တရားထိုင်ရခြင်းအကြောင်းရင်း
ကျွန်တော်ဒီစာလေးကိုရေးရခြင်းအကြောင်းရင်းကတော့ ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ့တရားဘာကြောင့်ထိုင်ရလဲဆိုတဲ့ မေးခွန်းလေးကြောင့်ဖြစ်ပါတယ်။ ကျွန်တော်လည်း ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒေ၇းသားတဲ့ ၀ိပဿနာအမေးအဖြေများအမှတ်စဉ် (၁) စာအုပ်နဲ့ ဆရာတော်အရှင်နာယကာလင်္ကာရ၏ ဖြေကြားချက်ကို မှီငြမ်းပြီး သူငယ်ချင်းရဲ့မေးခွန်းလေးကိုဖြေကြားလိုက်ပါတယ်။တရားဆိုတာပါဋ္ဌိစကား “ဓမ္မ” ကိုခေါ်ပါတယ်။ဓမ္မရဲ့အဓိပ္ပာယ်တွေကို သဘောတရား၊ပရိယတ္တိစာပေ၊ မှန်ကန်တဲ့ သစ္စာ၊ အသိဥာဏ်၊ သိသင့်တဲ့တရား၊ အကြောင်းအကျိုးစသည်ဖြင့် အနက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။တရားထိုင်တယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိပါသည်။လူတွေရဲ့စိတ်ဟာ သာဒ လို့ခေါ်တဲ့ သာယာခြင်းတွေကို ခံစားပျော်မြူးနေတဲ့အချိန်မှာ မမျှော်လင့်ဘဲ အသာဒ မသာယာမှုတွေ ပေါ်လာတဲ့အခါစိတ်ဆင်းရဲမှုဖြစ်ကြတယ်။ အဲဒီစိတ်ဆင်းရဲမှုဒုက္ခတွေ မခံစားခြင်းဘဲ ကောင်းကျိုးချမ်းသာကို လိုလားလို့တရားအားထုတ်ကြခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် သံသရာမှ ထွက်မြောက်ချင်လို့၊ ၀ဋ္ဋ်ဒုက္ခဆင်းရဲမှကင်းဝေးချင်လို့၊ အပါယ်မကျချင်လို့၊ ဆင်းရဲဒုက္ခမျိုးစုံမှလွတ်မြောက်ပြီး နိဗ္ဗာန် ချမ်းသာကိုရချင်လို့လည်းဖြစ်ပါသည်။ ချမ်းသာကိုလည်းအမျိုးမျိုးခွဲခြားနိုင်ပါတယ်။ ချမ်းသာတွင် လောကီချမ်းသာနှင့် လောကုတ္တရာချမ်းသာဟူ၍ အဓိကအားဖြင့် (၂)မျိုးရှိပါသည်။အဆင့်အတန်းအားဖြင့် လူတို့ရဲ့ ကာမဂုဏ်ချမ်းသာ၊ ဗြဟ္မာတို့ ရဲ့ ဈာန်ချမ်းသာ၊ ၀ိပဿနာချမ်းသာ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဟူ၍ (၇)မျိုးရှိပါသည်။ရှာဖွေလို့ရတဲ့ချမ်းသာ၊ရရှိတာကို ခံစားတဲ့ချမ်းသာ၊ ခံစားတဲ့အခါအကြွေးကင်းတဲ့ချမ်းသာ၊နောက်ပြီး အပြစ်ကင်းတဲ့ချမ်းသာ၊ ကိုယ်ချမ်းသာ၊စိတ်ချမ်းသာ၊ အခုလက်ငင်းချမ်းသာ၊နောင်တမလွန်ချမ်းသာ ဟူ၍လည်းရှိပါသည်။
ရှင်းရှင်းလင်းလင်းပြောရရင်တော့ လောကကြီးကို ပျော်စရာလို့မမြင်တော့ဘဲကြောက်စရာလို့ အပြစ်မြင်တဲ့ စိတ်အင်အားကြီးတဲ့ အရိယာသူတော်ကောင်းတွေက (သံသရေ ဘယဒဿာဝီ) ဒုက္ခသံသရာမှ လွတ်ချင်လို့၊ အခြားပုထုဇဉ်တွေကတော့ ဖိစီးမှုတွေများတဲ့အခါ(ဒုက္ခရောက်တဲ့အခါ) လွတ်ခြင်လို့ ခဏတာလွတ်မြောက်မှုကို လိုချင်လိုတရားအားထုတ်ကြခြင်းတွေဖြစ်ပါသည်။

0 comments:
Post a Comment