မေ့လျော့မိခြင်း
ဘုရား မကြိုက်တတ်မှန်း သိရက်နဲ့ 
အညှီအဟောက် အနံ့ ရတိုင်း
အနားက ပုရွတ်ဆိတ် ခြေလှမ်းလောက်တောင်
မခွါချင်ခဲ့ဘူး။
ပါးစပ်ကတော့
အများအတွက်ပဲဆိုပြီး
လွယ်လွယ်ပဲ ပြောထွက်ခဲ့ပေမယ့်
အရေးကြုံလာတဲ့ အခါ
ဘယ်မှာလည်း ငါ့မုန့် ၊ ငါ့ဝေစု
ငါ့လက်ထဲမှာပဲ မဟုတ်လား။
သံသရာတေးသွား သီချင်းတွေနဲ့ 
ကခုန်နေတဲ့ သူတွေ ထဲမှာရော
ကွန်နရှင်မိမိ ကကြိုးသွယ်နေတာ
ဟေ့.... ညီလေး မင်းပဲ မဟုတ်လား။
တကယ်တော့ ငါဟာ
ညစ်ပတ်နေတဲ့ ခေါင်းအုံးကိုပဲ
အဖော်လုပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျခဲ့သူပါ….။
ချည်နှောင်ခံထားရတဲ့ ကြိုးလေးတွေ
ဖြည်ဖို့  မေ့နေသလို …..
တမန်တော်ရဲ့ သံဝေဂဆိုတာတွေလည်း
ဥပေက္ခာပြုသယောင်ယောင်နဲ့  မေ့ပစ်ခဲ့သေးတာပါ။
နောက်ဆုံးတော့
ငါလုပ်ခဲ့တဲ့ မကောင်းမှုတွေ ချည်ကြိုးလေးမှာ
သီကြည့်လိုက်တဲ့ အခါ …
ချည်ကြိုးလေးရေ……မင်းရှည်နိုင်သမျှသာ
ရှည်ပေရော…..။
ဂူကြီးတစ်လုံးထဲမှာ
ငါ ကြောက်လို့  အော်ဟစ်မိတဲ့ အသံကပဲ
ငါ့ကို ခြောက်လှန့် နေပြန်သေးတယ်။
ပြီးတော့ အောက်ပြည်က
မညှာတတ်တဲ့
ပေါင်ချိန်ကြီးက မင်းဘာတတ်နိုင်သေးလဲတဲ့…..။
မေ့တတ်လွန်းတဲ့ စိတ်ဓာတ်
မဆုံးမ လိုက်မိတဲ့ “ငါ”
အ၀ီစိဆိုတာ မင်းအတွက်လည်း
ဖြစ်သွားပါသတဲ့ ကွယ်….။
၁၇.၅.၂၀၁၀

0 comments:
Post a Comment