သီတဂူလမ်း(၅)

သာသနာ့တက္ကသိုလ်က စစ်ကိုင်းကို အကူးမှာတော့ နာမည်ကျော်ဓမ္မကထိက ဓမ္မဒူတအရှင်ဆေကိန္ဒလည်း သူတို့ရဲ့ ဟိုင်းဝေးဘတ်စ်ပေါ်မှာ ပါလာခဲ့ပါတယ်။ စီးလာတဲ့ ကားကို သီးသန့်ပြန်လွှတ်ပြီး ထေရ၀ါဒအုပ်စုတွေ စုဝေးရာကားကြီးပေါ် တက်လိုက်ခဲ့တာပါ။ ဓမ္မကထိကဆရာတော်ပါလာတော့ ပွဲစည်သွားတော့တာပါ။ ဟိတ်ဟန်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ပါးမို့ အားလုံးက ကောင်းချီးပေးကြရတာပါ။ ဘုန်းကံအလွန်ကြီးမားသူမို့ ရှင်သီဝလိလို့လည်း အချို့က ရည်ညွှန်းကြပါသေးတယ်။ သူလုပ်သမျှသာသနာပြုလုပ်ငန်းတွေကလည်း အောင်မြင်နေတာပါပဲ။
ဆရာတော်အရှင်ဆေကိန္ဒက ထေရ၀ါဒတက္ကသိုလ်တက်စဉ်က ဒီပလိုမာနဲ့ ၀ိဇ္ဇာတန်းတွေမှာ သုံးနှစ်လုံး ၀ိပဿနာဘာသာရပ်မှာ ဆရာတော်ခဲ့ဖူးပါတယ်။ နာမည်ကြီးမို့ ဆရာကောက်တော်ပစ်လိုက်တာ----လို့တော့ မထင်စေချင်ပါဘူး။ တကယ်အလုပ်လုပ်နေတဲ့ ဘုန်းကြီးတစ်ပါးမို့ လေးစားရင်းစွဲရှိနေတာပါ။
အရှင်ဆေကိန္ဒက ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ပြေးလွှားနေရရှာတာပါ။ ထေရ၀ါဒတက္ကသိုလ်စာသင်ခန်းတွေဆီ အချိန်မှန်ရောက်ဖို့ ကြိုးစားရသလို မှော်ဘီက ဆေကိန္ဒာရာမကျောင်းမှာ ဖွင့်တဲ့ မျိုးဆက်သစ်ကလေးသင်တန်းတွေကိုလည်း သွားပြီးကြီးကြပ်ရပါသေးတယ်။ အခြားလူမှုရေးလုပ်ငန်းတွေကလည် အများကြီးပါ။ ဆရာတော့်မွေးရပ်မြေ စစ်ကိုင်းမှာလည်း သောတာပန်ဆီအလှူတော်ဆိုတဲ့ အံ့မခန်းအလုပ်ကြီးလည်း ရှိပါသေးတယ်။ စစ်ကိုင်းတောင်ရိုးပျော် သူတော်စင်တွေအတွက် ဆီလှူဒါန်းတာပါ။ လူငယ်လူရွယ်စုံတရားစခန်းတွေမှာလည်း ကလေးတွေရဲ့ ဘ၀အခက်အခဲတွေကို ကူညီဖြေရှင်းပေးလိုကြောင်း ကမ်းလှမ်းဖိတ်ခေါ်တတ်တာကို ကြားရလေ့ရှိပါတယ်။ ဒီကြားထဲမှာ စာအုပ်ထုတ်ဝေဖို့ အခက်အခဲဖြစ်နေရှာတဲ့ စာပေပညာရှင်ကြီးတွေကို စာအုပ်ထုတ်ဝေဖို့မတည်ငွေလှူဒါန်းတတ်တာလည်း ကိုယ်တွေ့မြင်ခဲ့ဖူးပါတယ်။ရေဘေးမီးဘေးဆိုတာမျိုးတွေမှာလည်း ရှေ့က ရောက်ရောက်သွားတတ်ပါသေးတယ်။
ဆရာတော့်နောက်မှာ မျိုးဆက်သစ်တွေရဲ့ တက်ကြွတဲ့ ခြေလှမ်းတွေအများကြီးကို မြင်ရပါတယ်။ မျိုးဆက်သစ်တွေနဲ့ တွဲပြီး မြို့တော် သန့်ရှင်းရေး ဆိုတာမျိုးကအစ လူမှုရေးအကျိုးပြုလှုပ်ရှားမှုတွေကို ဦးဆောင်လမ်းညွှန်တတ်ပါသေးတယ်။ ဒါကြောင့်လည်း ဂျာနယ်လ်တစ်စောင်က Person of The Year လို့ ဖော်ပြခဲ့ဖူးပါတယ်။
မူလဓမ္မဒူတဆရာတော်ကြီးချမှတ်ထားခဲ့တဲ့မူကကို လှပါတယ်။ ရဟန်းမှန်ရင် စာသင်စာချ တရားဟော တရားပြ ဆိုတဲ့ မူပါ။ နောက်ကတော့ ပရဟိတဖြစ်မှာပါ။ မှော်ဘီက အရှင်ဆေကိန္ဒရဲ့ ဆေကိန္ဒာရာမကျောင်းမှာ ရှင်ငယ်ရဟန်းငယ်တွေအတွက် ပရိယတ္တိစာသင်တိုက်ရှိသလို တရားရှာယောဂီတွေအတွက်လည်း တရားစခန်းပွဲတွေရှိနေတတ်ပါတယ်။ ဆရာတော်ရဲ့ ဓမ္မကထိကဘ၀ကတော့ လွယ်ကူသက်သာလှတယ်တော့ မဟုတ်ပေဘူး။ ပုံမှန်ဟောနေကျ ညတရားပွဲကြီးတွေအပြင် မနက်အရုဏ်ဆွမ်းတရား၊ နေ့လည်ဆွမ်းတရားဆိုတာတွေလည်း ဟောရတတ်ပါသေးတယ်။ ဒီကြားထဲ ဆည်းဆာတရားပွဲဆိုတာတွေ ပါလာရင်တော့ သူ့ကိုယ်စားရင်ထိတ်မိပါသေးတယ်။ အထိုင်များတဲ့ ဒုက္ခက မသေးဘူးမဟုတ်လား။ တံခါးခေါက်သံတွေနဲ့ ရောက်ရောက်လာတတ်တဲ့ ဧည့်သည်တွေကလည်း အများသားပါ။ အနုပညာရှင်တွေလို တံခါးပိတ်ထားပြီး သီးခြားရပ်တည်လို့လည်း မရဘူးလေ။
Celebrity ချင်းတူပေမယ့် သာသနာ့ဝန်ထမ်း Celebrity က မသက်သာတာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာတော့်ဒုက္ခက အများအတွက် သုခကို မွေးပေးနိုင်တာမို့ နာရတာကို သာယာလောက်ပါတယ်။
တရားပွဲတွေက ရသမျှန၀ကမ္မတွေက ဘဏ့်အကောင့်စာရင်းထဲမှာပဲ အိပ်မနေတာကိုက သာသနာပြုကုသိုလ်တော်တွေ လှနေတာဖြစ်ပါလိမ့်မယ်။
ဆရာတော်အရှင်ဆေကိန္ဒက သူတို့ထေရ၀ါဒတက္ကသိုလ်ကျောင်းသားရဟန်းတော်တွေ စုဝေးရာ ကင်းတင်းလေးထဲ ၀င်လာပြီဆိုရင် လက်ခါပြလေ့ရှိပါတယ်။ မလွယ်ဘူးလို့ ပြောတာပါ။ အားမကျနဲ့ လို့လည်း ညီးတတ်ပါသေးတယ်။ ဒါပေမယ့် သူရွေးတဲ့လမ်းကိုတော့ သူက နောက်မဆုတ်တမ်းလျှောက်တော့တာပါ။ များသောအားဖြင့် ကင်းတင်းလေးထဲ အရှင်ဆေကိန္ဒမို့ ၀င်လာပြီဆိုရင် ကျောင်းသားတွေက ပြောလက်စစကားရပ်ပြီး အားလုံးထပေးကြတာပါ။ ဆရာလည်းဆရာမို့ ဓမ္မကထိကလည်း ဓမ္မကထိကမို့ အရိုအသေပေးကြတာပါ။ ဆရာတော်က “ထိုင်ကြလေကွာ ငါ့လည်း ပစ်မထားကြပါနဲ့ဟ ငါလည်း မင်းတို့လို စကားပြောချင်တာပေါ့ကွာ” ဆိုပြီး ရင်းရင်းနှီးနှီး ၀င်ထိုင်တော့တာပါ။
“နာမည်ကျော်လို့ ဘုန်းကံကြီးပြီဆို ပုန်းအိပ်ရတော့တာပဲ”တဲ့။ ဒီစကားကို အမိန့်ရှိတာက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ထေရ၀ါဒတက္ကသိုလ်ကြီးရဲ့ ဒုတိယပါမောက္ခချုပ်တာဝန်က အနားယူသွားခဲ့တဲ့ ဗန်းမော်ဆရာတော်ကြီးပါ။ ဆရာတော်ကြီးကို နှုတ်ဆက်ကန်တော့ကြတဲ့ ပွဲမှာ မှတ်မှတ်ရရ မိန့်သွားခဲ့တာပါ။ အဲဒီပွဲမှာ အရှင်ဆေကိန္ဒလည်း တက်ရောက်တာမို့ သူ့ကိုယ်တွေ့မို့လားမသိဘူး။ တစ်ကိုယ်လုံးတသိမ့်သိမ့်တုန်အောင် ရယ်(ရီ)တော့တာပါပဲ။ ဆရာတော်ကြီးကတော့ ပုံပြင်လေးနဲ့ကို လှအောင် ပြောသွားတာပါ။ နောက်ကြုံရင် ရေးပါဦးမယ်။
ဘုန်းကံကြီးလို့ နာမည်ကျော်ရင်တော့ တံခါးခေါက်သံတွေက အမြဲတမ်းဆူညံနေတော့မှာပါ။
ဒါကြောင့် ဆရာတော်ကြီးတွေက လာဘ်လာဘနဲ့ အခြွေအရံ ကျော်ဇောမှုတွေကို ဒုက္ခလို့ ညီးလေ့ရှိတာပါ။ အကြောင်းမသိသူတွေကတော့ အဲဒီလို ဒုက္ခမျိုးတော့ သူတော်တို့များခံလိုက်ချင်သေးလုပ်ကြတာနေမှာ..။
အင်း သူတော်တို့စာရင်းထဲမှာ သူများပါနေဦးမလား။
မန္တလေးကန်တော်ကြီးပတ်လမ်းပေါ် သူတို့ကားကြီးမောင်းတက်သွားစဉ်မှာပဲ စစ်ကိုင်းတောင်ရိုးက စေတီတော်တွေ ဖူးရပါပြီ။
သီချင်းသံလေး သဲ့သဲ့လည်း ကြားလိုက်ရပါတယ်။ “ စစ်ကိုင်းတောင် စစ်ကိုင်းတောင် အထက်နားဆီက အရှေ့တလွှားကြည့်လိုက်ပြန်ရင်လေ.........။”

0 comments:
Post a Comment