* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 30, 2009

မဟာစည်ဆရာတော်ဘုရားနှင့် နတ် တရားစကားဆွေးနွေးတဲ့အကြောင်း

ယနေ့ အွန်လိုင်းမှာ ပျံ့နေတဲ့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး နတ်သားနဲ့ တရားစကား ဆွေးနွေးတဲ့ သတင်းလေးပါ။ မေမေ့လပြည့်ဝန်းလေး ဒီအသံဖိုင်ကို နားထောင် ဖြစ်တာကတော့ ကြာပါပြီ။ အကြောင်း မတိုက်ဆိုင်လို့ မတင်ပြဖြစ်ပါဘူး။ အခုတော့ စာဖတ်သူတို့ ဆွေးနွေးထားတဲ့ အသံကိုရော၊ ဆုံးဖြတ်ထားတဲ့ အဆုံးအဖြတ်ကိုပါ နာယူသင့်၊ ဖတ်ရှုသင့် တယ်ထင်လို့ တင်ပြလိုက်ပါတယ်။

၎င်းကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး နိမ္မာနရတိနတ်နှင့် တရားစကားပြောတဲ့ အကြောင်း အရာနှင့် ပတ်သက်၍ ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး ကိုယ်တိုင် ဆရာတော်ကြီးရဲ့ ဟောစဉ်တရား အတွဲအမှတ်(၃)နိဒါန်းပိုင်းမှာ အဆုံးအဖြတ်အဖြစ် ရေးသားထားတာကိုလည်း မေမေ့လပြည့်ဝန်းလေး တွေ့ရှိရပါတယ်။ စာဖတ်သူတို့ ဟုတ်/မဟုတ် စဉ်းစားနိုင်ဖို့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ နတ်နှင့် စကားပြောသည်ဆိုသည့် အသံဖိုင်ရော၊ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ ဆုံးဖြတ်ချက်ပါ မူရင်းအတိုင်း တင်ပြလိုက်ပါတယ်။

စာဖတ်သူတို့ စဉ်းစားတွေးခေါ်ဉာဏ်တိုးပွားစေဖို့၊ ဖြစ်နိုင်/မဖြစ်နိုင်/ ဟုတ်/မဟုတ် ကိုယ်ပိုင် ဉာဏ်ဖြင့် (၂)မျိုးလုံး နားထောင်/ဖတ်ရှုပြီး ဆုံးဖြတ်နိုင်စေရန် တင်ပြခြင်းမျှသာ။ မေမေ့ လပြည့်ဝန်းလေးရဲ့ ကိုယ်ပိုင် အာဘော် တစ်လုံးတစ်ပါဒမျှ မပါဝင်ပါ။

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက

အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု

အဘိဓဇအဂ္ဂသဒ္ဓမ္မဇောတိက

မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရားတော်များ (တတိယတွဲ)

----မှ----

ဆရာတော်ဘုရားကြီး၏ သမိုင်းဝင်ဖြစ်ရပ်များ

(ဆရာတော်ဘုရားကြီး၏ သာသနာအတွက်ဆုံးဖြတ်ချက်များသည် သာသနာ့သမိုင်းတွင် ဥဒါန်းတွင်ရစ်အောင် စွမ်းဆောင် ပြောင်မြောက်လှ၏။ ဤနေရာ၌ ယင်းသို့သောဆုံးဖြတ်ချက်များကို တိ+နိပင်မအဖွဲ့မှ ထုတ်ဝေသည့် ဟောစဉ် တတိယတွဲနိဒါန်းတွင် တိ+နိစာအုပ်စာပေမော်ကွန်းထိန်း ဦးကျော်လှိုင် (မဟာဝိဇ္ဇာ၊ သက္ကဋ)က ရေးသားပူဇော်ထားရာ ၄င်းရေးသားချက်များမှ ကောက်နှုတ် ဖော်ပြလိုက်ရပါသည်။)

မင်းကွန်းဆရာတော်ဘုရားကြီးဆုံးဖြတ်ပေးသော မဟာစည်ဆရာတော်ဘုရားကြီး ''နိမ္မာနရတိနတ်နှင့် တရားစကား ဟောပြောသည်''ဆိုသော စကားနှင့်ပတ်သက်၍ မိန့်ကြားချက်--

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဟောစဉ်တရားစာအုပ် တတိယတွဲ စာမျက်နှာ (ဍ)မှ (ထ)ထဲ၌ မူရင်းအတိုင်း ပါရှိသော ဆုံးဖြတ်ချက်တရားတော်ဖြစ်ပါသည်။

(က) မဟာစည်ဆရာတော်နှင့်နိမ္မာနရတိနတ်စကားပြောပြဿနာ---

၁၃၁၅-ခုနှစ် ဆဋ္ဌသင်္ဂါယနာတင်ခါနီးကာလဝယ် ရန်ကုန်မြို့မဟာစည်သာသနာ့ရိပ်သာ၌ ''ပုသိမ်မြို့ သဒ္ဓမ္မသီတဂူရိပ်သာဆရာတော် ဦးအာစိက္ခဏ၏တူမဖြစ်သော ယောဂီ-မဟေမာ''၏ကိုယ်ကို ရေဒီယိုသေတ္တာ သဖွယ်ပြု၍ နိမ္မာနရတိနတ်က မဟာစည်ဆရာတော်သည် ရဟန္တာဖြစ်ကြောင်း၊ နိမ္မာနရတိနတ်ပြည်၌ ကျော်ကြားနေသည်ဟု ပြောကြားကြောင်း အုတ်အော်သောင်းနင်း သတင်းဖြစ်၍ နေလေသည်။

တစ်နေ့သော် မဟာစည်သာသနာ့ရိပ်သာ ''ဖလ်ယဉ်ဓမ္မာရုံ''၌ သာသနာရေးဝန်ကြီး ဦးဆောင်၍ လူပေါင်းများစွာ ရှင်ပေါင်းများစွာတို့ စုဝေးကြပြီး မဟာစည်ဆရာတော်နှင့် နိမ္မာနရတိရေဒီယိုသေတ္တာဟု အမည်တင်စား ထားသော ယောဂီ-မဟေမာတို့ ပါဠိလို တရားစကားပြောရာက နိမ္မာနရတိဘုံသား ''ကောဋတိမ္ဗရနတ်သား'' လျှောက်ထားတောင်းပန်ချက်အရ မဟာစည်ဆရာတော်က ဝိပဿနာတရားဟောသည်ကိုနာရ၍ နတ်သား တစ်ယောက်ရဟန္တာဖြစ်ပြီး ထိုတရားပွဲမှာပင် ပရိနိဗ္ဗာန်-စံသွားသည့်ပုံ အလန့်တကြား ဟိုးလေးတကျော်ဖြစ်ကာ စံကျောင်း၌ကမ္မဋ္ဌာန်းဆရာတော်များနှင့် ဝန်ကြီးချုပ်၏ သာသနာရေးအကြံပေးလူကြီးတို့ စုဝေးနေကြသည်။

ထိုအချိန်၌ တိပိဋကဓရဆရာတော်သည် (နိမ္မာနရတိနတ်စကားကို မယုံသော်လည်း) ဆရာတော် များနှင့် မဆန့်ကျင်စေရန် စံကျောင်းပေါ်သို့ တက်ရောက်သွားသောအခါ ဝန်ကြီးချုပ်၏ အကြံပေးဒါယကာက ''ယခု နတ်စကားကိစ္စမှာ ဆရာတော်ဘယ်လို သဘောရသလဲ''ဆိုတော့ တိပိဋကဆရာတော်က ''ဘုန်းကြီး အနေနဲ့ကတော့ မဟေမာအပေါ်မှာ သံသယမရှိပါဘူး။ နိမ္မာနရတိနတ်ဆိုတဲ့ နတ်ကိုသာ သူကိုယ်တိုင်က ဘင်္ဂါလီကချေသည်ကဖြစ်တဲ့ ဘုမ္မစိုးနတ်က နိမ္မာနရတိနတ်လို့ ဆရာတော်တို့၊ ဒကာကြီးတို့ကို တစ်ပတ်ရိုက် နေတယ်လို့ပဲ သဘောရပါတယ်''လို့ ဖြေသောအခါ ဘုန်းကြီးဦးမုနိန္ဒက ''အမ်မယ် . . .ဆရာတော်ဦးဝိစိတ္တက နတ်ကို မယုံတာ၊ ဘုန်းကြီးကတော့ ဦးအာစိက္ခဏကိုပဲ မယုံဘူး''ဟု တိုက်ရိုက်ကြီး ပြောလိုက်လေသည်။

ထိုအခါ သဒ္ဓမ္မသီတဂူရိပ်သာဆရာတော် ဦးအာစိက္ခဏက ဘုန်းကြီးဦးမုနိန္ဒကို အရေးမစိုက်ဘဲ တိပိဋက-ဆရာတော်ကိုသာ (တစ်)နံပါတ် ဆန့်ကျင်ဖက်သဘောထားပြီး အပြန်အလှန် ပြောဆိုသည်မှာ-

သီတဂူ - - အမ်မာ . . .ဦးဝိစိတ္တက မယုံဘူးဆိုလျှင် ယခုရှင်းပါ့မယ်။

တိပိဋက - - တပည့်တော်က အရှင့်နတ်ကို ယုံမှ မယုံပဲ။ တပည့်တော်အဖို့ ရှင်းရန်မလိုပါ။ အရှင်တို့နတ်ကို ယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်သာ ရှင်းလိုလျှင် တပည့်တော်ရှင်းပေးပါမည်။

သီတဂူ - - ရှင်းလျှင် ဘယ်လိုရှင်းမှာလဲ?

တိပိဋက - - အရှင့်တူမ မဟေမာကို ခေါ်လိုက်ပါ။ (ထိုအချိန်တွင် မဟေမာကား အောက်ချိုင်း ကမ္မဋ္ဌာန်းကျောင်း၌ နားနေသည်။)

သီတဂူ - - မဟေမာရောက်လာလျှင် ဘာပြောမည်လဲ?

တိပိဋက - - ရောက်လာလျှင် မဟေမာရဲ့ကိုယ်ကို (ရေဒီယိုသေတ္တာပြုလုပ်၍ နိမ္မာနရတိဒိဗ္ဗဝိုင်ယာရုံမှ အသံလွှင့်သည်ဆိုသောနတ်ကို နိမ္မာနရတိနတ်ဟုတ်၊ မဟုတ်သိသာရန်) နိမ္မာနရတိနတ်မိဖုရားကြီးဖြစ်သူ ဝိသာခါကို ခေါ်ပေးပါလို့ ပြောမှာပါ။

သီတဂူ - - အမ်မယ် . . . တစ်နေ့တုန်းက ကောဋတိမ္ဗရခေါ်တဲ့ နိမ္မာနရတိနတ်က ပြောတယ်၊ ''ဝိသာခါဟာ နတ်အာရုံထဲမှာ ပျော်ပိုက်ပြီးမေ့မူးနေတယ်''တဲ့။

တိပိဋက - - ဒီကတည်းက အရှင့်နတ်ဟာ နိမ္မာနရတိဘုံက မဟုတ်တာ သေချာပါတယ်။

သီတဂူ - -ဘာ့ကြောင့်လဲ ကိုယ်တော် . . .။

တိပိဋက - - အရှင်ဘုရား . . .၊ သာမညနိမ္မာနရတိနတ်က နတ်မိဖုရားခေါင်ကြီးကို ထိုကဲ့သို့ ဂုဏ်ယုတ်အောင် ပြုလျှင် ဒိဗ္ဗဒဏ် အခတ်ခံရမှာပေါ့။

သီတဂူ - -ဝိသာခါက မလာလျှင် ဘယ့်နှယ်လုပ်မလဲ ကိုယ်တော်။

တိပိဋက - -စတုဒ္ဒိသာသံဃိကပုဗ္ဗာရုံကျောင်းကို ကျောင်းပိုင်ခွင့်ရှိတဲ့ တပည့်တော်တို့ဘုန်းကြီးများက ခေါ်တာပဲ။ ဘယ်မှာမလာဘဲ ရှိမည်လဲ။ လာမှာပေါ့ဘုရား။ မလာလျှင် ကမ္မဝါစာဖတ်ပြီး သံဃာ့အမိန့်နဲ့ ခေါ်မှာပဘုရား။

သီတဂူ - - ရောက်လာတဲ့နတ် ဝိသာခါ ဟုတ်၊ မဟုတ်ဘယ်လို စုံစမ်းမည်လဲ။

တိပိဋက - - ''ပုဗ္ဗာရုံကျောင်းတော်ကြီး ရေစက်ချတုန်းက ဒကာမကြီး ရွတ်ဆိုခဲ့တဲ့ ''ကဒါဟံ ပါသာဒံ ရမ္မံ၊ သုဓာမတ္တိကာလေ ပန''အစရှိတဲ့ ဥဒါန်းဂါထာတို့ကို ရွတ်ပြစမ်းပါ၊ ကြည်ညိုချင်လို့''ဟု ပြောမှာပါဘုရား။

သီတဂူ - - ဝိသာခါကျောင်းအမကြီးကွယ်လွန်တာက နှစ်ပေါင်း ၂၅ဝဝ-ကျော်ရှိနေတော့ အဲဒီဂါထာတွေကို သူမှတ်မိပါဦးမည်လား။

တိပိဋက - - ဘာပြုလို့ မမှတ်မိရမှာလဲဘုရား၊ နှစ်ပေါင်း ၂၅ဝဝ-ကျော်ဆိုတာ လူ့အသက်နှင့်တွက်လို့သာ အကြာကြီးထင်ရတာ။ နိမ္မာနရတိနတ်အသက်နှင့်တွက်လျှင် ရက်ပိုင်းလောက်သာ ရှိသေးတာမို့ ကျောင်းအမကြီးဟာ ရေစက်ချပွဲမှာ ကိုယ်တိုင်ရွတ်ခဲ့တဲ့ ဂါထာတွေကို မမေ့နိုင်သေးပါဘူး။ ဤတွင်မျှမက ဥဒါန်းဂါထာဆိုသည်မှာ ရင်ထဲမှာမဆံ့လို့ အပြင်အန်ထွက်လာတဲ့ အသံတွေပါ။ ဘယ်လိုနည်းနှင့်မှ မေ့လို့မရပါဘူးဘုရား . . .။

ထိုသို့လျှောက်ထားသောအခါ ''နိမ္မာနရတိနတ်စကားပြောသည်''ဆိုသော တူမအား ဤဂါထားများကို သင်ပေးထားပုံမရသော သဒ္ဓမ္မသီတဂူဆရာတော်သည် တူမကိုလည်း ခေါ်မပေး၊ ဆက်၍လည်း မမေးတော့ဘဲ အင်း . . .ဟုဆိုကာ ရပ်၍သွားပါတော့သည်။

(ထိုအခါမှစ၍ နိမ္မာနရတိနတ်စကားအကြောင်းသတင်းများ အဟုန်နည်း၍ သွားပါတော့သည်။)


တရားစကားအသံဖိုင်ကို နားထောင်လိုက



အသံဖိုင် နားထောင်မရက ဒီမှာ ဒေါင်းလော့ဒ်ယူပါ


မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP