ဘုန်းဘုန်းထံ ပေးစာ (၃)
ဘုန်းဘုန်းဘုရား
ယခု တပည့်တော်မတို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)က သင်ကြားစီမံဆရာတော် ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရ၏ သောက်ရေသန့်အလှူနှင့် ဆေးအလှူအကြောင်းကို လျှောက်ထားချင်ပါတယ်ဘုရား။
ရွှေကိုမလို ရေကိုလိုသည်
မြန်မာပြည်ကြီးမှာတော့ အခုချိန်ထိ မိုးမရွာသေးတော့ နေရာအတော်များများမှာ ရေကန်တွေခန်းခြောက်ပြီး
လူတွေတော်တော်လေး ဒုက္ခရောက်နေကြရတယ်ဘုရား၊ ရာသီဥတုကလည်း အရမ်းပူပြင်းတော့ ရှိတဲ့ရေကန်တွေလဲ ရေတွေခန်းခြောက်တော့ တော်တော်များများနေရာဒေသမှာ ရွာနေလူထုတွေမှာ သောက်သုံးရေ ပြက်တောက်နေတယ်ဘုရား။ အဲဒီတော့ ရွာတွေနဲ့နီးစပ်တဲ့ မြို့ကြီးတွေကနေပြီး ရေတွေကိုကားနှင့်တတန် ထောလာဂျီတွေနဲ့ တမျိုး သယ်ပြီး ဝေငှနေကြရပါတယ်ဘုရား။
နောက်တစ်ခုက ရှိတဲ့ရေတွေကလဲ မကောင်းဆိုတော့ ရွာလူတွေခမျာ ၀မ်းရောဂါတွေကိုပါ ထက်ခံစားနေကြရပြန်တယ်။
အဲဒါကြောင့် တပည်တော်မတို့ ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် က သင်ကြားစီမံဆရာတော် ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ ဦးဆောင်ပြီးတော့ ရေအလှူနှင့် ဆေးအလှူတော်စီမံကိန်းတစ်ခု ပြုလုပ်ကာ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းနေပါတယ်ဘုရား။ တပည့်တော်မတို့ လှဆန်းယဉ်ဘော်ဒါဆောင်က ကလေးတွေကလဲ သူတို့တက်နိုင်သ၍ လှူလိုက်ကြပါသေးတယ်ဘုရား။ ဆရာတော်ကြီးကလဲ မြန်မာပြည်မှာမရှိဆိုတော့ သူ့အတွက် အားတစ်အားလျှော့တာပေါ့ဘုရား။
ရေပုံးတွေဝယ်ပြီး သောက်ရေသန့်တွေ ထည့်ပြီး ကားနဲ့သွားပြီး ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနေပါတယ်ဘုရား၊
ရေပုံးတွေကိုရသလောက် နိုင်သလောက် စုစည်း၊ ရေနဲ့ဆေးအလှူတွေကိုလဲ ရနိုင်မျှ ရှာဖွေးစုစောင်းရတယ်ဘုရား။ ဆရာတော်ကြီးလောက်တော့ မစွမ်းဆောင်နိုင်ပေမဲ့ ဆရာတော်ကြီး၏ တပည့်ပီပီ ပရဟိတစိတ်ဓာတ်ရှိပါတယ်ဘုရား။ သောက်ရေပုံးတွေကို ကိုယ်တိုင် ကျေးရွာတွေအရောက် ပို့ပါတယ်ဘုရား။ လယ်ကွင်းတွေကိုဖြတ်၊ နေပူပူကြီးထဲ သွားရတယ်။ လမ်းကကြမ်းတော့ ကားစီးရတာလဲမသက်မသာနဲ့ပေါ့။
ရေလိုက်ဝေနေတဲ့ အခါမှာတော့ ၀မ်းနဲဝမ်းသာလွန်း၍ မျက်ရည်တွေကျနေတဲ့ ရွာသူရွာသားတွေကို တွေ့လိုက်ရတော့လဲ နောက်နေ့အတွက် သောက်ရေသန့်နဲ့ဆေးပစ္စည်းတွေ ထပ်လှူနိုင်ပါ့မလားဆိုပြီး ပူပင်ရသေးတယ်တဲ့ဘုရား၊ အကယ်၍ ဆရာတော်ကြီးသာ အခုမြန်မာပြည်မှာရှိနေရင် ဆရာတော်ကြီး၏ စီမံခန့်ခွဲမှုဖြင့် သောက်ရေသန့် နှင့် ဆေးပစ္စည်းအလှူတော်အတွက် ပူပင်ရမှာ မဟုတ်ဘူးဘုရား။ ဆရာတော်ရဲ့သားတပည့် ပီသစွာနဲ့ ပရဟိတလုပ်ငန်းတွေကို ဘယ်သူ့တိုက်တွန်းချက်မှ မပါဘဲလုပ်ဆောင်နေတာ လေးစားကြည်ညိုစရာ ပါပဲဘုရား၊ သာသနာနှင့် လူမျိုးအတွက် အားထားရမည့် အာဇာနည်တစ်ပါးပါဘုရား။ ဒီလိုတာဝန်သိတဲ့ သာသနာ့ဝန်ထမ်းတွေများများရှိရင် ကောင်းမှာဘဲလို့ တပည့်တော်မက တွေးနေမိပါသေးတယ်ဘုရာ။
အခု ဘုန်းဘုန်းဆီ မေးလ်ရေးနေတုန်းမှာ တက္ကသိုလ်က ဖုန်းလာတယ်ဘုရား၊ ရေပြတ်နေတဲ့နေရာတွေအတွက် နောက်ထက် ဆက်လက်လှူဒါန်းနိုင်ရန် သီတဂူကျောင်းဒကာ ဒကာမတွေ ဆီ ဖုန်းဆက် အကြောင်းကြားပါတယ်ဆိုတဲ့အကြောင်း။ ဆရာတော်ကြီးကလဲ သီရိလင်္ကာကနေ စနစ်တကျဖြစ်အောင် လုပ်ဘို့ မိန့်ပါတယ်ဘုရား။
သီတဂူစန်း လပမာချမ်းမြသာယာရှိကြပါစေ။
မမပန်းစပယ်(လှဆန်းယဉ်)
အားလုံး အကျိုးဆောင်ပေးနေသူတွေရော ၀ိုင်းဝန်းပံ့ပိုးနေသူတွေ အားလုံးရဲ့ ကောင်းမှုတွေကို သာဓုခေါ်ပါတယ်။
သဘာဝဘေးဒဏ်တွေဖြစ်ပါတယ်၊ ကရုဏာစိတ်ကလေးများ ပွားကာ လူသားအချင်းချင်းပဲ ကူညီ ပံ့ပိုးကြရမည်ဖြစ်ပါတယ်။
ကဲ ပရိသတ်ကြီးရေ--အခွင့်ရေးရတုန်း မိုးလေးမရွာခင်ကာလမှာ အလှူဒါနပြုရန် အခွင့်ကောင်းများ ရှာနေသူတွေအတွက် အခွင့်ကောင်း အခါကောင်းဖြစ်ပါတယ်။ ကာလဒါနလေး ဖြစ်အောင် အောက်ပါလိပ်စာအတိုင်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းနိုင်ပါတယ်။
သီတဂူသာသနာပြုအဖွဲ့ ရန်ကုန် အမှတ်-၁၀၊ ပါရမီလမ်းနှင့် ပင်လုံလမ်းဒါင့်၊ ဘေလီတံတားထိပ်၊ ဒဂြုံမို့သစ်မြောက်ပိုင်း၊
ဖုန်း ၀၁-၅၈၁၉၉၉၊ ၅၈၁၇၇၇ သို့ သိသိခြင်း တုန့်ဆိုင်းတုန့်ဆိုင်းလုပ်မနေဘဲ ချက်ချင်းသာ ဆက်သွယ်လိုက်ပါ။
အကျိုးမျော်၍ နှိုးဆော်လိုက်ပါသည်။
သီတဂူစတား
၁၇-၅-၂၀၁၀


0 comments:
Post a Comment