ဘုရားရှင်ရဲ့ မုဒြာ
အမေး။ ။မြတ်စွာဘုရား ထိုင်တော်မူနေတဲ့ ပုံတစ်ခုမှာ လက်တော်နှစ်ဘက်ကို ရင်ဘတ်အရှေ့မှာ ကြက်ခြေခတ်ပုံ ယှက်ထားတာကို တွေ့ရ ပါတယ်။ လက်ညိုးနှစ်ချောင်းနှင့် လက်သန်းနှစ်ချောင်းက အပေါ်ကို ဦးတည်ထားပြီး အလယ်နှစ်ချောင်းစီက ထိလျက် အောက်ကို ဦးတည်ထားတာ တွေ့ရပါတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတာ သိပါရစေဘုရား
မောင်တိုးနန္ဒ
ဆစ်ဒနီမြို့
အဖြေ။ ။မောင်တိုးနန္ဒ မေးတဲ့ ဘုရားရှင်ရဲ့ မုဒြာပုံဟာ “ဘူတဒါမရမုဒြာ” လို့ခေါ်ပါတယ်။
လက်နှစ်ဘက်ကို ရင်ဘတ် ရှေ့တည့်တည့်လောက်မှာ ယှက်ထားပြီး လက်ဝါးများကို ပြင်ဘက်သို့ လှန်ပြထားတဲ့ လက်ဟန်မျိုး ဖြစ်ပါတယ်။ လက်ထဲတွင် တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်း မရှိပါ။ တခါတရံ တခုခုကို ကိုင်ထားသော်လည်း အံ့သြထူးဆန်းတဲ့ အနက်သဘောကို ဆောင်နေပါတယ်။ ဒီမုဒြာကို ဆင်တူပြုထားတဲ့ အခြား တြိလောက ၀ိဇယမုဒြာလည်း ရှိပါသေးတယ်။
ဘူတဒါမရ မုဒြာဟာ အဗ္ဘုတရသ = အံ့သြဖွယ်ရသကိုဆောင်ပါတယ်။ ၀ီရရသ= ရဲရင့်ခြင်း၊ လုံ့လကြီးခြင်း၊ မြင့်မြတ်ခြင်းသဘောကို လည်း ဆောင်ပါတယ်။ ပညာပါရမီဆိုတဲ့ မြင့်မြတ်တဲ့အသိပညာ၊ ၀ီရိယပါရမီ ဆိုတဲ့ မြင့်မြတ်တဲ့ ကြိုးစားအားထုတ်မှု များကို ညွန်ပြထားတယ်ဆို တာ ဖြေကြားပေးလိုက်ပါတယ်။
(မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ မုဒြာများ၊ စပ်ထွန်းမှတ်ဝင်း)

0 comments:
Post a Comment