* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 15, 2010

တစ်ခုပဲလိုပါတယ်








ဓါတ်ပုံများကို facebook တွင်အလှူခံထားသော ၀က်ဆိုဒ်တစ်ခုမှ ဒေါင်းလုပ်ချ၍ တင်ထားပါသည်။

ဖော်ပြပါဓါတ်ပုံလေးတွေကြည့်လိုက်ရင် ဒုက္ခရောက်နေတဲ့လူတွေအတွက် ဘာတွေလိုအပ်နေသလဲဆိုတာကို အားလုံးသိကြမယ် ထင်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရတဲ့ အခက်ခဲတွေ များစွာဖြစ်နေပါတယ်။ ရေဘေးဒုက္ခတစ်ခုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဖြစ်လာစရာဒုက္ခပေါင်းများစွာ ရှိနေပါတယ်။ ရေရှားပါးတော့ တွေ့ကရာရေသောက်ရ.. တွေ့ကရာရေသောက်တော့ မသန့်ရှင်းမှုတွေကြောင့် ရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ရောဂါအမျိုးမျိုးဖြစ်လာရင်တော့ နောက်ဆုံးအသက်ပါ ပေးဆပ်သွားရမယ့် အထိပါပဲ။ ရေရှားပါးမှုရဲ့ဆိုးကျိုးတွေဟာ လူတွေရဲ့အသက်ပေါင်းများစွာကို ထိခိုက်ဆုံးရှုံးနစ်နာစေနိုင်သလို… ရောဂါပေါင်းများစွာကိုလည်း ကူးစက်ပြန့်နှံ့စေနိုင်ပါတယ်။ ဒါ့ကြောင့် ရေရှားပါးဒုက္ခရောက်နေတဲ့သူတွေကို ပေးလှူရတဲ့အလှူဒါနဟာ အသက်ကယ်တဲ့အလှူ အသက်ဆက်တဲ့အလှူလို့ ပြောမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ မိုးလင်းကနေမိုးချုပ် ရေရရှိဖို့ကို လုံးပန်းနေရတဲ့ ဒုက္ခရောက်သူတွေကို ကိုယ်ချင်းစာတရားလေး ထားမိမယ်ဆိုရင် အသက်ဆက်ပေးတဲ့အလုပ်ကို လူသားတိုင်း နားလည်သဘောပေါက်ပြီးလုပ်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

သီတဂူဆရာတော်ဘုရားကြီး ဟောပြဆုံးမတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “သူတော်ကောင်းတွေဟာ ဒုက္ခရောက်သူတွေကို မြင်တွေ့ရကြားတွေ့ရလို့ရှိရင် သူတို့တွေရဲ့ရင်ထဲမှာ စိတ်နှလုံးမချမ်းမြေ့စွာ ဖြစ်ကြရတယ်.. တုန်လှုပ်ကြရတယ်..” ဆိုတဲ့ ဆုံးမစကားလေးပါ။ ဒါဟာ ဘာကြောင့်လည်းဆိုတော့.. ဒုက္ခရောက်သူတွေရဲ့ ရင်ထဲနှလုံးသားထဲမှာရှိတဲ့ ဒုက္ခတွေကို သူတို့ကိုယ်တိုင် ၀င်ရောက်ခံစားမိလိုက်ရတဲ့အတွက်ပါပဲ။ သူတော်ကောင်းဆိုတဲ့သူတွေရဲ့ ရင်ထဲမှာဖြစ်တည်နေတဲ့ စိတ်ထားတွေဟာ ကိုယ်ချင်းစာတရားပဲလို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ သူ့တို့မှာရှိတဲ့အခက်အခဲလေး အဆင်ပြေသွားစေချင်တယ်.. သူတို့မှာရှိတဲ့ဒုက္ခတွေကို ၀င်ရောက်ပြီးဖြေဖျောက်ပေးချင်တယ်.. သူတို့တွေရဲ့ရင်ထဲမှာရှိတဲ့ အပူမီးတွေကို မေတ္တာရေနဲ့ ဖြန်းပက်ပေးချင်တယ်.. သူတို့တွေရဲ့ပူလောင်နေတဲ့ ဒုက္ခတွေကို အေးအေးချမ်းချမ်းလေး ဖြစ်သွားစေချင်တယ်ဆိုတဲ့ စိတ်ထားတွေဟာ ကိုယ်နဲ့နှိုင်းယှဉ်ပြီး စာနာသနားတတ်တဲ့ ကိုယ်ချင်းစာတရားတွေပါပဲ။

ဒုက္ခရောက်နေတဲ့သူတွေကို ကယ်တင်ဖို့ လူတိုင်းလူတိုင်းမှာ လိုအပ်တာတစ်ခုပဲ ရှိပါတယ်.. အဲ့ဒါကတော့ ကိုယ်ချင်းစာတရားပါပဲ။ သူ့နေရာမှာ ငါသာဆိုရင်.. သူ့နေရာမှာ ငါ့မိဘသာဆိုရင်.. သူ့နေရာမှာ ငါ့သားသမီးသာဆိုရင်.. သူ့နေရာမှာ ငါ့ဆွေမျိုးသားချင်းသာဆိုရင်…ဆိုတဲ့ ကိုယ်ချင်းစာတရားတွေသာ ရှိမယ်ဆိုရင် လောကကြီးဟာ အင်မတန် ငြိမ်းချမ်းနေမှာပါပဲ။ အများသူငါရဲ့လိုအပ်ချက်ကို မျှော်လင့်ချက်တစ်စုံတစ်ရာ မပါပဲနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဆောင်ရွက်လိုတဲ့ စိတ်ထားတွေဟာ ပါရမီမြောက်တဲ့ စိတ်ထားတွေပါ။ ကိုယ်နဲ့ယှဉ်ပြီး သူတစ်ပါးခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို တတ်နိုင်သမျှ အေးချမ်းစေချင်တဲ့စိတ်ထားတွေဟာ ကိုယ်ချင်းစာတရားရှိတဲ့ စိတ်ထားတွေပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပါရမီတော်တွေ ဖြည့်ဆည်းလာရတဲ့ရည်ရွယ်ချက်.. ဘုရားဖြစ်ချင်တဲ့ရည်ရွယ်ချက်တွေကိုက “ငါကိုယ်တိုင်ငြိမ်းအေးမှု အေးချမ်းမှုကိုရရှိသလို သတ္တ၀ါတွေလည်းပဲ ငါ့လိုငြိမ်းအေးမှု အေးချမ်းမှုတွေကို ရရှိစေရမယ်"ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေပါတယ် မဟုတ်ပါလား။ ဒီလိုမျိုး ကိုယ်ချင်းစာတရားရှိတဲ့ စိတ်ထားတွေကြောင့်ပဲ ပါရမီတော်တွေကို စတင်ဖြည့်ဆည်းဖြစ်ခဲ့တာ မဟုတ်ပါလား။ ကိုယ်ချင်းစာတရားလေးတွေသာ လူသားတိုင်းကိုယ်စီမှာ ရှိမယ်ဆိုရင်.. ဒုက္ခဆိုတဲ့စကားကိုကြားတာနဲ့ ဒုက္ခကို ဖြေဖျောက်ပေးချင်တဲ့စိတ်တွေ၊ ကူညီချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်နေအုံးမှာပါ။

ကျွန်တော်တို့တွေအနေနဲ့ အမိမြေရဲ့အဝေးတစ်နေရာမှာ ရောက်ရှိနေပေမယ့် ကိုယ်တတ်နိုင်တဲ့ဘက် ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ အမိမြေမှာရှိတဲ့ ဒုက္ခရောက်နေတဲ့သူတွေကို စွမ်းနိုင်သမျှ ကူညီဖေးမပေးကြပါလို့ ဆန္ဒပြုလိုပါတယ်။ ကိုယ့်အနေနဲ့ လွယ်လွယ်လေး သုံးစွဲလိုက်တဲ့ ဒေါ်လာတစ်ဒေါ်လာဟာ သူတို့တွေအနေနဲ့ ရေတစ်ဗူးဖြစ်သွားနိုင်သလို.. ဒေါ်လာပေါင်းများစွာပေါင်းပြီးတော့လည်း အသက်ပေါင်းများစွာဆက်ပေးနိုင်တဲ့ ရေကန်တစ်ကန် ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ့်အနေနဲ့ တစ်ဒေါ်လာဆိုတာ ဘာမှမပြောပလောက်ပေမယ့် သူတို့တွေအတွက်တော့ ကိုယ့်ကိုအကြောင်းပြုပြီး ရရှိလာတဲ့ရေတစ်ဗူး.. ဖြစ်ပေါ်လာတဲ့ ရေကန်တစ်ကန်ဟာ အသက်ကယ်ဆေးတစ်ထောင့် တိုက်လိုက်ရသလို.. အသက်ဆက်ပေးသလို ဖြစ်စေတယ်ဆိုတာလေးလည်း နားလည်သဘောပေါက်စေချင်ပါတယ်။ ဆရာတော်အရှင်ဆန္ဒာဓိက ဟောပြဆုံးမသလိုပါပဲ.. အမိမြေရဲ့အဝေးမှာ ရှိနေပေမယ့် အမိမြေအပေါ်မှာထားရှိတဲ့ ကိုယ့်ရဲ့စေတနာတွေ မေတ္တာတွေဟာ အမိမြေမှဒုက္ခရောက်သူတွေဆီ အစဉ်ရောက်နေမယ်ဆိုရင် အနေဝေးပေမယ့် အဝေးနေ မဟုတ်ပြန်ပါဘူးနော်။ အဝေးမှာရှိနေပေမယ့် သူတို့အပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့မေတ္တာတရားတွေဟာ သူတို့တွေနဲ့ အစဉ်နီးစပ်နေတာပါ။ ဒီလိုပါပဲနော်.. အဝေးကနေလှူရလှူရ အနီးကနေလှူရလှူရ ကိုယ်ထားရှိလိုက်တဲ့စေတနာတွေဟာ သူတို့တွေရဲ့ အနီးမှာရောက်ရှိနေတဲ့အတွက် အနီးမှာလှူနေရတာနဲ့ ထပ်တူပါပဲ။
ကျွန်တော်အနေနဲ့ကတော့ ဘယ်အလှူမှ အတင်းလှူဖို့ တိုက်တွန်းဖို့ မတောင်းဆိုချင်သလို.. ဟိုဟာလှူပါ ဒီဟာလှူပါလို့လည်း အတင်းမတိုက်တွန်းတတ်ပါဘူး။ ကိုယ်တိုက်တွန်းလိုက်တဲ့ စကားတွေဟာ နှလုံးသွင်းမတတ်သူအတွက် ကိုယ့်ကိုအကြောင်းပြုပြီး အကုသိုလ်ဖြစ်သွားနိုင်စေတဲ့ အတွက်ပါ။ အဓိကကတော့ ကိုယ်ပိုင်အသိဥာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပြီး အကျိုးများစေတဲ့ အကျိုးရှိစေတဲ့ တကယ်လိုအပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းပေးစေချင်မိတာပါပဲ။ ဒီစာကို အယောက်(၁၀၀)ဖတ်လို့ တစ်ယောက်လောက် လှူချင်စိတ်လေး ပေါ်သွားမိမယ်ဆိုရင် ကျွန်တော်ရေးလိုက်တဲ့စာလေးက အကျိုးရှိမယ်လို့ ခံယူမိပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမသလိုပါပဲ.. “ရဟန်းတို့….. ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ စေတနာရဲ့အကျိုးကို ငါသိသလို သတ္တ၀ါများ သိကြမည်ဆိုလျှင် ကိုယ်စားမည့် ၀တ္တုထဲက သူတစ်ပါးကို မပေးကမ်းပဲ ဘာကိုမျှ စားနိုင်မည်မဟုတ်ဘူး.. ကိုယ့်ပစ္စည်းကို မပေးရက်တဲ့မစ္ဆေရိယစိတ်ဟာလည်း သတ္တ၀ါတွေကိုနှိပ်စက်နိုင်မှာ မဟုတ်ဘူးလို့” ဒါနတရား၏ အကျိုးကျေးဇူးကြီးမားပုံကို ဘုရားရှင်က ဟောပြဆုံးမထားပါတယ်။
ဘုရားရှင် ဟောပြဆုံးမသလို ကိုယ်ကိုယ်တိုင်က ဒါနအကြောင်းကို နားမလည်သေးလို့ ပေးလှူချင်စိတ် မရှိသေးရင်နေပါလေ.. ကိုယ်ချင်းစာတရားလေး ထားတတ်မယ်ဆိုရင်တော့ လုပ်ဆောင်သင့်တဲ့အလုပ်ကို လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ တစ်ခုပဲလိုအပ်သော ကိုယ်ချင်းစာတရားလေးနဲ့ ဒုက္ခရောက်နေသူတွေကို စောင့်ရှောက်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်…
ကိုယ်ချင်းစာတရား လက်ကိုင်ထားကာ တတ်စွမ်းသမျှ ကူညီဖေးမ ပရဟိတ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP