ဂတိ မစပ်စေဘို့ သတိကပ်လို့နေကြတာပေါ့
Saturday, 15 May 2010 06:39 |
Written by Administrator | PDF | | Print | | E-mail

အရှင်ဉာဏိကာဘိဝံသ
ကာလီဖိုးနီးယားတက္ကသိုလ်
တစ်ယောက်ထဲပင် ၊ စွမ်းအင်အပြည့် ၊ တည်ရှိဘိ ၊ သတိဖြင့်သာနေ ၊ အများတကာ ဆက်ဆံရာ ၊မေတ္တာပါမှ အဆင်ပြေ ။ သတိမေတ္တာ ၊ ဤနှစ်ဖြာ ၊ လူ့ရွာ အဆိပ်ဖြေ-လို့ တိပိဋကဓရ ယောဆရာတော်က စပ်ဆိုထားတယ်။ ဒီလင်္ကာလေး စိတ်ထဲပေါ်လာပြန်ပါတယ်
နေ၀င်ပျိုးပျရဲ့ ရောင်စဉ်အကျကြောင့် ရွှေဝါရောင် ထိန်ထိန်တောက်နေတဲ့ တောင်တန်း နောက်ခံပြင်မှာ ပြာစင်လဲ့နေတဲ့ ကန်ရေပြင်အလှက လှပ နိုင်လွန်း လှစွာပါ။ ငြိမ်းချမ်းလွန်းလှတဲ့ ဒီအလှကို ပိုမိုကြွရွလာအောင် အားဖြည့် ပေးလိုက်တာကတော့ မတိုးမညင်း သံစဉ်လေးတွေပေးလို့ ကြည်လင် ပြာလဲ့နေတဲ့ ရေပြင်စကို ရှပ်တိုက်ကာ ဖြတ်ပြေးလာတဲ့ လေနု အေးလေးတွေနဲ့ တိုးတိုးမွမွ သံချိုမြတဲ့ ဖြူလွလွလှိုင်း ကြက်ခွပ်လေးများပေါ့။ ဒါက နေ့တစ်နေ့ အတွက် ပြည့်ဝလွန်းတဲ့ ဆည်းဆာအလှ တစ်ခုပဲလေ။
Oregon ပြည်နယ်မှာ သီတင်းသုံးနေတဲ့ဆရာတော်အရှင်သီရိန္ဒက ဖုန်းခေါ်ထားလို့ ပြန်ဆက်ဖြစ်တယ်။ အင်တာနက်ကနေ မှာထားတဲ့ ဓာတ်ပုံကင်မရာ ရောက်ပြီလားဆိုတာ မေးဖို့ဆက်တာပါတဲ့။ တနေ့ကပဲစကား စပ်လို့ ကင်မရာတစ်လုံး မှာထားတဲ့အကြောင်း ပြောဖြစ်ထားတာ။ ဘယ်ကင်မရာ အမျိုးအစားက ကောင်းတယ်၊ မကောင်း ဘူးဆိုတာကိုတော့ ဆရာကြီးဖြစ်တဲ့ သူ့ကိုပဲ မေးရတာပေါ့။ အရှင်နေမိန္ဒက ကင်မရာတစ်လုံး ၀ယ်ဖြစ်လို့ သတိရတာနဲ့ ဖုန်းဆက်လိုက်တာ ဖြစ်မှာပါ။ အရှင်သီရိန္ဒက ဓာတ်ပုံလှလှ လေးတွေရိုက်တာ ဝါသနာပါလို့ အပြောကောင်းတာနဲ့ ကင်မရာ ဝယ်ဖြစ်သွား တယ်လို့ အရှင် နေမိန္ဒက ပြောပါတယ်။ သူကိုယ်တိုင်လည်း ဓာတ်ပုံမှတ်တမ်းရိုက်တာ ဝါသနာပါတာကို အမှတ်ပြုမိပါတယ်။ ၀ါသနာတူသူ နှစ်ဦး တွေ့ကြလို့ ခုလို မြန်မြန် ၀ယ်ဖြစ်သွားတာဖြစ်မှာပါ။
အရှင်နေမိန္ဒာဘိဝံသနဲ့ အရှင်ရာဇိန္ဒ-ရဝေနွယ် (အင်းမ)တို့က လောလောဆယ်မှာ အရှင်သီရိန္ဒဆီကို အလည်ရောက်နေကြတာ။ ပေါ့တလန်မှာရှိတဲ့ ရေတံခွန်ကို သူတို့သွားခဲ့ကြတဲ့ ဓာတ်ပုံနဲ့အတူ အရှင်ရာဇိန္ဒ-ရဝေနွယ်(အင်းမ)ရဲ့ နောက်ဆုံးထုတ်ဝေတဲ့ စာအုပ်ထဲက ဂတိချိုချို ဂတိခါးခါးဆိုတဲ့ ဆောင်းပါး လေးတစ်ပုဒ်ကိုလည်း အရှင်သီရိန္ဒက သူ့ရဲ့ကိုယ်ပိုင် ဝက်ဘဆိုက်ပေါ်မှာ ဒီနေ့ပဲ တင်ထားတယ်။
သူ့အနားမှာ အရှင်နေမိန္ဒနဲ့ ရဝေနွယ်(အင်းမ)တို့ နှစ်ပါးလုံးလည်းရှိနေလို့ ဝက်ဘဆိုက်မှာ တင်ထားတဲ့ ဓာတ်ပုံကောင်းကြောင်းနဲ့ ရဝေနွယ်အင်းမကိုလည်း ဂတိ မချို့တချိုလေးတွေအကြောင်းလည်း ရေးပါဦးလို့ လှန်းစလိုက်တာ။ ဒီတော့ သူက ဒါကတော့ ဆရာတော်ရေးဖို့ ချန်ထားပါတယ်။ ရေးပါဦးလို့ ပြန် ပြောပါတယ်။ အရှင်သီရိန္ဒကလည်း ဂတိဖန်ဖန် ခါးခါးလေးတွေအကြောင်းတော့ အရှင်ဘုရားရေးမှဖြစ်မှာ၊ ရေးဖြစ်အောင် ရေးလိုက်ပါဦးလို့ တောင်းဆိုပါတယ်။ ဖန်ဖန်ခါးခါးတော့ သိပ်မကြိုက်လှဘူး။ ငရုပ်သီးစပ်စပ်ကို ကြိုက်သူမို့ ဂတိစပ်စပ် လေးတွေ အကြောင်းပဲ ရေးတော့မယ်လို့ ပြန်ပြောဖြစ်လိုက်ခဲ့တာ။
သူတို့နဲ့ ဖုန်းပြောဖြစ်တော့ ကိုယ်က ကန်ဘေးမှာ လမ်းလျှောက်နေခိုက်။ တိတ်ဆိတ်စွာ လှပနေတဲ့ ပတ်ဝန်းကျင်နဲ့ ကြည်လင်ပြာလဲ့နေတဲ့ ကန်ရေပြာလွင်က ကိုယ့်ကိုယ်စာရေးဖို့ ဝိုင်းကူအားပေးနေ သလိုလည်း ခံစားရတယ်။ သူတို့နဲ့ ဖုန်းပြောအပြီးမှာတော့ ယောဆရာတော်ရဲ့ တစ်ယောက်ထဲပင် စွမ်းအင်အပြည့် တည်ရှိဘိ သတိဖြင့်သာနေ ဆိုတဲ့ အထက်က လင်္ကာလေးက စိတ်ထဲအလိုလို ပေါ်လာတယ်။ ခုလိုတစ်ယောက်ထဲ လမ်းလျှောက်ဖြစ်တဲ့အခါမျိုးမှာ လွတ်လွတ်လပ်လပ်တွေးချင်ရာ တွေးတတ်တဲ့အခါမျိုးရှိသလို သတိလေးကိုယ်မှာကပ်လို့ ကိုယ့်စိတ်ထဲက ဖြစ်ခိုက်လေးတွေနဲ့ နေတတ်တဲ့ အခါမျိုးလည်း ရှိတတ်ပါတယ်။ တခါခါမှတော့ ကြည်စင်ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးတဲ့ ကန်ရေပြင်ပြာပြာက မေတ္တာပွားများဖို့ တွန်းအား ပေးတတ်ပါတယ်။ တွေးချင်တာပဲ တွေးနေနေ၊ ကိုယ့်စိတ်ကိုယ် ပြန်လည်ပဲ သတိကပ်လို့ပဲဖြစ်ဖြစ်၊ မေတ္တာလေးဖြန့်ဝေကာပဲနေနေ၊ ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့က စိတ်ငြိမ်းချမ်းမှုကို အားကူပေးသလိုဖြတ်တာကိုတော့ သတိပြုမိပါတယ်။
ကန်ဘောင်ပေါ်မှာ ကိုယ့်လိုပဲ လမ်းလျှောက်သူတွေကို တွေ့တိုင်း သူတို့ကဦးလျင် သူတို့ကနှုတ်ဆက်၊ ကိုယ်ကဦးလျင်လည်း ကိုယ်ကနှုတ်ဆက်၊ ချစ်စရာကောင်းတဲ့ အလေ့အကျင့်လေးတစ်ခုကို လုပ်နေ ကြ။ ဒီနေရာလေးကိုရောက်တိုင်း ပတ်ဝန်းကျင်ရဲ့ငြိမ်းချမ်းမှုနဲ့အတူ ပြုံးပြနှုတ်ဆက်သူတွေရဲ့ နှုတ်ခွန်း စကား သံတွေက ကိုယ့်ကိုယ် အပျော်ကူးစက်တတ်ပေမယ့် ကိုယ့်စိတ်ကို ကသိကအောက်ဖြစ်စေတဲ့ အရာ တစ်ခုကိုလည်း အမြဲတမ်းပဲ တွေ့ရတတ်ပါတယ်။
ဒါပေမယ့် နံနက်စောစော လမ်းလျှောက်ဖြစ်တဲ့ အခါတိုင်း ငါးမျှားတန်တွေကိုင်လို့ ကိုယ်နဲ့မျက်နှာချင်း ဆိုင်ကနေ လမ်းလျှောက်လာ သူတွေကိုတွေ့တိုင်း ဂွတ်မောနင်းလို့ နှုတ်ဆက် ရမှာမျိုးကိုတော့ ကိုယ့်နှုတ်က ဆွံ့နေတတ်ပါတယ်။ ကိုယ့်စိတ်ကလည်း ငါက တကယ်လို့များ ဂွတ်မော နင်းလို့ နှုတ်ဆက် ပါပြီတဲ့။ သူတို့အတွက် ဂွတ်မောနင်း-ကောင်းတဲ့နံနက်ခင်း ဖြစ်သွားရင် ကန်ထဲက ငါးလေးတွေအတွက် မကောင်းတဲ့ နံနက်ခင်း ဖြစ်သွားရင် ခက်ရချည့်ဆိုပြီး နှုတ်မဆက်ဖြစ်တာပါ။ ကိုယ်ကသူတို့ကို နှုတ်ဆက်ဖို့ မပြောနဲ့၊ ပြုံးပြဖို့တောင် သိပ်စိတ်မပါသလို ဖြစ်မိပါတယ်။ ပြန်လည်စဉ်းစားတိုင်း မဟုတ်သေး ပါဘူးလေဆိုတာ သိပေမယ့် တစ်ဖက်မှာ နာကျင်စွာခံစားရှာရ၊ အသက်ပါဆုံးရှုံး ရှာကြမယ့် ငါးလေး တွေအပေါ် သနားစိတ်က ပိုမိုနေတာကြောင့် ငါးမျှားသူတွေကို ဂွတ်မောနင်း မဆိုနိုင်ခဲ့မိတာတော့ အမှန်ပါပဲ။
ဒီလူတွေနယ်၊ မညှာမတာရှိရန်ကောလို့လည်း သူတို့တွေကို အပြစ်မြင်ကာ ကြားကနေ မဆီမဆိုင် အပြစ်ဝင်ယူမိတတ်တဲ့အခါလည်း ရှိတတ်ပါတယ်။ ဟောဒီလောက် လှပလွန်းတဲ့ ပတ်ဝန်းကျင်လေးမှာ ပတ်ဝန်းကျင်မြင်ကွင်းလေးအလှကို ဖျက်တတ်သူတွေရယ်လို့လည်း သူတို့အပေါ် အမုန်းစိတ် ရိုင်းလေး တွေလည်း ဖြစ်တတ်ပါတယ်။ သူတို့တွေရဲ့ အကုသိုလ်ကံက ဘယ်လောက်ကြီး မကြီးဆိုတာကိုတော့ မခန့်မှန်းနိုင်ပေမယ့် ကိုယ့်မှာ ဖြစ်တတ်တဲ့ ဒီအမုန်းစိတ် ရိုင်းကတော့ ကြည်လင်နေတဲ့ ကိုယ့်စိတ်ကို အတော်အရောင်ဆိုးနိုင်တာကိုတော့ အမှတ်ပြုမိပါတယ်။ ဒေါသအရောင်ဆိုတာ ဘယ်မှာ ချိုတဲ့ဂတိ ဘုံကို ပို့ဆောင်ပေးနိုင်ပါ့မလဲ။ စပ်ခါးတဲ့ ဘ၀ဂတိတွေဆီကိုသာ ပို့ဆောင်မှာပေါ့။ ဒီတော့ စပ်ခါးတဲ့ဂတိ တွေနဲ့ဝေးအောင်ဆို သတိလေးထား၊ သူတို့တွေကိုလည်း မေတ္တာလေးပွားနိုင်မှ တော်မှာပေါ့။ အမုန်း တရားဆိုတာက ဘယ်လိုကြားမှာမှ ကောင်းတာမျိုးမှ မဟုတ်တာပဲ။
ခုညနေမှာလည်း ကံဘေး တစ်လျောက်မှာ ငါးမျှားနေကြတဲ့သူတွေ တော်တော်များများကို တွေ့ခဲ့ရတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ဂတိစပ်ခါးခါးတွေ ကိုယ့်ဆီကူး စက်မလာအောင် သတိလေးကပ်လို့ နေတတ်အောင် နေမှဖြစ်မယ်ဆိုတဲ့ အသိလေးဝင်လာပါတယ်။ ကံထဲကနေ ငါးမျှားပြီးတက်လာတဲ့ သူတစ်ဦးက Hi Sir How are you doing today? လို့ နှုတ်ဆက်လာတာကို ကျေကျေနပ်နပ်ပဲ I’m fine. How about you လို့ ပြန်ပြောနိုင်ခဲ့တယ်။ အခါတိုင်းလိုသာဆို ကိုယ့်ဆီက နှုတ်ဆက်စကားသံ ခုလိုကျေကျေနပ်နပ် ထွက်နိုင်မယ် မဟုတ်ပေဘူး။ ဒါတင်မက သူ့အတွက်လည်း စပ်ခါးတဲ့ ဘ၀ဂတိကနေ ဝေးရလေအောင် သူများတွေကို ညှင်းဆဲသတ်ဖြတ်တဲ့ အလုပ်ဖြစ်တဲ့ ခုလိုငါးမျှားခြင်း ၀ါသနာကို အမြန်စွန့်လွှတ်နိုင်ပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးလိုက်ပါတယ်။ ။
( စေတနာ မေတ္တာများဖြင့် နာရီပိုင်းအတွင်း ဆောင်းပါးလှလှလေး ပေးပို့ချီးမြှောက်တဲ့ မိတ်ဆွေကြီး စာရေးဆရာ ဥာဏ်ဦးမောင်လို့ခေါ်တဲ့ ဆရာတော် အရှင်ဥာဏိကာဘိဝံသအား အထူးအထူးဘဲ ကျေးဇူးတင်ပါသည်။ )

0 comments:
Post a Comment