တေမိဇာတ်
တစ်ရံရောအခါ ဗာရာဏသီပြည်တွင် ကာသိကရာဇ်မင်းကြီး မင်းပြုသည်။ ထိုမင်း၌ မိဖုရားပေါင်း များစွာရှိသည်။ မိဖုရားခေါင်ကြီးကား စန္ဒာဒေဝီ အမည်ရှိ၏။
ဤသို့ မိဖုရားများစွာ ရှိသော်လည်း အခြား မိဖုရားများမှာ သားသမီး ရတနာ မထွန်းကား။ မိဖုရားကြီး စန္ဒာဒေဝီတွင်သာ သားတော်တစ်ပါး ထွန်းကားလာသည်။
မင်းကြီးသည် သားတော်လေးကို လွန်စွာ ချစ်မြတ်နိုးသည်။ ထို့ကြောင့် မိဖုရားကြီးအား “သားတော်လေး အတွက် အလိုရှိသော ဆုကို တောင်းပါ” ဟု ဆို၏။ မိဖုရားကြီးက “သားတော် ကြီးပြင်းလာသောအခါမှ အရှင်မင်းကြီး ပေးသော ဆုကို တောင်းပါမည်” ဟု ဆို၏။
မင်းကြီးသည် သားတော်အား တေမိယ ဟု အမည်ပေးသည်။ တေမိယ တစ်လသား အရွယ်သို့ ရောက်သောအခါ မင်းကြီးသည် သားတော်ကို ရင်ခွင်တွင် ထားလျက် တရား စီရင်၏။ တရား စီရင်ရာတွင် ခိုးသူတစ်ယောက်အား ဆူးရှိသော ကြိမ်ဖြင့် အချက်တစ်ထောင် ရိုက်စေ၏။ တစ်ယောက်ကိုမူ သံခြေချင်းခတ်၍ ထောင်သွင်းချထားစေ၏။ တစ်ယောက်ကိုကား လှံဖြင့် ထိုးသတ်စေ၏။ ကျန်တစ်ယောက်ကိုမူ တံကျင်လျှို၍ သတ်စေ၏။
ဤသို့ စီရင်သည်ကို တေမိမင်းသား ကြားသိသောအခါ လွန်စွာ ထိတ်လန့်သွားလေသည်။ တေမိမင်းသားသည် ရှေးဘဝက ဗာရာဏသီပြည်၌ပင် ဘုရင်ဖြစ်ခဲ့ဖူးသည်။ နှစ်ပေါင်း နှစ်ဆယ်တိုင် မင်းပြုခဲ့ပြီးနောက် စုတေသောအခါ၌ ငရဲတွင် အနှစ် ရှစ်သောင်းခံရလေသည်။ တေမိယမင်းသားလေးသည် ထိုသို့ခံခဲ့ရသည်ကို ဉာဏ်ထူးဖြင့် ပြန်လည် ဆင်ခြင်မိသောကြောင့် ဘုရင်လုပ်ရမည်ကို လွန်စွာ ကြောက်ရွံ့နေပေသည်။
ထိုအခါ ရှေးဘဝဟောင်း တစ်ခုက အမိ တော်ခဲ့ဖူးသော ထီးဖြူစောင့် နတ်သမီးသည် မင်းသားလေး၏ ပူပန်မှုကို သိသွားသည်။ ထို့ကြောင့် ဘုရင် မလုပ်လိုပါက ဆွံ့ အ နားပင်း ဟန်ဆောင်၍ နေရန် အကြံပေးလေသည်။ မင်းသားလေးသည် နတ်သမီး အကြံပေးသည့် အတိုင်း ပြု၍နေ၏။
ထိုအကြောင်းကို မင်းကြီး ကြားသိသောအခါ အမတ်များနှင့် တိုင်ပင်ပြီးလျှင် နည်းအမျိုးမျိုးနှင့် စမ်းကြသည်။ တစ်နှစ်သား အရွယ်တွင် မုန့်ဖြင့် စမ်းသပ်၏။ နှစ်နှစ်သား အရွယ်တွင် သစ်သီးဖြင့် စမ်းသပ်၏။ သုံးနှစ်သား အရွယ်တွင် ကစားစရာ အရုပ်များဖြင့် စမ်းသပ်၏။ လေးနှစ်သား အရွယ်တွင် ထမင်းဟင်းလျာဖြင့် စမ်းသပ်၏။ ငါးနှစ်သား အရွယ်တွင် ကြောက်ရွံ့ဖွယ် မီးရှို့၍ စမ်းသပ်၏။ ခြောက်နှစ်သား အရွယ်တွင် ဆင်ကို လွှတ်၍ စမ်းသပ်၏။ ခုနှစ်နှစ်သား အရွယ်တွင် မြွေကို လွှတ်၍ စမ်းသပ်၏။ ရှစ်နှစ်သား အရွယ်တွင် ပွဲသဘင်ပြ၍ စမ်းသပ်၏။ ကိုးနှစ်သား အရွယ်တွင် သန်လျက်ဖြင့် ခုတ်မည့်ဟန် ပြု၍ စမ်းသပ်၏။ ဆယ်နှစ်သား အရွယ်တွင် နားပင်းခြင်း ဟုတ် မဟုတ် သိရန် ခရုသင်းမှုတ်၍ စမ်းသပ်၏။ ၁၁-နှစ်သား အရွယ်တွင် စည်တီး၍ စမ်းသပ်၏။ ၁၂-နှစ်သား အရွယ်တွင် ဆီမီးရောင်ကို ပြ၍ မင်းသားငယ် ထူးခြားမှု ရှိ မရှိ စမ်းသပ်၏။ ၁၃-နှစ်သား အရွယ်တွင် မင်းသား၏ ကိုယ်ကို တင်လဲရည်တို့ သုတ်လိမ်း၍ မှက်ခြင်များ ကိုက်စေကာ စမ်းသပ်၏။ ၁၄-နှစ်သား အရွယ်တွင် ကျင်ကြီး၊ ကျင်ငယ် အလူးလူးဖြင့် မသန့်ရှင်းစေဘဲ ထား၍ စမ်းသပ်၏။ ၁၅-နှစ်သား အရွယ်တွင် မီးကျီစဖြင့် တစ်ကိုယ်လုံး ပူလောင်အောင်ပြု၍ စမ်းသပ်၏။ ၁၆-နှစ်သား အရွယ်တွင် လှပသော မိန်းမပျိုလေးများဖြင့် မြှူဆွယ် စမ်းသပ်၏။
ဤသို့ အမျိုးမျိုး စမ်းသပ်သော်လည်း မင်းသားကား စိတ်မဝင်စား။ မမှု။ မသာယာ။ မတုန်လှုပ်။ မကြောက်ရွံ့။ ဆွံ့ အ ယောင်ဆောင်မြဲ ဆောင်၍သာ နေ၏။
ဤတွင် မင်းကြီး၏ အခါပေး ပုဏ္ဏားများက “မင်းသားကို အရှင်ထား၍ မသင့်။ သုဿာန်၌ အရှင်လတ်လတ် မြေမြှုပ်သတ်ရမည်။ ဤသို့ မပြုပါက မင်းကြီး၏ အသက်ဘေးနှင့် ထီးနန်း စည်းစိမ်တို့ ပျက်စီးလိမ့်မည်” ဟု လျှောက်တင်ကြ၏။
မင်းကြီးလည်း ပုဏ္ဏားတို့ အကြံကို နာယူကာ မင်းသားကို သတ်ရန် စီစဉ်၏။ ထိုအခါ စန္ဒာဒေဝီ မိဖုရားကြီးက မင်းကြီးအား “သားတော် ဖွားမြင်စက ပေးသောဆုကို ယခု ပေးတော်မူပါ” ဟု လျှောက်တင်၏။ မင်းကြီးက “လိုသောဆုကို ယူလော့” ဟု ဆို၏။ သည်တွင် မိဖုရားကြီးက “သားတော်အား မင်းအဖြစ်ကို ပေးပါလော့” ဟု ဆို၏။ ထိုအခါ မင်းကြီးက “သင့်သားသည် ထီးနန်းနှင့် မတန်၍ သတ်ရန်ပင် စီမံနေပြီ” ဟု ဆို၏။ မိဖုရားကလည်း အလျှော့မပေးဘဲ တောင်းဆိုရာ နောက်ဆုံးတွင် မင်းကြီးက “မသတ်မီ ခုနစ်ရက်မျှသာ မင်း အဖြစ်ကို ပေးမည်” ဟု ဆို၏။
ဤသို့ ခွင့်ရသောအခါ မိဖုရားကြီးသည် သားတော် တေမိမင်းသားအား မင်းမြောက်တန်ဆာ ငါးပါး ဆင်ယင်ပေးကာ မင်းအဖြစ်တင်မြောက်၏။ ထို့နောက် မိဖုရားကြီးက သားတော်အား “ချစ်သား၊ မယ်တော်သည် ချစ်သားအတွက် တစ်ဆယ့်ခြောက်နှစ် တိုင်တိုင် ပူဆွေးခဲ့ရပါသည်။ ချစ်သားသည် ဆွံ့ အ နား ပင်းသူ မဟုတ်ကြောင်း မယ်တော် သိပါသည်။ ဟန်ဆောင် မနေပါနှင့်တော့” ဟု မင်းသားအား စကားဆိုရန် ချော့မော့ တောင်းပန်ရှာသည်။
မင်းသားကား မယ်တော်ကို သနားသော်လည်း မိမိ၏ အဓိဌာန်ကို အဖျက်မခံ၊ ဆိတ်ဆိတ် နေမြဲ နေ၏။
ဤသို့ နေရာမှ ခြောက်ရက်မြောက်သော် မင်းကြီးသည် ရထားထိန်းကို ခေါ်သည်။ ရထားထိန်း လာလျှင် “သားတော် တေမိမင်းသားကို မင်္ဂလာရထားဖြင့် အနောက်တံခါးမှ ထုတ်၍ သုသာန်၌ မြှုပ်နှံလော့” ဟု အမိန့်ပေးသည်။
၇-ရက်စေ့မြောက်သော နောက်တစ်နေ့သို့ ရောက်သောအခါ ရထားထိန်းသည် တေမိ မင်းသားကို ပွေ့ယူ၍ ရထားပေါ်သို့ တင်လေသည်။ မိဖုရားကြီးသည် ရင်ဘတ် စည်တီး ငိုကြွေးလျက် နန်းရင်ပြင်၌ လဲ၍ ကျန်ရစ်ရှာလေသည်။
တောအုပ်တစ်ခုသို့ ရောက်သောအခါ ရထားထိန်းသည် သုသာန်ဟု ထင်သဖြင့် ဤနေရာတွင် မြှုပ်နှံမည်ဟု ရထားကို ရပ်သည်။ မင်းသားကိုယ်၌ ဝတ်ဆင်ထားသော အဝတ်အစားများကို ချွတ်သည်။ မနီးမဝေး၌ တွင်းတူးသည်။
ထိုစဉ် မင်းသားသည် အဝတ်တန်ဆာများကို ပြန်လည်ဝတ်ဆင်လိုက်သည်။ အနည်းငယ် စမ်းသပ်၍ လမ်းလျှောက်ကြည့်သည်။ ပြီးလျှင် ရထားထိန်း အနီးသို့ ချဉ်းကပ်၍-
“မည်သူခိုင်း၍ ဤတွင်းကို တူးနေသနည်း။ ဤတွင်းဖြင့် ဘာလုပ်မည်နည်း” ဟု မေးသည်။
ရထားထိန်းသည် မော့မကြည့်ဘဲ တွင်းတူးမြဲ တူးနေရာမှ “ငါတို့အရှင်၏ သားသည် ဆွံ့ အ နားပင်း နေသဖြင့် မြေ၌ မြှုပ်နှံသတ်ရန် စေခိုင်းသောကြောင့် တူးနေခြင်း ဖြစ်သည်” ဟု ပြန်ပြောသည်။
ထိုအခါ မင်းသားက “အဆွေ ရထားထိန်း ငါသည် ဆွံ့ အ နားပင်းသူ မဟုတ်။ သင်သည် ငါ့ကို မြေမြှုပ်ပါက မတရားသောအမှုကို ပြုရာရောက်လိမ့်မည်” ဟု ဆို၏။
မင်းသားစကားကို ကြားသောအခါ ရထားထိန်းသည် တွင်းတူးရာမှ မော့ကြည့်ပြီးလျှင် အံ့အားသင့်သွားသည်။
“သင် မည်သူနည်း”
“ငါကား အခြားသူမဟုတ်။ ကာသိကရာဇ် မင်းကြီး၏ သားတော်ဖြစ်သည်။ သင်သည် ငါ့ ခမည်းတော် မင်းကြီးကို အမှီပြု၍ အသက်မွေးသူဖြစ်လျက် မိမိ ကျေးဇူးရှင်၏ သားဖြစ်သော ငါ့ကို သတ်လျှင် ကျေးဇူးကို ပြစ်မှားရာ ကျတော့မည်”
ဤသို့ဆိုကာ တေမိမင်းသားသည် အဆွေခင်ပွန်းကို မပြစ်မှားသင့်ကြောင်း၊ ကျေးဇူးရှင်ကို မပြစ်မှားသင့်ကြောင်း၊ မတရားမှုကို မပြုသင့်ကြောင်း ဆုံးမပြောဆိုလေသည်။
ထိုအခါ ရထားထိန်းသည် တေမိမင်းသားအား ထိုင်၍ ရှစ်ခိုးပြီးလျှင် နန်းတော်သို့ ပြန်လိုက်ရန် တောင်းပန်လေသည်။
မင်းသားက လက်မခံပေ။ “ခမည်းတော်၊ မယ်တော်နှင့်တကွ တိုင်းသူပြည်သားတို့က ငါ့ကို စွန့်ပစ်ပြီး ဖြစ်သည်။ ငါသည် ဤ အရပ်၌ပင် ရသေ့ရဟန်းပြု၍ နေတော့မည်” ဟု ဆိုကာ ငြင်းပယ်သည်။
ရထားထိန်းသည် မင်းနှင့်မိဖုရားထံ သွား၍ အကြောင်းစုံကို လျှောက်တင်၏။ မင်းနှင့်မိဖုရားလည်း လွန်စွာဝမ်းမြောက်လျက် သားတော်ထံ လိုက်ရန် ပြင်ဆင်ကြလေ၏။
ထိုအချိန်၌ တေမိမင်းသားသည် ရသေ့ ရဟန်းပြုကာ ကျောင်းသင်္ခမ်း၌ ကမ္မဌာန်း တရား အားထုတ်လျက် နေလေသည်။
မကြာမီ ခမည်းတော်နှင့် မယ်တော်တို့သည် အခြွေရံ သင်းပင်းများနှင့်တကွ အတူ ရောက်လာကြသည်။ သစ်ရွက်ပြုတ်ကို စားလျက်၊ သစ်ရွက်ခင်းသော အိပ်ရာတွင် အိပ်လျက် ရောင့်ရဲ ကျေနပ်စွာဖြင့် တရားအားထုတ်နေသော သားတော်ကို တွေ့ မြင်ရသောအခါ ဝမ်းသာ ဝမ်းနည်း ဖြစ်မိကြလေသည်။
မင်းကြီးက “သားတော်သည် ငယ်ရွယ်ပါသေးသည်။ မင်းစည်းစိမ်ကို ခံစားပြီး၊ နောင်ကြီးရင့်သောအခါကျမှ တောထွက်၍ ရသေ့ ရဟန်း ပြုပါ” ဟု ဆိုလေ၏။
တေမီမင်းသားက “ခမည်းတော်၊ သေခြင်း တရားဟူသည် အသက်အရွယ် ကြီးရင့်မှသာ တွေ့ကြုံရသည်မဟုတ်။ ငယ်ငယ်ရွယ်ရွယ်နှင့်လည်း တွေ့ကြုံရသည်” ဟု ဆိုကာ တရားဟောလေ၏။
တေမိမင်းသား၏ တရားကို နာရသော ခမည်းတော်၊ မယ်တော်နှင့် တကွ အခြွေအရံ သင်းပင်းတို့သည် တရားကျကာ တေမိမင်းသားထံ ရသေ့ ရဟန်း ပြုကြလေ၏။
(ဇာတ်ပေါင်းသော် တေမိမင်းသားသည် ဂေါတမမြတ်စွာဘုရား၊ ထီးဖြူစောင့် နတ်သမီးသည် ဥပ္ပလဝဏ်ထေရီ၊ ရထားထိန်းသည် အရှင်သာရိပုတ္တရာ၊ ခမည်းတော်နှင့် မယ်တော်သည် သုဒ္ဓေါဒန မင်းကြီးနှင့် မယ်တော်မာယာတို့ အသီးသီး ဖြစ်လာကြလေသည်)
*** ဤတေမိ ဇာတ်တော်တွင် ဂေါတမဘုရားရှင် နေက္ခမ္မပါရမီနှင့် အဓိဌာန် ပါရမီတို့ကို ဖြည့်ဆည်းခဲ့ပုံ သိမြင်နိုင်ပါသည် ***


0 comments:
Post a Comment