* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 15, 2010

ဘာသာအယူဝါဒ မှန်/မမှန် စိစစ်ရန် မှတ်ကျောက်

Friday, May 14th, 2010 | Author: admin

ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ သာသနာတော်အရှည်တည်တံ့ကြောင်းတရားတော် ကို နာဖြစ်ခဲ့ပါတယ်..ဒီတရားထဲမှာ ဆရာတော် သင်ပေးလိုက်တဲ့ မှတ်သားဖွယ်စာပိုဒ်လေးများကို ဒီပို့စ်မှာ ချရေးလိုက်ပါတယ်။
မဟာသက္ကရာဇ် (၁၄၈)၊ ကဆုန်လပြည့်နေ့ ညဦးပိုင်းအချိန်
မလ္လာမင်းတို့အင်ကြင်းဥယျာဉ် မှာ..
မြတ်စွာဘုရား အင်ကြင်းပင်ပျို (၂)ပင်အကြား ညောင်စောင်းလေးပေါ်မှာ..လျောင်းတော်မူနေပါတယ်။
အားတော်လည်း နားပါးပြီး ပရိနိဗ္ဗာန် စံဝင်ခါနီးဆဲဆဲ ပါပဲ။
ဒီအချိန်မှာ သုဘဒ္ဒ အမည်ရှိတဲ့ ပရိဗိုဇ်ဟာ..ဘုရားရှင်ထံသို့ ရောက်ရှိလာပါတယ်။
သူမှာ့ မေးလျောက်စရာမေးခွန်းရှိနေလို့ပါ။
ဘုရားရှင်ထံကို ၀င်တွေ့ခွင့်ရအောင် အရှင်အာနန္ဒာ မထေရ်ထံမှာ အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပါတယ်။
နောက်တော့ ၀င်ဖူးတွေ့ခွင့်ရသွားပြီး..ဘုရားထံကို ချဉ်းကပ်ခဲ့ပါတယ်။

သူရဲ့ မေးလျောက်တဲ့မေးခွန်းက..
သူဟာ အရင်က..တိတ္ထိဆရာကြီးများထံမှာ..
တပည့်ခံပြီး သူတို့ရဲ့ နည်းလမ်းများနဲ့ ကျင့်ကြံအားထုတ်နေကြောင်း..ဒါပေမယ့် ယခုချိန်ထိလည်း ဘာတရားထူးကိုမှ မရသေးကြောင်း
ထိုဆရာကြီးများကလည်း သူတို့ဟာ ရဟန္ဒာကြီးများဖြစ်ပါတယ်လို့ ပြောကြောင်း..
အဲဒါ သူတို့ပြောတာ မှန်၏ မမှန်၏ သိချင်လွန်းတဲ့အတွက်..ဘုရားရှင်ထံမှာ မေးလျောက်တာဖြစ်ပါတယ်.

ဘုရားရှင်က သုဘဒ္ဒ ပရိဗိုဇ်ကိုးကွယ်နေခဲ့တဲ့ ဆရာကြီးတွေ မှန်တယ်/မှားတယ် မဟောဘဲ..ဘာသာအယူဝါဒအစ်အမှန်ကိုခွဲခြားစိစစ်နိုင်ဖို့.
ဘုရားအစစ်အမှန် ဟုတ်မဟုတ် ခွဲခြားနိုင်ဖို့..မှတ်ကျောက်အဖြေလေးကို ဟောလိုက်ပါတယ်..
အဲဒါကတော့..

“မဂ္ဂင် (၈)ပါး အကျင့်တရား မရှိရာ ဘာသာအယူဝါဒ၌ ကိလေသာ ငြိမ်းသူမရှိ၍ ဆင်းရဲငြိမ်းသူမရှိနိုင်”

ဒီစကားကို တမျိုးပြန်ပြောမယ်ဆိုရင်..

“မဂ္ဂင် (၈)ပါး အကျင့်တရား ရှိရာ ဘာသာအယူဝါဒ၌ ကိလေသာ ငြိမ်းသူရှိ၍ ဆင်းရဲငြိမ်းသူရှိနိုင်သည်”

မြတ်စွာဘုရားဟောခဲ့တဲ့ စကားတော်ပေါ်မှာ အခြေတည်ပြီး ဆရာတော်ဘုရား နုတ်တိုက်သင်ပေးလိုက်တဲ့စာပိုဒ်လေးများကတော့..

  1. ဘာသာ မှန်/မမှန် စိစစ်ရန် စံမှန်/စံကောင်း ရှိပါသလော..
    ဘာသာ မှန်/မမှန် စိစစ်ရန် စံမှန်/စံကောင်း ရှိပါသည်။
  2. သာသနာ မှန်/မမှန် ခွဲဝေဖန် တင်ရန် မှတ်ကျောက် ရှိပါသလော..
    သာသနာ မှန်/မမှန် ခွဲဝေဖန် တင်ရန် မှတ်ကျောက် ရှိပါသည်။
  3. မဂ္ဂင် ရှစ်တန် စံကောင်းမှန် တင်ရန် မှတ်ကျောက် ဖြစ်ပါသည်။
  4. ရှစ်ဖြာမဂ္ဂင် ဘောင်မ၀င် ကျင့်စဉ် မှားလှသည်။
  5. ရှစ်ဖြာမဂ္ဂင် ဘောင်၌၀င် ကျင့်စဉ် မှန်လှသည်။
  6. ကျင့်စဉ်မှန်မှ ၀ဋ်ဒုက္ခ မုချ ငြိမ်းစေသည်။
  7. ဒုက္ခငြိမ်းမှ ထိုဝါဒ မုချ စစ်မှန်သည်။
  8. ဗုဒ္ဓသာသနာ မဂ် (၈)ဖြာ သေချာရှိပါသည်။
  9. ထို့ကြောင့် ဗုဒ္ဓ ယူဝါဒ ဒုက္ခ ငြိမ်းစေသည်။
  10. ထို့ကြောင့် ဗုဒ္ဓ ယူဝါဒ မုချ စစ်မှန်သည်။
  11. မဂ္ဂင် ရှစ်ထွေ ကျင့်သူတွေ ကိလေ ငြိမ်းကြသည်။
  12. ကိလေငြိမ်းမှ ၀ဋ်ဒုက္ခ မုချ ငြိမ်းလေသည်။
  13. ဒုက္ခငြိမ်းမှ ထိုဝါဒ မုချ စစ်မှန်သည်။
  14. မဂ္ဂင် ရှစ်ထွေ မကျင့်ပေ ကိလေ မငြိမ်းပြီ။
  15. ကိလေမငြိမ်း ဆင်းရဲကိန်း ငြိမ်းအေး ချမ်းသာ မရပြီ။
  16. ချမ်းသာမဆောင် တရားယောင် ဝေးအောင်ရှောင်ရမည်။

မြတ်စွာဘုရားဟောခဲ့တဲ့ မှတ်ကျောက် အဖြေလေးအပေါ်မှာ ဆရာတော်ဘုရားက..
မှတ်မိလွယ်အောင် နုတ်တိုက်သင်ပေးလိုက်တာလေးတွေက တကယ်ကို တန်ဖိုးရှိတယ်။
မဂ္ဂင် ရှစ်ပါး အကျင့်မြတ်ရှိတဲ့သာသနာ အယူဝါဒသာလျင် ကျွန်တော်တို့အားလုံး အတွက်..
ကောင်းကျိုးချမ်းသာအစစ်အမှန်ကို ပေးနိုင်လို့ပါပဲ။
ဘာလို့လဲဆိုတော့ မဂ္ဂင် ရှစ်ပါး အကျင့်မြတ်ကို လိုက်နာမည်ဆိုရင် ကိလေသာ အပူမီးတွေကနေ အမှန်တကယ် ကင်းဝေးပြီး ဒုက္ခတွေအားလုံးကနေ အမှန်တကယ် လွတ်မြောက်နိုင်တဲ့အတွက်ကြောင့်..ဖြစ်ပါတယ်။
ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ သာသနာတော်အရှည်တည်တံ့ကြောင်းတရားတော် မှ ကောင်နုတ်ဖော်ပြလိုက်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP