ကျွန်ုပ်၏ ဒဿနများ (၆)...
ခေါင်းဆောင် ဆိုတာ ဆရာဝန်တစ်ယောက်လိုပဲ။
ဆရာဝန်ဟာ ဆေးတစ်လုံး ထိုးလိုက်တာ မှားသွားတာနဲ့ လူနာဟာ အသက်ပါ သေဆုံးသွားနိုင်တယ်။
ခေါင်းဆောင်တစ်ယောက် ဟာလည်း ဆုံးဖြတ်ချက်တစ်ခု မှားသွားတာနဲ့ လက်အောက်ငယ်သားတွေဟာ ဒုက္ခရောက်သွား စေနိုင်တယ်။
ဒါကြောင့် ဆရာဝန်ဟာ ဆေးထိုး မမှားအောင် ဂရုစိုက်ရသလို ခေါင်းဆောင် တစ်ယောက်ဟာလည်း ဆုံးဖြတ်ချက် မမှားရအောင် သတိအမြဲတမ်း ရှိနေရမယ်။
..........................................
အလုပ် လုပ်ကိုင်တဲ့ နေရာမှာ အများကို မကျော်ဖြတ်နိုင်သေးတောင်မှ တန်းတူဖြစ်နေအောင် ပြေးနိုင်ရမယ်။
သူများက ကိုယ့်ထက် ခြေတစ်လှမ်း ဦးသွားရင် ပြေးနှုန်းချင်း တူနေရင်တောင်မှ ကိုယ့်ရဲ့ ခြေတစ်လှမ်းက အမြဲတမ်း နောက်ကျ နေလိမ့်မယ်။
..........................................
လောကမှာ ဆန့်ကျင်ဘက် စကားလုံးတွေ အများကြီး ရှိတယ်။ အပူနဲ့ အအေး၊ အတိုနဲ့ အရှည်၊ အမြင့်နဲ့ အနိမ့်၊ အကောက်နဲ့ အဖြောင့်၊ အဖြူနဲ့ အမဲ၊ အလင်းနဲ့ အမှောင်၊ အကောင်းနဲ့ အဆိုး စသည် စသည် ပေါ့။
ဗုဒ္ဓဘာသာရဲ့ အဓိက ဆန့်ကျင်ဘက် စကားလုံးတွေကတော့ ကုသိုလ်နဲ့ အကုသိုလ်၊ နိဗ္ဗာန်နဲ့ အပါယ် တို့ ပါပဲ။

0 comments:
Post a Comment