* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 15, 2010

*ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲတတ်ပုံ*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:


လောကီနယ်ပယ်တွင် ကျင်လည်နေသော ပုထုဇဉ်များ၏ စိတ်သည် များသောအားဖြင့် ကိုယ်တိုင်ဆုံးဖြတ် ဆင်ခြင် စဉ်းစားခြင်းမရှိဘဲ ပတ်ဝန်းကျင်ကိုလိုက်၍ ပြောင်းလဲတတ်သောသဘောရှိပါသည်။ မြန်မာစကား ပုံတွင်လည်း ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲတတ်ပုံကို “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ”ဟူ၍ ဆိုရိုးရှိ ပါသည်။ မြတ်စွာဘုရားရှင်ကလည်း ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲတတ်ပုံကို ငါးရာ့ငါးဆယ်နိပါတ်တော် ထဲတွင် ယခုလိုဟောကြားထားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် ရာဇဂြိင်္ဟ်မြို့တော်၌ ဒေ၀ဒတ်၏တပည့် ရဟန်းတစ်ပါး သည် ဘုရားရှင်ထံတော်မှာနေသော မိတ်ဆွေရဟန်းအား မိမိတို့မှာ ဆွမ်းမခံဘဲ နေ့စဉ် တစ်ဆယ့်ရှစ်မျိုး သော ဟင်းလျာများ စားနေကြရကြောင်း ပြောပြသည်။ ပြောဖန်များသောအခါ မြတ်စွာဘုရားရှင်ထံမှာနေ သောရဟန်းသည် ဒေ၀ဒတ်၏ တပည့်တို့ထံသို့သွား၍ ဆွမ်းစားလေသည်။
ထိုအကြောင်းနှင့်စပ်၍ မြတ်ဗုဒ္ဓက ဤအတိတ်ဇာတ်ကြောင်းကို ဆောင်၍ ဟောတော်မူလေသည်။
အတိတ်ဝတ္ထု
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားလောင်းသည် ထိုမင်း ကြီး၏ ပညာရှိအမတ် ဖြစ်နေသည်။ ထိုမင်းတွင် မဟိဠာမုခ မည်သော နူးညံ့သိမ်မွေ့သည့် မင်္ဂလာဆင် တော် တစ်စီးရှိသည်။ တစ်ည၌ သူခိုးတို့သည် ဆင်တင်းကုပ်အနီးသို့ လာရောက်၍ ဥမင်လိုဏ်ခေါင်းကို မည်ကဲ့သို့ တူးရမည်၊ ခိုးယူရာတွင် လူကို သတ်ပြီးမှ ခိုးသင့်သည်၊ ကြမ်းတမ်းစွာ ပြုမူနိုင်ရမည် စသည်ဖြင့် ပြောဆိုကြသည်။ ခိုးသူတို့သည် နောက်ညဉ့်များတွင်လည်း မကြာခဏ လာရောက်တိုင်ပင်ကြသည်။
ထိုအခါ မင်္ဂလာဆင်တော်သည် သူ့ကိုလာရောက် သင်ပေးနေသည်ဟု ထင်သွားကာ တစ်မနက်တွင် ဆင် တင်းကုပ်သို့ စောစီးစွာ ရောက်လာသော ဆင်ထိန်းကို နှာမောင်းဖြင့် ဖမ်းယူ၍ ရိုက်သတ်ပစ်သည်။ နောက်တစ်ယောက်ဝင်လာရာ ထိုသူကိုလည်း သတ်လိုက်ပြန်သည်။ နောက်ရောက်လာသူတိုင်းကိုလည်း ရန်မူ၍ချည်းနေသည်။
ဆင်ထိန်းများသည် ထိုအကြောင်းကို မင်းကြီးထံ သံတော်ဦးတင်ကြရာ ဘုရင်ကြီးက ဘုရားလောင်းအား “ဆင်တော်သည် အဘယ်ကြောင့် ဖောက်ပြန်ရသည်ကို စူးစမ်းချေလော့” ဟု စေခိုင်းလေသည်။ ဤတွင် ပညာရှိအမတ်က ညဉ့်ချိန် ဆင်တင်းကုပ်အနီး၌ စကားပြောနေသူများ ရှိမရှိကို ဆင်ထိန်းထံ စူးစမ်းသည်။ ဆင်ထိန်းများက ခိုးသူများလာ၍ စကားပြောဆိုကြကြောင်း ပြန်ကြားသည်။
အမတ်သည် “ဆင်တော်၌ ရောဂါဝေဒနာများ ကင်းရှင်းပါသည်။ သို့ရာတွင် သူခိုးတို့စကားကို ကြားရဖန် များ၍ ဆင်တော် ပျက်စီးရခြင်း ဖြစ်ပါသည်” ဟု တင်လျှောက်သည်။
ထိုအခါမင်းကြီးသည် ဆင်တော် ပြန်လည်ကောင်းမွန်လာစေရန် ပညာရှိအမတ်အား တာဝန်လွဲပေးလိုက် သည်။ ပညာရှိအမတ်သည် ရဟန်း၊ ပုဏ္ဏားတို့ကို ပင့်ဖိတ်၍ ဆင်တင်းကုပ်တွင် တရားဓမ္မများ ဆွေးနွေးစေ သည်။ ဆင်တော်သည် သူတော် ကောင်းတို၏ စကားသံများကို ကြားရဖန်များလာသောအခါ ပြန်လည်၍ ယဉ်ကျေးသိမ်မွေ့လာသည်။
ဇာတ်တော်တွင် မဟိဠာမုခဆင်တော်သည် ဒေ၀ဒတ်၏ ဆွမ်းကိုသွား၍ စားသောရဟန်းဖြစ်ပြီး ၊မင်းသည်၊ အရှင်အာနန္ဒာဖြစ်၍၊ ပညာရှိသည် မြတ်စွာဘုရားရှင်ဖြစ်ပါသည်။
ကိုးကား ။ ။ငါးရာ့ငါးဆယ်အနှစ်ချုပ်
ဤဇာတ်တော်ကိုကြည့်ခြင်းအားဖြင့် အတုမြင် အတတ်သင်တတ်သည် ဆိုသည့် သဘောကိုတွေ့ရပါ သည်။ လူငယ်လူရွယ် ကျောင်းသူ ကျောင်းသား တို့အနေဖြင့်လည်း ပညာရှာမှီးချိန်အခါတွင် တစ်ယောက် နှင့်တစ်ယောက် သူဝတ်ထားတာ၊ သူသုံးတာလေးက လှလိုက်တာ ငါလည်း အဲလို ၀တ်မယ်၊သုံးမယ် ဟူ၍ တုပြိုင်နေမည့်အစား ပညာကိုကြိုးစား၍ ထူးချွန်နေသော သူများကိုသာကြည့်၍ ငါလည်းသူ့လိုဖြစ်အောင် ကြိုးစားမည်ဟု ကောင်းသော အတုကိုသာ ယူသင့်ပါသည်။ အနောက်တိုင်း ယဉ်ကျေးမှုကို လိုက်၍တုပြီး သူတို့လိုနေလျှင်လည်း ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မထိန်းသိမ်းရာ ရောက်သွားမည်ဖြစ်ပါ သည်။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးသိမ့်မွေ့လှသော မြန်မာ့ယဉ်ကျေးမှုကို တိုင်းတပါးသားတို့က လေးစား အထင်ကြီးလာအောင်၊ အတုယူလာအောင် ပြုလုပ်ရမည်မှာ ကျွန်တော်တို့အားလုံး၏ တာဝန်ပင်ဖြစ်ပါ သည်။ တာဝန်ဆိုတာ ကိုယ်ကိုပေးမှ မဟုတ်ပါဘူး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ထိန်းသိမ်းစောင့်ရှောက် ပြီး၊ သစ္စာရှိနေရင်လည်း တာဝန်ကို ထမ်းဆောင် နေခြင်းဘဲဖြစ်ပါတယ်။ “သစ်တစ်ပင်ကောင်းရင်၊ ငှက်တစ် သောင်းနားနိုင်တယ်” ဆိုသကဲ့သို့ မိမိကိုယ်တိုင်က ရှေ့ကနေ၍ ကောင်းအောင်ကြိုးစားမှ လူငယ်လူ၇ွယ် နောင်လာနောက်သားတို့ အတုမြင်ပြီး အတတ်သင်လာမည်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ကြောင့် တိုးတက် လာနိုင်သကဲ့သို့၊ ပတ်ဝန်းကျင်ကြောင့်လည်း ဆုတ်ယုတ်ပျက်စီး သွားနိုင်ပါသည်။ ထို့ကြောင့် ပတ်ဝန်း ကျင်ကောင်းရှိဖို့သည် လွန်စွာမှ အရေးကြိးပါသည်။
ဆိုးသွမ်းသော ပတ်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းပြီး ဆိုးသွမ်းသောပတ်ဝန်းကျင်နှင့် တွေ့ထိဖန်များလာ သောအခါ ဆိုးသွမ်းလာမည်ဖြစ်သကဲ့သို့၊ ကောင်းသောပတ်ဝန်းကျင်တွင် မွေးဖွားကြီးပြင်းလာသောသူ သည် ကောင်းမွန် ထူးချွန်သောသူဖြစ်လာမည် ဖြစ်ပါသည်။
ပတ်ဝန်းကျင်က မကောင်းသော်လည်း မိမိ၏ ပညာဥာဏ်မျက်စိဖြင့် သင့်တော်၏၊ မသင့်တော်၏ကို ကိုယ် တိုင်ဆင်ခြင်စဉ်းစားပြီး ဝေဖန်ပိုင်းခြား၊ ဆုံးဖြတ်ခြင်းဖြင့် မိမိအတွက်ရော၊ မိသားစုအတွက်ရော၊ အများအတွက်ရော အကျိုးရှိသော အတုယူနိုင်သော၊ ထူးချွန်သောသူဖြစ်လာအောင် ကြိုးစားကြပါဆိုလို့ တိုက်တွန်းရင်းဖြင့် ကျွန်တော်၏ “ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲတတ်ပုံ” ပိုစ်လေးကို အားလုံးလည်း ကြားဖူး၊ ဖတ်ဖူး၊ မှတ်ဖူးတဲ့ လင်္ကာလေးနဲ့ အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
“လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ်နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့် ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး မျှော်တွေးသုံးချက်ပေ။
အဲ့ဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။”
အားလုံးသော ဓမ္မ၊မိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP