Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်
![]() |
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
ဆမ်ဘာဝမ်း ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော်ကျင်းပတာကို ကြည့်ရှုခွင့် ရပါတယ်။ အဲ ကူညီခွင့်လဲ ရလိုက်သေးတယ် ဆိုရင်လဲ မမှားဘူးပေါ့။ ဒို့ဘဝက အပျော်အပါးတွေနှင့် မဆိုင်လှလို့ မြန်မာ့သင်္ကြန်မှာ ဘယ်လိုတွေ ပျော်ပါးကြ ဆင်နွဲကြတယ်ဆိုတာ အသေအချာတော့ မသိပါဘူး။ ကြော်ငြာတွေ၊ သတင်းတွေမှာ ရေးကြ ပြောကြတာတွေ ကနေ တဆင့် အတော်အတန်တော့ ရိပ်မိပါတယ်။ မန္တလေးမှာ စာသင်ခဲ့ရစဉ် ဦးပဉ္စင်းပေါက်စဘဝက နှစ်ခါလောက်တော့ မန္တလေးကျုံးဘေးက သင်္ကြန်ပွဲတော် ကျင်းပရာကို မော့တော့ မော့တော့နှင့် သွားကြည့်ခဲ့ဘူးတာပါ။ ကိုယ်မသွားရမဲ့ နေရာကို သွားတာမို့ အရှက်နှင့် လေ့လာ ကြည့်ရှုချင်စိတ်တို့ ရောထွေး အားပြိုင်နေတာကြောင့် ဘာရယ် ဘယ်လိုရယ်လို့ကို ခွဲခွဲခြားခြား မသိခဲ့ရသလောက်ပါပဲ။ ငယ်ငယ်က ရွာမှာ ကိုရင်ပေါက်စ ဘဝနှင့် နေရစဉ်က ဝမ်းကွဲညီ ကိုရင်တစ်ပါး လူတစ်ယောက်ကို ရေသွားပက်လိုက်တာ ဆရာတော် မြင်လို့ ခေါ်ပြီး ဘုရားရှေ့မှာ ထိုင်ခိုင်းပြီး ပုတီးကို နာရီပေါင်းများစွာ (တစ်နေကုန်လောက်) စိပ်ခိုင်းတာကို ပြန်ပြန်မြင်ယောင်နေမိတော့ ပိုဆိုးတာပေါ့။
ဒါပေမဲ့ နှစ်နေရာလောက်တော့ ကောင်းကောင်း ကြည့်ခဲ့ဖူးတယ်ဆိုတာ ရှက်ရှက်နှင့် တဲ့တဲ့ကြီး ဝန်ခံလိုက်ပါတယ်။ တစ်ခုကတော့ မြန်မာ့ရိုးရာ အဆိုအကတွေနှင့် ဧည့်ခံဖျော်ဖြေကြတဲ့ နေရာပါ။ ဒီနေရာမှာ ကြည့်ကြတဲ့ သူတွေကတော့ အတော်ဣနြေ္ဒရရ ရှိသေးတယ်လို့ ထင်မိပါရဲ့။ ဒုတိယ ကြည့်မိတာကတော့ ခေတ်ပေါ်တေးဂီတနှင့် သီဆို တီးမှုတ်ကြတဲ့ နေရာတွေပါ။ ရိုးရိုးပျော်တဲ့သူတွေရော၊ မူးယူးပျော်တဲ့သူတွေရော အို ... လိုက်ဆိုလိုက်ကြ၊ ကလိုက်ကြတာ ဆူလို့ ညံလို့ ကွေးလို့ ကောက်လို့ပါပဲလား။ ပိတ်ဆို့နေတဲ့ ဆိုင်ကယ် တွေ၊ ကားတွေ၊ လူတွေလဲ မပြောပါနှင့်တော့။ တစ်ချို့လဲ အတော်အောက်တန်းကျတဲ့ အပြုအမူတွေကိုပြုလုပ်ကြတာကိုလဲ တွေ့ခဲ့ရပေါ့။ တစ်ချို့လဲ သတိလစ်လောက်အောင် မမူး(သေး)တာရယ်၊ သင့်တင့်တဲ့ စာရိတ္တ၊ အသိလေးရှိသေးတာရယ်ကြောင့် သူတို့နား ဒို့ရောက်သွားတော့ အချင်းချင်း “ဟေး ဟေး” ဆိုပြီး လက်တို့ပြီး လုပ်ကြတော့မယ်လို့ ထင်ရတဲ့ ရိုင်းစိုင်းမှုတွေကို ထိမ်းသွားကြတာလဲ တွေ့ခဲ့ရပေါ့။ တစ်သက်မှာ မြို့သင်္ကြန်ဆို ဒါလောက်ပဲ တွေ့ဖူးတာမို့ ခုနေခါ ဘယ်လိုလုပ်ကြ ဘာတွေလုပ်ကြတယ်ဆိုတာ မသိတော့ပါဘူး။ ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို ကြားသိနေရတာတွေကို အကဲခတ်ကြည့်ရတာဖြင့်တော့ ရိုးရာသင်္ကြန်ကနေ ရိုင်းရာသင်္ကြန်ဘက်ကို ဦးတည်လို့ အရှိန်အဟုန်နှင့် ပြောင်းနေတယ်လို့တော့ ထင်မိပါတယ်။
ဒါပေမဲ့ ဆမ်ဘာဝမ်းသင်္ကြန်ကတော့ ရိုးရာယဉ်ကျေးမှုကို အတော်ကို ကြိုးစားထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဒီသင်္ကြန်ကို ရည်ရွယ်ချက် နှစ်ခုနှင့် ကျင်းပတယ်လို့ သိရပါတယ်။ ပထမတစ်ခုက အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောက်ရန် ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်က ပြည်ပရောက် မျိုးဆက်သစ် လူငယ်များ မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို သိရှိ၊ မြတ်နိုး၊ တန်ဖိုးထားတတ်စေရန် ဖြစ်ပါတယ်။ ဒီပွဲတော်နှင့် ပတ်သက်လို့ ကိုယ်သိသလောက်ကို အရင်ဆုံး စပြောရရင် စတုဒိသာ ကျွေးမွေးတာက စပြောရမယ် ထင်ပါတယ်။ နံနက် (၉) နာရီမှ စတင်ကာ ကျွေးမွေးလှူဒါန်းနေတဲ့ စတုဒိသာတန်းကြီးကို တစ်ပတ်လောက် လှည့်ကြည့်ကြရအောင်နော်။ စုံလိုက်တဲ့ စားစရာ သောက်စရာတွေ။ တွေ့ပါပြီ ကြာဆန်ချက်၊ မုံလုံးရေပေါ်၊ ရွှေရင်အေး၊ သာကူမွှေး၊ ကျောက်ကျောဖျော်ရည်၊ မုံ့ဟင်းခါး၊ နန်းကြီးသုပ်၊ အကြော်စုံ ကောက်ညှင်းပေါင်း၊ အုန်းနို့ခေါက်ဆွဲ၊ ကြာဆန်ကြော်၊ သစ်သီးစုံ၊ ကြက်သားပလာတာ၊ ထားဝယ်မုံ့ဟင်းခါး၊ ဒန်ပေါက်၊ အအေးမျိုးစုံနှင့် သောက်ရေသန့်၊ ရခိုင်မုံ့တီ၊ တောင်ငူ တို့ဟူးသုပ်၊ မုံ့လက်ဆောင်း၊ လက်ဖက်သုပ်၊ ပေါင်မုံ့ အုန်းနို့ဆမ်း၊ ဝက်သားဒုတ်ထိုး၊ ဝက်ခေါင်းသုပ် စတာတွေအပြင် မြန်းမာ ထမင်းဟင်လဲ ပါသေးရဲ့။ မြန်မာ ထမင်းဟင်းက ကုလားပဲနှင့် ကြက်သားချက်၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ ငါးပိရည်ရှယ်နှင့် တို့စရာစုံ၊ လာသမျှလူကို မစားရ မရှိရလေအောင် အဝကျွေးမယ်တဲ့လေ။ အမလေး အများကြီးပါလား။ ရှေ့တော့ ဆက်သွားကြည့်လို့ မရတော့ဘူး။ များလိုက်တဲ့ စားစရာ၊ စားလိုက်ကြတဲ့ လူတွေ လူတွေ။ ကြည့်ရ မြင်ရတာက ဝမ်းသာစရာကြီး။ စားစရာက အမျိုးပေါင်း လေးဆယ်ကျော်ဆိုပဲ။ ခုရေးပြလိုက်တာက စာရေးသူ မြင်ရတာတွေထဲက မှတ်မိသလောက်ကို ပြန်ပြောကြည့်တာ။ (ကိုယ်လှူတဲ့ စားစရာအမည် မပါလို့လဲ ကျုပ်ကို စလေ ဦးပုညနည်းနှင့် မေတ္တသုတ် တစ်စောင်လုံးကို ပုဒ်မပါကြုံးပြီး ပို့မနေနဲ့ဦး။ တောင်းပန်ပါတယ်။ စတုဒိသာဆိုတော့ အရပ်လေးမျက်နှာက လာကြသူတွေ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့၊ အားလုံး အားလုံးကို လှူဒါန်း ကျွေးမွေးတာပေါ့။
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
စာရေးသူတကယ် ပီတိဖြစ်ရတာက သုံးခုရှိပါတယ်။ ပထမတစ်ခုက သက်ကြီးပူဇော်ပွဲအစီအစဉ်ပါ။ အသက် (၇၀)ကျော် အဘိုး အဘွားတွေကို ပင့်ဖိတ်ပြီး အစားအသောက်များနှင့် ကျွေးမွေးပြုစုတာကို မြင်ရတာရယ်၊ စင်မြင့်ပေါ်ကို တင်ပြီး ပူဇော် ကန်တော့တာရယ်မြင်ရတော့ တကယ်ကိုပဲ ဝမ်းသာ၊ ကြည်နူး၊ ပီတိဖူးတွေ ဝေရ ဖြာရ ပွင့်လန်းရပါတယ်။ ဒို့မြန်မာ့ယဉ်ကျေးမှုက “အသက် ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ် ခစားရိုသေလေ” လို့ တစ်မျိုး၊ “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား” လို့ တစ်ဖုံ ရှိတယ်မဟုတ်ပါလား။
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
နောက်တစ်ခုကတော့ ကလေးများရဲ့ မင်္ဂလာကဗျာ ရွတ်ဆိုမှုပါပဲ။ ကလေးတွေက ငယ်ငယ်လေးတွေ။ ဟန်နီဆိုတဲ့ အသက်ခုနှစ်နှစ် သမီးလေးတောင် ပါသေးတယ်။ ငယ်တယ်ဆိုပြီးများ ပွဲဖြစ်ရုံထည့်ထားတယ် မထင်လိုက်နဲ့၊ ဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျားတွေကို အစအဆုံးတောင် ဆိုတတ် ဆိုနိုင်တာကို ပွဲမလုပ်ခင်က တွေ့ရဖူးပါတယ်။ ဆရာတော် သံဃာတော်တွေနား ဘယ်လို ချဉ်းကပ်ရ လှူရ ကပ်ရတယ်ဆိုတဲ့ ကဗျာတစ်ပုဒ်ကိုတောင် အဲဒီ ခုနှစ်နှစ် သမီးလေးက ဒီလောက်များတဲ့ ပရိသတ်ကြီးရဲ့ ရှေ့မှာ မကြောက်မရွံ့ တစ်ကိုယ်တော် အစွမ်းပြ သီဆိုပြလိုက်သေး။ နိုင်ငံခြားမှာ မွေး၊ နိုင်ငံခြားကျောင်းတက်၊ ကျောင်းစာ အိမ်စာတွေနှင့် အသဲအသန် နပန်းလုံးနေရတဲ့ထဲက တောင် မြန်မာ့ယဉ်ကျေးမှု၊ အခြေခံ ဗုဒ္ဓအဆုံးအမတွေကို သင်ယူကြ လေ့လာထားလိုက်ကြတာ။ သင်ပေးသူ၊ သင်ယူသူနှင့် ပန့်ပိုးပေးတဲ့ မိဘတွေကို အများကြီး ကျေးဇူးတင်မိတာ အမှန်ပါပဲ။ ဒါကြောင့် သာဓု အကြိမ်ကြိမ် ခေါ်မိပါတယ်။
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
ရိုးရာကနေ ရိုင်းရာသင်္ကြန်းဖက်ကို ကူးပြောင်းနေတယ်လို့ ကြားထားမိပြီး ကြားမိတိုင်း၊ တွေးမိတိုင်း ဝမ်းနည်းလိုက်ရတာ။ အခု ဒီလို စိတ်ဝင်တစား အားပေးကြတာကိုမြင်ရတော့မှ ဝမ်းသာလိုက်ရတာလေ။ မင်္ဂလာကဗျာတစ်ပိုဒ်စီကို ကျောင်းသား ကျောင်းသူတစ်ယောက်စီက ရွတ်ဆိုကြပါတယ်။ တစ်ယောက်ရွတ်ပြီးလိုက်၊ ပရိသတ်ကြီးက လက်ခုပ်ဩဘာပေးလိုက်၊ တစ်ပုဒ်ရွတ်ပြီးလိုက်၊ လက်ခုပ်သံတွေနှင့် ချီးကြူးလိုက်နှင့် ဝမ်းသာဖွယ်ရာ မြင်ကွင်းကြီးပါ။ ပရိတ်သတ်ကြီးကလဲ တကယ်ကို ယဉ်ယဉ်ကျေးကျေး၊ ရွှင်ရွှင်ပြပြ၊ စိတ်ဝင်တစား အားပေးနေလိုက်ကြတာ အံ့မခန်းပါပဲ။ အားရဝမ်းသာ ပီတိတွေ ဖြာရပါတယ်။ မင်္ဂလာကဗျာတွေ ရွတ်ဆိုမယ်ဆိုတော့ ပရိတ်သတ်ကြီးက ဒီလောက်ကြီး အားပေးလိမ့်မယ်လို့ တကယ်ကို ထင်မထားမိလို့ပါ။ ကလေးတွေဆိုတာ ကြည့်လိုက်၊ ပရိသတ်ကြီးတစ်ခုလုံးကို တဖြေးဖြေး လှည့်လည်ကြည့်လိုက်နှင့် စာရေးသူလဲ တကယ်ကိုပဲ ပြုံးပျော်နေရတာပါ။
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
နောက်ဆုံးတစ်ခုကတော့ ပြဇာတ်တိုလေးပါ။ ဇာတ်ညွှန်း နှင်းဟေမာက သေရည် သေရက်ဖြစ်ပေါ်လာပုံကို ကောက်ကြောင်းကောက်ပြသလို သေရည်သေရက်ကြောင့် တိုင်းပြည်ဆုတ်ယုတ် ပျက်ပြားတတ်ပုံကို မီးမောင်းထိုးပြထားပါတယ်။ ဇာတ်လမ်းတိုကို ကြည့်ပြီး ပရိသတ်ကြီးက တသောသော တဝေါဝေါ ပွဲကြနေလိုက်ကြတာ။
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
| From Sembawang မှ ၂၀၁၀ ခုနှစ် သင်္ကြန်ပွဲတော် |
ဇာတ်ညွှန်းရေးသူကလဲ တော်၊ ဇာတ်ဆောင်တွေကလဲ ကောင်းလိုက်ပါဘိသနဲ့။ ဇာတ်တော်လာ အကြောင်းအရာ တစ်ခုကို တင်ဆက် ဖျော်ဖြေမယ်ဆိုရင် မြို့နေပရိတ်သတ်က ဒီလောက် အားပေးလိမ့်မယ်လို့ ထင်မထားမိရိုးပါ။ အခု ကပြမှုက မြန်မာတို့အတွက် ဇာတ်ဆောင်တွေရဲ့ ပြောစကားတွေ၊ ဟာသတွေကြောင့် စိတ်ထွက်ပေါက်ရော၊ သတိ ရော အသိဥာဏ်ပါ ရလောက်တဲ့ တင်ဆက်မှုတစ်ခုပါလို့ ထင်မြင်မိပါတယ်။ ဒီဇာတ်လမ်းမျိုးကို ခုလို တင်ပြ အသုံးတော်ခံကြတဲ့သူတွေကိုရော၊ စိတ်ဝင်တစား အားပေးကြတဲ့ ပရိတ်သတ်ကြီးကိုပါ သိပ်ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ “အရက်ဖိုးက လဖက်ရည်ဖိုးထက်တောင် ဈေးချိုနေတယ်၊ အရက်ဆိုင်တွေလဲ ပေါလိုက်တာ လွန်ပါရော၊ ဒါကြောင့် အရက်သောက်ကြတဲ့ လူငယ်တွေလဲ အများကြီး တိုးပွားလာနေတယ်” လို့ မနှစ်လောက်က သတင်းတွေမှာ ဖတ်ရ ကြားရလို့ပါ။ အာဏာရှင်လိုမျိုး အုပ်ချုပ်တဲ့ အချိန်မှာတို့၊ အရည်အချင်းမရှိတဲ့သူတွေ ကြီးစိုးတဲ့ အခိုက်မှာတို့ဆို ဒီလိုမျိုး သောက်စားကြ မူးယဇ်တတ်ကြ၊ လောင်းကစားမှုတွေနှင့် တစ်ရုံးရုံး ဖြစ်တတ်တယ်တဲ့။ ဒီလိုဖြစ်အောင်လဲ အဲဒီလိုလူမျိုးတွေက ဖန်တီးတတ်ကြတယ်လို့ နိုင်ငံရေး သုခမိန်ဆန်ဆန် ဝေဖန်သုံးသပ်သံတွေကို ဘုန်းကြီးကျောင်း အုတ်တံတိုင်းတွေ ကြားကတောင် ကြားနေရပါတယ်။ စာရေးသူကတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာသင်ယူဖူးတာလဲ မဟုတ်၊ နိုင်ငံရေးသမိုင်းတွေကို ကျေနေအောင် လေ့လာထားတာလဲ မဟုတ်လို့ ဒီလိုတွေ တမင် ဖန်တီးတတ်တယ်ဆိုတာ ဟုတ် မဟုတ် အသေချာတော့ မသိပါဘူး။ ဒီနှစ်တော့ ဒို့နိုင်ငံမှာလဲ အရက်ကြော်ငြာတာတွေ ပိတ်ပင်တယ်လို့ ကြားရပြန်တော့ စိတ်သက်သာခွင့် နဲနဲတော့ ရပါရဲ့။ ဘာပဲဖြစနေပါစေ။ ဗုဒ္ဓယဉ်ကျေးမှုကနေ ဆင်းသက်လာပြီး ဘာသာရေးနှင့်ပါတွဲပြီး ကျင်းပ ဆင်နွှဲလာခဲ့ကြတဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ရိုင်းရာယဉ်ကျေးမှုပွဲတော်လို့ ပြောလောက်အောင်ကို ဖြစ်ပျက်လာနေတာကတော့ မကောင်းတာ အသေအချာပါပဲ။ ဒါကြောင့်လဲ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်း ဖော်ထုပ်တဲ့ ဒီပွဲမှာ လာရောက်ပါဝင် ဆင်နွဲသူများ အားလုံးကို အရက်သေစာ သောက်စားမူးယဇ်ခြင်း လုံးဝ မပြုလုပ်ရန် အထူးမေတ္တာရပ်ခံထားပြီး ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြရန် ဖိတ်ကြားထားတာ တွေ့ရပါတယ်။ မူးနေတာတွေ့ရင် ဘယ်ကပဲ သောက်လာသည်ဖြစ်စေ၊ သင်္ကြန်ကော်မတီက အနူးအညွတ်တောင်းပန် မေတ္တာရပ်ခံပြီး အငှါးကားနှင့် ပြန်ပို့ပေးဖို့ထိကို ကြိုကြိုတင်တင် စီစဉ်ထားကြောင်း သိရသလို စင်္ကာပူရောက် မြန်မာများကလဲ အလွန်ယဉ်ကျေးစွာ ပူးပေါင်းပါဝင်ဆင်နွှဲကြတာကို တွေ့မြင်ရပါတယ်။ ဒီလို ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိ လုပ်ဆောင်ကြမှလဲ အခြားသူများက မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုနှင့် လူမျိုးကို လေးစားကြမှာ မဟုတ်ပါလား။
ဩော် . . . ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို ကိုယ်မှ မြတ်နိုး တန်ဖိုးထားမှု မရှိရင် ဘယ်သူကများ မြတ်နိုး လေးစား တန်ဖိုးထားပါလိမ့်။ ?????
အသိတရား၊ သတိတရားတို့ဖြင့် ရိုးရာ၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းနိုင်ကြပါစေ။ လူသစ် စိတ်သစ် စွမ်းအားသစ်တို့ဖြင့် ကြံစည် ပြောဆို လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး အစစ အရာရာ တိုးတက် အောင်မြင်ခြင်း မင်္ဂလာအပေါင်း ခညောင်းတဲ့ နှစ်သစ်ဖြစ်ပါစေ !!!ဘုန်းဥာဏ်
(ခေတ္တ) ဆမ်ဘာဝမ်၊ စင်္ကာပူ။
၁၃၊ ၀၄ ၊ ၂၀၁၀။


0 comments:
Post a Comment