်ရာ လားဂတ၊ိ
ရေတွက်ပိုင်းခြား၊ ဤငါးပါး၊ အများလူမသိ။
တစ်ခါက သက်တော်ရှည် စံကင်းဆရာတော်ကြီးအား ဗေဒင်ဆရာများက အသက်၊ အချိန်ဘယ်လောက်မှာ ပျံတော်မူမယ်ဆိုတာကို ဆရာတော်ရဲ့ ဇာတာကို တွက်ချက်ပြီး အတိအကျ ဟောကိန်းထုတ်တယ်။ ဒါပေမဲ့ ဆရာတော်ဟာ ဗေဒင်ဆရာ ဟောတဲ့ နှစ်အထိ ပျံတော်မမူသေးပါဘူး။ ဆိုလိုတာက ဘယ်အရွယ်မှာ သေမယ်ဆိုတာ ဘယ်သူမှ မသိကြလို့ပါပဲ။
ကိုယ်သေရမယ့်နေရာကို ကြိုတင်ရွေးချယ်နေမဲ့အစား၊ ကိုယ့်အသုဘစရိတ်ကို တွေးပူနေမဲ့အစား အရေးကြီးတာက ဘ၀ကူးကောင်းဖို့ပါ၊ ဒါအတွက် ကောင်းတဲ့ဖက်မှာ နေနိုင်အောင် စိတ်ကို များများ လေ့ကျင့်ပေးရပါ့မယ်။ ကုသိုလ်အာရုံ များများ ရအောင်ပေါ့၊ ဒါမှလည်း သေခါနီး ကုသိုလ်အာရုံက စိတ်ထဲမှာ နေရာယူနိုင် မှာပါ။
ဒါနဲ့စပ်လို့ မသေမီ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများကို ကြိုးစားပြုသွားကြဖို့ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီးက လင်္ကာလေးတွေနဲ့ သတိပေး ဆုံးမတော်မူခဲ့ပါတယ်။ လင်္ကာလေးက
“ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော၊့
ယခုပင်လျှင် အနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် အသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့” ………..တဲ့
ဆရာတော်ဘုရားကြီးက မေ့နေသူများအတွက် သတိပေးခဲ့ဟန်တူပါတယ် ၊ ကျေးဇူးကြီးမားလှပေစွ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP