* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 8, 2009

ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ...

ဥရဂသုတ် - (ရင်ဖြင့်သွားသည်၊ မြွေ)

၁...
(တစ်ကိုယ်လုံး) ပျံ့နှံ့၍ တည်သော မြွေဆိပ်ကို ဆေးတို့ဖြင့် ပယ်ဖျောက်သကဲ့ သို့ အကြင် ရဟန်းသည် ဖြစ်ပေါ်လာသော အမျက်ဒေါသကို ပယ်ဖျောက်၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာ တည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၂...
(သူငယ်တို့သည်) ရေအိုင်သို့ ဆင်း၍ ရေအိုင်၌ ပေါက်သော ပဒုမ္မာကြာပန်းကို ချိုးဖြတ် ဖျက်ဆီးကုန် သကဲ့သို့ အကြင် ရဟန်းသည် ရာဂကို အကြွင်းမဲ့ ချိုးဖြတ် ဖျက်ဆီး၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထို ရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၃...
အကြင်ရဟန်းသည် ကျင်လည်စေတတ်သော လျင်စွာ ပြေးသွားတတ်သော တဏှာကို ခန်းခြောက်စေလျက် အကြွင်းမဲ့ ချိုးဖြတ် ဖျက်ဆီး၏၊ မြွေသည် ဆွေး မြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာ တည်း ဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၎...
ကြီးစွာသော ရေအလျဉ်သည် အလွန်အားနည်းသော ကျူရိုးတံတားကို တိုက်ဖျက် သွား သကဲ့သို့ အကြင် ရဟန်းသည် မာနကို အကြွင်းမဲ့ သတ်ဖြတ်၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာ တည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၅...
ရေသဖန်းပင်တို့၌ အပွင့်ကို စူးစမ်း ရှာဖွေသည်ရှိသော် မရနိုင်သကဲ့သို့ အကြင် ရဟန်းသည် ဘဝတို့၌ ပညာဖြင့် စူးစမ်း ရှာဖွေသည်ရှိသော် အနှစ် 'သာရ' ကို မရနိုင်၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ် သကဲ့သို့ ထိုရဟန်း သည် သံသရာ တည်းဟူသော သမုဒ္ဒရာ၏ ဤမှာ ဘက်ကမ်းကို စွန့်လွှတ်၏။

၆...
အကြင် ရဟန်း၏ စိတ်၌ အမျက်ဒေါသတို့ မရှိကုန်၊ ပြည့်စုံမှု ပျက်စီးမှု တိုးပွါးမှု ဆုတ်ယုတ်မှု ခိုင်မြဲမှု ပြတ်စဲမှု ကောင်းမှု မကောင်းမှုကိုလည်း မဂ်လေးပါးတို့ဖြင့် လွန်မြောက်ခဲ့၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ် သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ် ၏။

၇...
အကြင်ရဟန်းသည် မိမိခန္ဓာအစဉ်၌ ကာမဝိတက်စသည်တို့ကို (အောက်မဂ်သုံး ပါးတို့ဖြင့်) ရှို့မြှိုက် လောင်ကျွမ်း စေပြီးလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ကောင်းစွာ ဖြတ်အပ်ကုန်ပြီ၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ် သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၈...
အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့်ဆုတ်၊ ဤ(တဏှာမာနဒိဋ္ဌိ) ပပဉ္စတရား အားလုံးကို လွန်မြောက်ခဲ့၏၊ မြွေသည် ဆွေး မြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်း ဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၉...
အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့်ဆုတ်၊ ထိုရဟန်းသည် လောက၌ ဤသင်္ခတ တရားဟူသမျှ အားလုံးသည် ဗာလ ပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာ တည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁ဝ...
အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့်ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရား ဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင် မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် လောဘကင်းသည် ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာ တည်း ဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်း ကို စွန့်လွှတ်၏။

၁၁...
အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့်ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရား ဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင် မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် ရာဂကင်းသည် ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာ တည်း ဟူသော သမုဒ္ဒရာ၏ ဤမှာ ဘက်ကမ်းကို စွန့်လွှတ်၏။

၁၂...
အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့်ဆုတ်၊ ထိုရဟန်းသည် သင်္ခတတရား ဟူသမျှ အားလုံးသည် ဗာလပုထုဇဉ်တို့ ထင် မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် ဒေါသကင်းသည် ဖြစ်၍ြေ>ွမသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာ တည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်း ကို စွန့်လွှတ်၏။

၁၃...
အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့်ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရား ဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင် မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် မောဟကင်းသည် ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာ တည်း ဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်း ကို စွန့်လွှတ်၏။

၁၄...
အကြင်ရဟန်းအား တစ်စုံတစ်ခုသော အနုသယတို့ မရှိကုန်၊ အကုသိုလ် မူလ တို့ကိုလည်း အကြွင်းမဲ့ ပယ်နုတ် အပ်ကုန်၏၊ မြွေသည် ဆွေးမြေ့သော အရေ ဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာ တည်းဟူသော သမုဒ္ဒရာ ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၅...
အကြင်ရဟန်းအား ခန္ဓာကိုယ် (သက္ကာယ) ဖြစ်ခြင်း၏ အကြောင်း ဖြစ်ကုန်သော တစ်စုံတစ်ခုသော ပူပန် စေတတ်သော ကိလေသာတို့ မရှိကုန်၊ မြွေသည် ဆွေး မြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာ တည်း ဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၆...
အကြင်ရဟန်းအား ဘဝ၌ မြဲစွာ ဖွဲ့ခြင်း၏ အကြောင်းဖြစ်ကုန်သော တစ်စုံတစ်ခု သော ကိလေသာ (တဏှာ)တို့ မရှိကုန်၊ မြွေသည် ဆွေးမြေ့သော အရေဟောင်း ကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၇...
အကြင်ရဟန်းသည် နီဝရဏငါးပါးတို့ကို ပယ်စွန့်နိုင်သောကြောင့် ဆင်းရဲ မရှိ၊ သို့လော သို့လော တွေးတော ယုံမှားမှုကို လွန်မြောက်၏၊ ရာဂစသော ငြောင့် တံသင်းမှ ကင်း၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ် သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာ ဘက်ကမ်းကို စွန့် လွှတ်၏။

၁ - ဥရဂသုတ်၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP