* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 30, 2009

ကောတ(Kota) ရာဇမဟာဝိဟာရသို့ လေ့လာရေးခရီး










ကိုလံဘိုကနေ ရှစ်ကီလိုမီတာလောက် ဝေးတဲ့ ရွာလေးတရွာကို ညပိုင်း ၇ နာရီခွဲ လောက်မှာ သူငယ်ချင်းများနဲ့အတူ လေ့လာရေးခရီး သွားဖြစ်တယ်၊ ချစ်စရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေကို အမြတ်တနိုး ထိန်းသိမ်းလေ့ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေရဲ့ ဓာတ်တော် စွယ်တော်လှည့်ပွဲကို သွားရောက် ဖူးမြော်ကြတာပါ၊ သူတို့ကြွေးကြော်သံက Buddhism From Generation to Generation ပါ၊

မျိုးဆက်သစ်တွေကို မွန်မြတ်တဲ့ ဘာသာရေး အမွေပေးဖို့ အဓိကရည်ရွယ်ပြီး ယဉ်ကျေးမှုတွေ ထိန်းသိမ်းနေတာကို လေ့လာသိရှိရတယ်. စိတ်ထဲမှာ မြန်မာနိုင်ငံမှာလည်း ဘာသာရေးဖက်မှာ ဒီလို စနစ်တကျလေး ထိန်းသိမ်းနိုင်ရင် ကောင်းမှာပဲလို့ တွေးနေမိတယ်၊

တကယ်တော့ မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်က ကန္ဒီမြို့မှာ ရှိတာပါ၊ တချိန်က ကောတရာဇ မဟာဝိဟာရမှာ ဘုရားရှင်ရဲ့ စွယ်တော်အစစ် သီတင်းသုံးဖူးတယ်လို့ သမိုင်းတွေက ဆိုပါတယ်၊ အခု စွယ်တော် ဓာတ်တော်လှည့်ပွဲကလည်း ကန္ဒီမြို့ စွယ်တော်လှည့်ပွဲလိုပဲ ဆင်တွေအမြောက်အများ လူတွေအမြောက်အများ အသုံးပြုပြီး လှည့်လည်ပူဇော်ကြပါတယ်၊

ခေတ်မှီ လျှပ်စစ်တွေ ထိန်ထိန်ညီးအောင် ရနေပေမယ့် ဒီလှည့်လည်ပူဇော်ခံပွဲမှာ သူတို့သုံးနေတာက ဟိုး-ရှေးခေတ် ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့.. အုန်းသီးအခွံခြောက်ကို ဓာတ်ဆီလောင်းပြီး သံခြင်းထဲမှာ ထည့်ပြီး ထွန်းညှိပူဇော်ပါတယ်၊ ဘုရား ရဟန္တာတွေရဲ့ ဓာတ်တော်တွေ စွယ်တော်ပွားတွေကိုတော့ ဆင်ပေါ်မှာတင်ပြီး လှည့်လည်ပါတယ်၊ အဲဒီ ဆင်တွေရဲ့နောက်မှာမှ ရိုးရာယဉ်ကျေးမှု အကအဖွဲ့တွေက လမ်းလျှောက်ရင်း ကပြဖျော်ဖြေကြတယ်၊

အဲဒီနောက်ကမှ ရှင်ဘုရင်ကြီးပုံစံ မှူးမတ်တွေခြံရံကာ လိုက်ပါလာကြပါတယ်၊ လိုက်လံပို့ဆောင်ပေးတဲ့ သီရိလင်္ကာ ဒကာတစ်ယောက်ကို မေးကြည့်တော့.. ရှင်ဘုရင်တော့ မဟုတ်ပါဘူး.. ရွာသူကြီးက ဓာတ်တော်တွေ စွယ်တော်ပွားတွေကို ပူဇော်ပြီး ရွာသူ ရွာသားတွေကိုလဲ ပူဇော်စေတဲ့ ပုံကို သရုပ်ဖော်တာလို့ ပြောပြပါတယ်၊ လှည့်လည်ပူဇော် ကပြဖျော်ဖြေရေး အဖွဲ့တွေကလည်း တကယ့်ကို များလှပါတယ်.. ဟန်နုမာ မျောက်မင်းအက၊ ပန်ချာပီအက၊ သီရိလင်္ကာ ခေတ်အဆက်ဆက် ရိုးရာအက၊ ဟိန္ဒူအက၊ ဆင်ဟာလိလူမျိုးတွေရဲ့ တတ်အပ်တဲ့ အတတ်ပညာအက စသည်ဖြင့် စုံလင်လှတယ်. လမ်းဘေးဝဲယာ တစ်လျှောက် ကြည့်ရှုနေတဲ့ ပရိသတ်ကလည်း တိုးမပေါက်အောင်ကို စည်ကားလှတယ်၊ ကန္ဒီစွယ်တော် လှည့်ပွဲကိုတော့ ကမ္ဘာက Incredible ceremony လို့ တင်စားပြောဆိုကြပါတယ်..

ယခု ကောတရာဇ မဟာဝိဟာရ -က ဓာတ်တွေစွယ်တော် လှည့်ပွဲကိုလဲ ဒုတိယ Incredible ceremony လို့ ပြောနိုင်ပါတယ်၊ သူ့ဓလေ့ သူထုံးစံ သူ့ရိုးရာကို အစဉ်အလာမပျက် ထိန်းသိမ်းနိုင်တာဟာလည်း ဂုဏ်ယူစရာ တစ်ခုလို့ မြင်ပါတယ်၊ ယဉ်ကျေးမှု စာပေ ဂီတဟာ လူမျိုး တစ်မျိုးရဲ့ တန်ဖိုးကို တိုင်းတာနိုင်တယ်လို့ဆိုရင် ကောတရာဇ မဟာဝိဟာရ-က ဓာတ်တော်စွယ်တော်လှည့်ပွဲ သို့မဟုတ် ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ပွဲဟာလည်း တကယ့်ကို တန်ဖိုးကို ဖော်ပြနိုင်တဲ့ ပွဲလို့ ဆိုရမှာပါ၊

လူများတွေရဲ့ ရိုးရာယဉ်ကျေးမှု မြတ်နိုးထိန်းသိမ်းတာကို တွေ့ရတော့ စိတ်ထဲမှာ အတွေးတွေ နယ်ချဲ့တွေးနေတုန်း..
ဟေး-ပြန်ကြစို့ဆိုတဲ့ သူငယ်ချင်းရဲ့ အသံကိုကြားလို့ နာရီကြည့်လိုက်တော့ ည ၁၂ နာရီတောင် ထိုးခါနီးနေပါပြီ၊ အတွေးကို ခဏရပ်ပြီး နေရာကျောင်းကို ပြန်လှည့်အလာမှာတော့ ကောတရာဇ မဟာဝိဟာရ လေ့လာခရီးက ပြောနေတဲ့ Buddhism From Generation to Generation ဆိုတဲ့ အသံက ပဲ့တင်ထပ် ကျန်ရစ်ခဲ့တယ်။ ။

အရှင်တိက္ခဉာဏာလင်္ကာရ



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP