* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 9, 2011

ရတနာသုံးပါး ပြည့်စုံသော ဓမ္မစကြာ အခါတော်နေ့...(၂)...

ရတနာသုံးပါး ပြည့်စုံသော ဓမ္မစကြာ အခါတော်နေ့...(၁)... မှ အဆက်


တရားဦး ဓမ္မစက်၏ အနှစ်သာရသည် -
(၁) ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
(၂) လိုက်နာ ကျင့်သုံးရန် အလယ်လမ်းနှင့်
(၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါး
တို့ပင်ဖြစ်သည်။
ထိုအနှစ်သာရ သုံးပါးအား အကျဉ်းချုံး၍ ဖော်ပြပေအံ့။

(၁) ရှောင်ရှားရန် အစွန်းနှစ်ဘက်
ထိုအစွန်းနှစ်ဘက်သည်
- ကာမသုခလ္လိကာနုယောဂနှင့်
- အတ္တကိလမထာနုယောဂ တို့ဖြစ်သည်။
အစွန်းတစ်ဘက် ဖြစ်သော ကာမသုခလ္လိကာနုယောဂ ဟူသော ကာမဂုဏ် ခံစားခြင်းသည် ယုတ်၏၊ ညံ့၏၊ လူညံ့တို့၏ ခံစားမှုသာလျှင် ဖြစ်၏။ ကိလေသာကို တိုးပွားစေသည်။ အသိဉာဏ်ကိုလည်း မှေးမှိန်စေသည်။ မရောင့်ရဲနိုင်သောကြောင့် ဒုက္ခသက်သက်သာလျှင် ဖြစ်သည်။ ကာမဂုဏ်၏ အပြစ်တို့ကို သိစေပြီး ထိုအစွန်းကို စွန့်လွှတ်ရန် မြတ်စွာဘုရားက ဟောကြားတော်မူသည်။
အတ္တကိလမထာနုယောဂသည် ရုပ်ခန္ဓာတွင် ကိလေသာများ ရှိနေသည်ဟု ယူဆပြီး

ကိလေသာကို နှိပ်စက်၊ နည်းပါးစေရန် ရည်ရွယ်ချက်ဖြင့် ခန္ဓာကိုယ်ကို ညှဉ်းပန်း နှိပ်စက်သော အကျင့်ဖြစ်သည်။ ကိလေသာ တည်ရှိနေသော ရုပ်ခန္ဓာကို ရေစိမ်ခြင်း၊ နေလှမ်းခြင်း၊ မီးမြှိုက်ခြင်း၊ ဆူးခက်ဖြင့်ရိုက်ခြင်း၊ ဆူးခက်တွင် အိပ်ခြင်း၊ ၀င်လေ ထွက်လေကို အောင့်ပိတ်၍ ရပ်စေခြင်းများသာ ဖြစ်ခဲ့သည်။
ထိုအကျင့်သည် ခန္ဓာကိုယ်ကို ညှဉ်းဆဲ နှိပ်စက်ခြင်း သည်သာ ဖြစ်သည်။ နိဗ္ဗာန်ကို ဦးတည်စေသော ပညာရင့်သန် စေမည့် နည်းလမ်း မဟုတ်ပေ။
ထိုကြောင့် မြတ်ဗုဒ္ဓသည် ပဉ္စ၀ဂ္ဂီငါးဦးကို ထိုအစွန်း နှစ်ဘက် ရှောင်ကြရန် ပဏာမ ရှေးဦးစွာ ဟောကြားတော်မူခဲ့သည်။

(၂) လိုက်နာ ကျင့်သုံးရန် အလယ်လမ်း
ထပ်မံ၍ လိုက်နာရန် အလယ်လမ်း ဖြစ်သော မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ဟောတော်မူသည်။ တစ်နည်းအားဖြင့် ၄င်းသည် ဆောင်ရန် တရားဖြစ်သည်။ ထိုရှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ ဦးဆောင်သော ကိလေသာတို့၏ အကြွင်းမဲ့ ကုန်ခမ်းရာ နိဗ္ဗာန်သို့ ဦးတည်သွားသော မစ္ဈိမပဋိပဒါ အရိယာမဂ် လမ်းစဉ်၊ သူမြတ်တို့ လျှောက်လှမ်းရာ လမ်းပင်ဖြစ်သည်။
မဂ္ဂင်ရှစ်ပါးသည် -
(၁) သမ္မာဒိဋ္ဌိ - မှန်သော အယူအမြင်၊
(၂) သမ္မာသင်္ကပ္ပ - မှန်သော အတွေးအကြံ၊
(၃) သမ္မာဝါစာ - မှန်သော စကား၊
(၄) သမ္မာကမ္မန္တ - မှန်သော အမှုအလုပ်၊
(၅) သမ္မာအာဇီဝ - မှန်သော အသက်မွေးဝမ်းကြောင်း၊
(၆) သမ္မာဝါယာမ - မှန်သော အားထုတ်မှု၊
(၇) သမ္မာသတိ - မှန်သော အောက်မေ့မှု နှလုံးသွင်းမှု၊
(၈) သမ္မာသမာဓိ - မှန်သော တည်ကြည်မှု စူးစိုက်မှု၊
တို့ပင် ဖြစ်သည်။
အစွန်းနှစ်ပါးနှင့် မစ္ဈိမပဋိပဒါ လမ်းစဉ်တို့သည် လုံးဝတူညီမှု မရှိဘဲ ဖြောင့်ဖြောင့် ဆန့်ကျင်နေလေသည်။ အန္တအစွန်း နှစ်ပါးသည် လူတို့၏ စိတ်နှင့် ပညာဉာဏ်တို့ကို ထုံထိုင်း၊ နှေးလေး၊ မှေးမှိန်စေပြီး မစ္ဈိမပဋိပဒါ လမ်းသည် စိတ်ဓာတ်ရေးရာတွင် ပေါ့ပါး သွက်လက် ထက်မြက်လာ၍ အသိဉာဏ်အရာတွင် စူးရှ တောက်ပလာလေသည်။ ထိုနောက် သဘာဝ အရှိ အမှန်တို့ကို အရှိအတိုင်း၊ အမှန်အတိုင်း သင်္ခါရဓမ္မ အားလုံးတို့၏ မြင်ကွင်းများကို သဘာဝကျကျ မြင်သိ လာလေသည်။

(၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါး
မြတ်ဗုဒ္ဓသည် ရှောင်ရန်အန္တ အစွန်းနှစ်ပါးနှင့် ဆောင်ရန် မဂ္ဂင်ရှစ်ပါး မစ္ဈိမပဋိပဒါ တို့ကို ရှေးဦးစွာ ဟောကြားတော်မူပြီး သစ္စာလေးပါး တရားတော်ကို အသေးစိတ် ထပ်မံ၍ ဟောတော်မူသည်။
သစ္စာလေးပါး ဟူသည်ကား -
(၁) ဒုက္ခသစ္စာ၊
(၂) သမုဒယသစ္စာ၊
(၃) နိရောဓသစ္စာ၊
(၄) မဂ္ဂသစ္စာ၊
တို့ ဖြစ်သည်။
ခန္ဓာကိုယ်၏ ဖြစ်ခြင်း ပျက်ခြင်း၊ ဖောက်ပြန်ခြင်း၊ ဆွေးမြေ့ရင့်ရော်ခြင်း၊ နာကျင်နှိပ်စက်ခြင်း၊ သေဆုံး ပျက်စီးရခြင်း စသည်တို့နှင့်အတူ ကိလေသာတို့၏ အကျိုးဆက်များ ဖြစ်ကြသော ချစ်ခြင်း၊ မုန်းခြင်း၊ အလိုမပြည့်ခြင်း၊ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း၊ သောကမီးများ တောက်လောင်ခြင်း၊ ချစ်သောသူနှင့် ကွေကွင်းရခြင်း၊ မနှစ်သက်သော သူနှင့်လည်း ပေါင်းဖော်နေရခြင်း စသည် စသည် ဒုက္ခပေါင်းမျိုးစုံနှင့် ခံစားနေကြရသော ကမ္ဘာလောကကြီးတွင် နေထိုင်နေကြရသည်။ ခန္ဓာသည် ဒုက္ခသာလျှင် အမှန်ဖြစ်၏ ဆိုသည့်တရားကို တကယ် သိရမည့် ဒုက္ခသစ္စာ တရားဖြစ်သည်။
ကာမ၌ တပ်မက်သော တဏှာ၊ ဘ၀၌ တပ်မက်သော တဏှာ၊ ဘ၀ပြတ်စဲမှု၌ တပ်မက်သော တဏှာ ထိုတဏှာ သုံးပါးသည် ဆင်းရဲခြင်း မျိုးစုံကို ပြည့်နှက်စေသော ခန္ဓာကိုယ် တည်ဆောက်ရာ အဓိက ပဓာန လက်သည်ပင် ဖြစ်သည်။ တဏှာသည် ရောင့်ရဲနိုင်ခြင်း မရှိပေ။ အ၀ိဇ္ဇာ၊ ကံ၊ သင်္ခါရ တို့၏ အကူအညီဖြင့် ထိုတဏှာသည် ဒုက္ခအစုအပုံကို အကြိမ်ကြိမ် ဖန်ဆင်းခဲ့လေသည်။ ထိုကြောင့် တဏှာသည် ဒုက္ခ၏ သမုဒယ ဖြစ်သည်။ ဒုက္ခဇာတ်ကို အဆုံးသတ်လိုသူတို့သည် ထိုတဏှာကို အကြွင်းမဲ့ ပယ်နှုတ်ရမည် ဖြစ်သည်။ တဏှာလောဘ သည် ဒုက္ခအားလုံးတို့၏ အကြောင်းရင်း သမုဒယသစ္စာ သာလျှင် ဖြစ်သည်။
ဒုက္ခအားလုံး၏ အကြောင်းအရင်း ဖြစ်သော တဏှာကို အကြွင်းမဲ့ ပယ်ခြင်း၊ နှုတ်ခြင်း၊ သတ်ခြင်း၊ ချုပ်ငြိမ်းစေခြင်း၊ စွဲလမ်းတပ်မက်မှု များကို စွန့်လွတ်ခြင်း၊ တဏှာ၏ နှိပ်စက်နှောင်ဖွဲ့မှု တို့မှ အပြီးတိုင် လွတ်မြောက်ခြင်းတို့သည် ဒုက္ခမှ လွတ်မြောက်ခြင်း ဖြစ်သောကြောင့် နိရောဓသစ္စာ ဆိုက်သွားလေသည်။
ထိုကဲ့သို့ နိရောဓသစ္စာ ဆိုက်ရောက်စေရန်မှာ မစ္ဈိမပဋိပဒါ လမ်းစဉ်ကိုသာ ကျင့်ကြံပွားများအားထုတ်ဖို့ လိုအပ်ပေသည်။ မဂ္ဂသစ္စာ ဆိုသည်မှာ မဂ္ဂင်ရှစ်ပါး လမ်းပင်တည်း။

ထိုတရားများကို မြတ်စွာဘုရားသည်း ပဉ္စ၀ဂ္ဂီငါးပါးအား ဟောကြားတော်မူ ပြီးနောက်တွင် ထိုနေ့ ၀ါဆိုလပြည့်နေ့ ညချမ်းမှာပင် အရှင်ကောဏ္ဍည သည် ပထမဦးဆုံး ဓမ္မစက္ခု တရားမျက်လုံး ရရှိသွားပြီး မြတ်ဗုဒ္ဓထံတော်တွင် ဧဟိဘိက္ခု ရဟန်း ဖြစ်သွားလေသည်။ ဗုဒ္ဓသာသနာတော်တွင် အရှင်ကောဏ္ဍည သည် သက်တော်အကြီးဆုံး၊ သိက္ခာတော် အကြီးဆုံး သာဝက တစ်ဆူ ဖြစ်သည်။
ဓမ္မစကြာ တရားဦး ဓမ္မစက်ကို ဟောတော်မူသည့် ၀ါဆိုလပြည့်နေ့တွင် သံဃရတနာ စတင် ပေါ်ထွန်းလာခဲ့သည်။ ဤနေ့သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ရတနာ သုံးပါး ပြည့်စုံသွားလေပြီ။ ထိုကြောင့် ၀ါဆိုလပြည့်နေ့ကို ရတနာသုံးပါး ပြည့်စုံသောနေ့ အဖြစ်လည်းကောင်း၊ ဓမ္မစကြာ အခါတော်နေ့ အဖြစ်လည်းကောင်း အမည်နာမည် အမျိုးမျိုးဖြင့် ခေါ်ဆိုကြပေသည်။
ယခုအခါတွင် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုသွားပြီ ဖြစ်သော်လည်း တရားကို သိမြင်သောသူသည် ဘုရားကို သိမြင်သောသူနှင့် တူပေသည်။ ထိုကြောင့် အသင်သူတော်ကောင်း အပေါင်းတို့သည် တရားကို ကျင့်ကြံပွားများ အားထုတ်ကြလျှင် ဗုဒ္ဓမြတ်စွာဘုရားကို မြင်ခြင်းသာလျှင် ဖြစ်၍ ဗုဒ္ဓရတနာနှင့် ဓမ္မရတနာကို သိမြင်ပြီးသူများ ဖြစ်လိမ့်မည်။
ထို့အပြင် သီလ၊ သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို ကျင့်ကြံပွားများ အားထုတ်နေကြသော ရဟန်းသံဃာများလည်း ယခု ခေတ်တွင် ရှိနေသေးသည့် အတွက် သံဃာရတနာ များကိုလည်း ဖူးမြင် ရနေပေသေးသည်။ ဆည်းကပ်ခွင့်၊ တရားနာယူခွင့် တို့လည်း ရနေပေသေးသည်။
သို့အတွက် အသင်သူတော်စင် အပေါင်းတို့၏ အဇ္ဈတ္တ စိတ်သန္တန် နှလုံး အိမ်ဝယ် တရားဓမ္မများ အချိန်တိုင်း အစဉ်ကိန်းအောင် နေစေရန် ရတနာ သုံးပါးကို ယုံကြည်ဆည်းကပ် ကိုးကွယ်ကြ၍ သစ္စာတရားများကို သိမြင်ကြကာ ဒုက္ခကင်းငြိမ်းရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော တရားကျင့်ကြံ အားထုတ်မှုများဖြင့် ထုံမွှမ်းနေပါစေသတည်း…..

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP