* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 30, 2009

ဗုဒ္ဓတံဆိပ်ခတ်နှိပ်စေချင်



အထက်ဖော်ပြပါ ဝေါပေပါလေးမှာ ဖော်ပြထားတဲ့ စာသားလေးကို ဖတ်မိပြီး ဒီပိုစ့်လေးကို ရေးချင်စိတ် ပေါ်လာမိတာပါ။ အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူငယ်တွေကို မိမိကိုးကွယ်နေတဲ့ ဘာသာရဲ့ တန်ဖိုး.. မိမိကိုးကွယ်နေတဲ့ ဘာသာအပေါ်မှာ နားလည်ယုံကြည်မှုတွေ.. ဘုရား၊ တရား၊ သံဃာဆိုတာ ဘယ်လိုကိုးကွယ်ထိုက်တာလည်းဆိုတဲ့ အသိတရားတွေကို လူငယ်တွေရဲ့နားထဲရောက်အောင် ပြောပြသွန်သင်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကို သိစေချင်တဲ့ အတွက်ကြောင့်ပါ။ လူငယ်ဆိုတာ အနာဂတ်ရဲ့ မျိုးဆက်သစ်ပါ.. လူငယ်တွေရဲ့ ရင်ထဲနှလုံးသားထဲမှာ ဘာသာသာသနာရဲ့တန်ဘိုးနဲ့ ဘုရားရှင်ရဲ့ အဆုံးအမတွေ နားလည်သဘောပေါက်မှသာ အမျိုးဘာသာသာသနာ တိုးတက်မြင့်မားလာနိုင်မှာပါ။ လူငယ်တွေရဲ့ ရင်ထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ ကိန်းဝပ်နေဖို့ အရေးကြီးပါတယ်။ ဒီလိုမျိုး ငယ်စဉ်ဘ၀ကတည်းက ဘာသာအသိတရားတွေ ကိန်းဝပ်ဖို့အတွက် သူတို့တွေရဲ့ တစ်ဦးတိုင်း တစ်ယောက်တိုင်းရဲ့ နှလုံးသားစီမှာ ဘုရားအဆုံးအမတွေ တည်ပေးဖို့ လိုပါတယ်။ ဝေါပေပါမှာပါတဲ့ ဆရာတော်ရဲ့ ဆုံးမစကားအတိုင်းဆိုရင်တော့ ဗုဒ္ဓတံဆိပ် ဘာသာစိတ်ကို ခတ်နှိပ်ပေးစေချင်တဲ့ သဘောလေးပါပဲ။

ဗုဒ္ဓမြတ်စွာဘုရားရှင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပါတ်လုံး ပါရမီတွေဖြည့်ပြီး ဘုရားဖြစ်အောင် ကြိုးစားအားထုတ်ကျင့်ကြံတာဟာ ဘာအတွက်လည်းလို့ အဖြေရှာကြည့်မယ်ဆိုရင် သတ္တ၀ါအပေါင်းကို အို၊ နာ၊ သေဘေးမှ ကင်းဝေးစေတဲ့ အမြတ်နိဗ္ဗာန်ကို ပို့ဆောင်ဖို့ အတွက်ပါ။ ယခုအချိန်အခါမှာ ဘုရားရှင်မရှိတော့ပေမယ့် ဘုရားရှင်ရဲ့ အဆုံးအမသာသနာတွေ ကျန်ရစ်ခဲ့ပါတယ်။ ယခုထက်တိုင်လည်း ဘုရားတပည့်သား သံဃာတွေအဆက်ဆက် မပျောက်ပျက်အောင် ထိန်းသိမ်းလာခဲ့ကြတာပါ။ ဒီတော့ သာသနာတော် အတွန့်ရှည်တည်တံ့ခိုင်မြဲဖို့ဆိုရင် ဘုရားရှင်ရဲ့သာသနာတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သံဃာတော်မြတ်တွေ မရှိမဖြစ်လိုအပ်သလို.. သာသနာတော်ကို သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်ပြီး သာသနာတော်ကို အကျိုးပြုတဲ့ လူပုဂ္ဂိုလ်တွေလည်း လိုအပ်ပါတယ်။ ဒီလိုမျိုး သာသနာတော်ကို စောင့်ရှောက်တဲ့ ဆရာနဲ့ဒကာ ညီမျှမှသာ သာသနာတော်ကြီး အတွန့်ရှည်တည်တံ့ခိုင်မြဲနေမှပါ။

ဒီအချက်ကို ဘာလို့ပြောရလည်းဆိုရင်.. လူပုဂ္ဂိုလ်တွေက သာသနာ့တန်ဖိုး နားလည်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို သိစေချင်တဲ့အတွက်ပါ။ ပိုပြီးအရေးတကြီးလိုအပ်တာက လူငယ်တွေ သာသနာ့တန်ဖိုး သိဖို့ပါ။ လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာသာရဲ့တန်ဖိုးသိဖို့အတွက် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။ လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဗာစရိယ မိနှင့်ဖ ဆိုတဲ့ စကားရှိပါတယ်။ မိဘတွေရဲ့ အဆုံးအမ သွန်သင်မှု ကောင်းမွန်ရင် ကောင်းမွန်သလို သားသမီးတွေရဲ့ အကျင့်စာရိတ္တ၊ ကိုယ်ရည်ကိုယ်သွေးတွေ ကောင်းမွန်လာဖို့ များပါတယ်။ ငယ်စဉ်ကတည်းက ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတာနာမြတ်သုံးပါးဆိုတာ ဘာလည်း၊ ဘုရားအဆုံးအမတွေဆိုတာ ဘာလည်း၊ ဘာလို့ ဘုရားရှင်ကို ကိုးကွယ်နေတာလည်း၊ ဘာလို့ ကိုးကွယ်ထိုက်တာလည်းဆိုတဲ့ ဘာသာရဲ့ တန်ဖိုးကို နှလုံးသားထဲမှာ ခတ်နှိပ်ပေးစေချင်ပါတယ်။ ဒီလိုမျိုး ခတ်နှိတ်ပေးပြီး ဘာသာရဲ့တန်ဖိုးကို နားလည်ပါမှလည်း မိရိုးဖလာ ဗုဒ္ဓဘာတွေနည်းပြီး.. တကယ်သိ တကယ်ကြည်ညိုကိုးကွယ်တတ်တဲ့ လူငယ်တွေ ပေါ်ပေါက်လာမှာပါ။


လူငယ်တွေ ဘာသာတန်ဖိုး နားမလည်ရင် အနာဂတ်အတွက် မတွေးရဲစရာပါ။ ဘုရား၊ တရား၊ သံဃာရဲ့တန်ဖိုးကို နားမလည်ရင် မိဘဆရာဆိုတာလည်း အလကားထင်သွားမှာပါ။ ကြီးသူကိုရိုသေရမယ်.. အချင်းချင်း မေတ္တာတရား ထားရမယ်ဆိုတဲ့ ဆုံးမစကားတွေဟာ ဟာသတစ်ပုဒ်လို ဖြစ်သွားမှာပါနော်။ ငါးပါးသီလလုံအောင်စောင့်ပါလို့ ပြောရင်တောင် ရယ်စရာ လာပြောနေတာလားလို့ ထင်သွားမှာပါနော်။ ဒီအကြောင်းအရာလေးတွေးမိတော့ ဆရာတော်ဘုရားကြီးတစ်ပါးရဲ့ ဆုံးမသြ၀ါဒကို နားထဲက ကြားယောင်မိပါတယ်.. ဒကာလေး.. လူတွေရဲ့အသိတရားမှာ ဘုရားအဆုံးအမနဲ့ ဝေးသွားရင် ကလေးလိုဖြစ်တတ်တယ်.. လုပ်ချင်ရာလုပ်တယ်.. ပြောချင်ရာပြောတယ်.. ကြမ်းတမ်းရိုင်းစိုင်း သွားတတ်တယ် တဲ့။ ဟုတ်ပါတယ်နော်.. လူငယ်တွေရဲ့ စိတ်ထဲမှာ ဘာသာရေးအသိမဲ့သွားမယ်ဆိုရင် အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ မိမိဘာသာရဲ့ တန်ဖိုးကို နားမလည်ရင်လည်း ဘာသာခြားဖြစ်ဖို့ အင်မတန်လွယ်သလို တခြားဘာသာတွေရဲ့ စည်းရုံးသိမ်းသွင်းမှုကိုလည်း လွယ်လွယ်နဲ့ လက်ခံသွားနိုင်ဖို့ များပါတယ်။


ဒါ့ကြောင့်လည်း ယခုအခါမှာ တရားဟော ဓမ္မကထိက ဆရာတော်ဘုရားတွေက လူငယ်တရားပွဲတွေ.. လူငယ်တွေအတွက် နွေရာသီအားလပ်ရက် ဗုဒ္ဓဘာသာသင်တန်းတွေကို ဖွင့်လှ်ပြီး လူငယ်တွေရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓတံဆိပ် ဘာသာစိတ်ကို ခတ်နှိတ် ပေးနေကြတာပါ။ ကျေးရွာတွေမှာ အခမဲ့ ဘုန်းတော်ကြီး သင်တန်းကျောင်းတွေ၊ မိဘမဲ့ကလေးတွေကိုလည်း စား၊ ၀တ်၊ နေရေး အဆင်ပြေအောင် လုပ်ဆောင်ပေးပြီး ဘာသာရေး အသိတွေ ထည့်ပေးနေကြတာပါ။


ကျွန်တော်တို့တွေ အနေနဲ့လည်း အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ကိုယ်တတ်စွမ်းတဲ့ ဘက်ကနေ ဗုဒ္ဓတံဆိပ် ခပ်နှိတ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ မိမိကိုယ်တိုင် မစွမ်းနိုင်ရင်လည်း စွမ်းနိုင်တဲ့ လူတွေကို ကူညီထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး လူငယ်တွေကို ဘာသာရေးအသိတွေ.. ဘုရားအဆုံးအမတွေသိအောင် လုပ်ဆောင်ပေးတာဟာ သာသနာကို စောင့်ရှောက်ရာ ရောက်သလို.. ဘုရားရှင်ရဲ့ အဆုံးအမကိုလည်း ကာကွယ်စောင့်ထိန်းရာ ရောက်ပါတယ်။ ဘုရားအဆုံးအမတွေ မပျောက်ပျက်အောင် မိမိကိုယ်တိုင်လည်း စွမ်းဆောင်ကြပါ.. မိမိကိုယ်တိုင် စွမ်းဆောင်ရင်းဖြင့် မိမိရဲ့ ပတ်ဝန်းကျင်.. မိမိရဲ့ဘာသာသာသနာကို မြှင့်တင့်ရင်း လူငယ်တိုင်း.. လူသားတိုင်းရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓတံဆိပ် ကိုယ်စီခပ်နှိတ်ပေးကြစေဖို့ ဆန္ဒပြု ရေးသားလိုက်ပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP