* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 14, 2010

သင်္ကြန်လက်ဆောင်

၁။။
ညီလေးတွေ ရေလာလောင်းမှပင် သင်္ကြန် ရောက်ပြီ ဟူသော အသိသည် ၀င်လာလေသည်။ ရေစို အိကျှီင်္ကို လဲရင်း ၀ရန်တာမှာ ခဏရပ်ကာ တိုက်ခတ်လာသော လေနုအေးကို အဆုတ်ထဲ ပြည့်လာသည် အထိ အားရပါးရ ရှုရှိုက်လိုက်မိသည် ။ ကြည်လင်သော နံနက်ခင်း တစ်ခုပင် ။ ဒီနှစ် သင်္ကြန်တော့ စာအုပ် တစ်အုပ်နဲ့ နှစ်ပါးသွားလေမှပဲ ဟု စိတ်ကူးမိသည် ။ လက်ထဲမှ စာအုပ်ကို ဖွင့်ရင်း ခေါင်းစဉ်ကို ဖတ်လိုက်မိသည်။

ဆရာ နန္ဒာသိန်းဇံ ရေးသော ခရစ်နှစ် ၂၀၀၀ လွန် ၊ အမှတ်( ၁၀၀ ) အင်တာဗျူး ဂျာနယ် ။

၂။။
စိတ်ကူးတို့သည် စာအုပ်၏ ဆွဲငင်ရာ အတိတ်၏ အရိပ်သို့ ပြေးလေသည်။

အာဖရိကတိုက် မြောက်ပိုင်း နိုင်းလ်မြစ်ဝှမ်းဒေသ ၊ အာရှအနောက်ပိုင်း ၊ အာရေဗျကျွန်းဆွယ်မြောက်ပိုင်း မေဆိုပိုတေးမီးယား ဒေသက တီးဂရစ် နှင့် ယူဖရီးတီး မြစ်ဝှမ်း တစ်ဝိုက် ၊ အိန္ဒိယပြည်မြောက်ပိုင်း ၊ အိန္ဒုမြစ်ဝှမ်းဒေသ … ထိုထိုဒေသတို့၌ ရှေးရှေးအခါက ယဉ်ကျေးမှုတွေ ထွန်းကားခဲ့ကြသည်။ ထွန်းကားပြီးတော့လည်း ပျက်သုန်းကုန်ကြပြန်သည်။
ဘီစီ ၃၀ ရာစုလောက်မှစ၍ အီဂျစ်က ဘုရင်တိုင်း ပိရမစ် တည်ဆောက်ခဲ့သောကြောင့် ဘီစီ ၂၅ ရာစု အလယ်လောက် ရောက်ချိန်တွင် ပိရမစ်တွေ နိုင်းလ် မြစ်တစ်လျှောက်၍ အမြောက်အမြား ရှိနေကြပြီ ။ ဂီဇေး အရပ်ရှိ ရှေးအကျဆုံး ပိရမစ် တစ်ခုမှ နေ၍ တောင်ဘက်သို့ မျှော်ကြည့်လိုက်လျှင် မိုင် ၆၀ လောက်ထိ ပိရမစ်တွေ တန်းစီပြီး တစ်မျှော်တစ်ခေါ် ရှိနေကြသည် ။ ထို ပိရမစ်တွေထဲတွင် ဘုရာဇိုဆာ၏ အောက်ခြေအနား ၇၅၆ ပေရှည်၍ အမြင့်ပေ ၄၀၀ နီးပါး ( မူလက ၅၀၀ ) ရှိသည့် ပိရမစ်ကြီးလည်း ပါလေသည်။

နိုင်းလ်မြစ်ဝှမ်း ယဉ်ကျေးမှု ခေတ်ကြီးသုံးခေတ်အတွင်း တည်ဆောက်ခဲ့သော အဆောက်အအုံများသည် ခံ့ညားကြီးကျယ်ကြသည် ။ ပိရမစ်ဝန်းကျင်ရှိ သက်ဆိုင်ရာ ဘုရာတို့ ၏ သက်ဆိုင်ရာ မှူးကြီးမတ်ရာ ဆွေတော်မျိုးတော်တို့၏ သင်္ချိုင်းများ နှင့် ဘုရားဆောင်အတွင်းရှိ ဆေးရေးပန်းချီများသည်လည်း အံ့ဖွယ်ကောင်းသည်။ တတိယခေတ်အတွင်းက သိဘ် ( Thebes) မြို့တော်က ဘုရားကျောင်းတည်ဆောက်ထားပုံမှာ အနုပညာမြောက်လှသည်။

ကားနက် ( Karnak) ဘုရားကျောင်းခန်းမဆောင်တွင် တိုင်လုံးကြီးများ ရှိသည်။ တိုင်လုံးတစ်လုံး၏ ထိပ်သည် လူပေါင်း တစ်ရာစု၍ မတ်တပ်ရပ်နိုင်လောက်အောင် ကျယ်သည်။ ထိုတိုင်လုံးကြီးတို့၌ တန်ဆာဆင်ထားသော ပန်းချီ ပန်းပုတို့သည်လည်း အံ့ဖွယ်ကောင်းသည်။ ထိုအံ့ဖွယ်ကောင်းသော အရာတွေ ဖျက်ဆီးသူတို့ကြောင့် ပျက်စီးကုန်ကြပြီ ။ ပိရမစ်ကြီးတွေလည်း မရှုမလှ အဖောက်အထွင်း ခံခဲ့ကြရသည်။

အီဂျစ်မှ မေဆိုပိုတေးမီးယေားဒေသသို့ စိတ်အာရုံများက ခရီးဆက်ကြပြန်သည်။
တီးဂရစ်နှင့် ယူဖရီးတီး မြစ်ဝှမ်းနှစ်ခုကြားရှိ မေဆိုပိုတေးမီးယား ပြည်သည် ဘူမိဗေဒပညာရှင်နှင့် ကျောက်စာပညာရှင်တို့၏ သုတေသနပြုချက်အရ ယဉ်ကျေးမှု၌ ရှေးအကျဆုံးဒေသ ဖြစ်သည်ဟု ဆိုပါသည်။ မေဆိုပိုတေးမီးယားဒေသရှိ ဆူမေရီးယန်း လူမျိုးတို့သည်လည်း အံ့သြဖွယ်ကောင်းသော မြို့ကြီးများကို တည်ဆောက် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ထိုမြို့ကြီးများအနက် ဦးရ် ( Ur) မြို့တော်မှာ ကြီးကျယ်လှသည် ။

ဆူမေးရီးယန်းတို့ တည်ဆောက်ခဲ့သည့် နန်းတော်တွေကလည်း ကြီးကျယ်သည်။ ဘုရားကျောင်းတွေကိုလည်း ခမ်းခမ်းနားနား တည်ဆောက်သည်။ တည်ဆောက်ရာ၌ ဆူမေးရီးယန်း အသုံးပြုသော အုတ်တစ်ချပ်သည် အလျားပေ ၂၀၀ ၊ အနံပေ ၁၅၀ ၊ အမြင့်ပေ ၇၀ ရှိသည်။

ဆူမေးရီးယန်းတွေ တည်ဆောက်ခဲ့သည် မြို့တော်ကြီးတွေ ဘုရားကျောင်းတွေ စာပေအနုပညာတွေကိုလည်း ဖျက်ဆီးသူတွေက ဖျက်ဆီးသောကြောင့် ပျက်စီးခဲ့ပြီ။ ဆူမေးရီးယန်းတွေကို ဖျက်ဆီးခဲ့ကြသော သူတွေကကော ဘာတွေ ဆက်ပြီး လုပ်ကြလေသနည်း။

အဆီးရီးယန်းလူမျိုးတို့သည် မေဆိုပိုတေးမီးယား တစ်ပြည်လုံးနှင့် အာရှမိုင်းနားကျွန်းဆွယ်တစ်ဝန်းလုံးကို သိမ်းယူကြသည်။ အဆီးရီးယန်းတို့၏ ရက်စက်မှုက ကမ်းကုန်သည်။ မြို့များကို သိမ်းရာ၌ အဆီးရီးယန်းတို့က မြို့သူမြို့သားတွေ ကြောက်ရွံ့အောင် အမျိုးမျိုး ရက်စက်ပြသည်။ တစ်ခါတစ်ရံ မြို့လုံးကျွတ်သတ်ပစ်ကြပြီး လျှင် တစ်ခါတစ်ရံတွင် မြို့သားများကို အရှင်လတ်လတ် အရေခွံခွာသည်။ မသေမရှင် သံတံကျင်နှင့် လျှိုသည်ဟု သူက သမိုင်းအထောက်အထားတွေနှင့် ပြောနေသည်။ ဤ ရက်စက်မှုတွေပြီးတော့ တည်ဆောက်ပြုပြင်မှုတွေ လုပ်ကြပြန်သည် ။

ဒုတိယ ဆာရ်ဂွန်ဘုရာ ( Sargon ) လက်ထက်တွင် နင်နီးဗီးယား ( Nineveh ) မြို့တော်ကြီးကို တည်ထောင်သည်။ ခမ်းနားလှသည့် နန်းတော်ကြီးကိုတည်ထောင်သည်။ ဆာရ်ဂွန်၏ သားတော် ဆင်နက်ကရစ် ( Sanacherib ) လက်ထက် နင်နီးဗီးယား မြို့ကြီးသည် ပို၍ပင် ကျယ်လာသည်။ မြို့တွင်းရှိ လမ်းကျဉ်းကလေးများကို လမ်းကျယ်လမ်းမကြီးတွေ ဖြစ်အောင် ချဲ့သည်။ အဆောက်အအုံတွေကို ကြီးကျယ်သည်ထက် ကြီးကျယ်အောင် တည်ဆောက်သည်။ ဆင်နက်ကရစ်ရေးထိုးခဲ့သော ကျောက်စာတစ်ခု၌ ငါသည် နင်နီးဗီးယား မြို့တော်ကြီးကို နေရောင်ကဲ့သို့ ဖိတ်ဖိတ်တောက်အောင် မွမ်းမံခဲ့သည် ဟု ဖော်ပြထားသည်။

ဆင်နက်ကရစ် က တိုင်းပြည်ကို ကျယ်သည်ထက် ကျယ်အောင်လည်း တိုက်ခိုက်ချဲ့ထွင်သည်။ ဆင်နက်ကရစ်သည် လက်အောက်ခံနိုင်ငံတွေနှင့် မြို့ဝန်တွေကို ထောက်ထားညှာတာခြင်း မပြု။ သူပုန်များကို ဖမ်းမိလျှင် ထိုသူများ၏ ကိုယ်မှ အရေကို ဆုတ်သည်။ ခြေ လက်နား နှာခေါင်းတို့ကို ဖြတ်ပစ်သည်။ မျက်စိတို့ကို ထိုးဖောက်ပစ်သည်။ အစုလိုက် အပြုံလိုက် မီးလောင် တိုက်သွင်းသည်။ ပုန်ကန်ရဲသူ နည်းသောကြောင့် ဆက်နက်ကရစ် ၏ လက်ထက်တွင် တိုင်းပြည်ငြိမ်သက်ပါလေသည်။ သို့သော်လည်း ဆက်နက်ကရစ် မရှိသည့်နောက်ပိုင်း၌ ဖျက်ဆီးသူတို့ ကြောင့်ပင် အဆီးရီးယန်းနိုင်ငံကြီး ပြိုကွဲပြန်သည်။ နင်နီးဗီးယားမြို့တော်ကြီးလည်း မြေပေါ်တွင် ပုံကျ ပျက်စီးသွားပြန်သည်။

နက်ဘူးကက်နက်ဇာ ( Nebuchadnezzar ) ၆၀၄-၅၆၀ ဘီစီ လက်ထက်၌ ဒုတိယ ဘေဘီလုံနိုင်ငံ ( ကော်ဒီယန်နိုင်ငံ ) ကို တည်ထောင်ပြန်သည်။ မြို့တော်ကြီးကို ယခင် နင်နီးဗီးယားမြို့တော် ထက်ပင် ကြီးကျယ်ခမ်းနားအောင် တည်ထောင်သည်။ နန်းတော်ကြီးထဲတွင် အမြင့်ပေ ၃၀၀ ရှိသော မျှော်စဉ်ကြီးများကို တည်ဆောက်သည်။ သစ်ပင်ပန်းများကိုလည်း မျှော်စဉ်ကြီးများတွင် စိုက်ပျိုးထားသောကြောင့် ဥယျာဉ်ပျံများသဖွယ် ဖြစ်နေကြသည်။ စတုရန်းမိုင် ၁၂ မိုင် ကျယ်သော မြို့တော်ကြီးကို ကြေးနီအတိ ပြီးသော တံခါးကြီးများဖြင့် မြို့ရိုးကြီးတွေ ပြုလုပ်ထားသည်။

ဤမျှကြီးကျယ်လှပတင့်တယ်သော မြို့တော်ကြီးများကိုလည်း မီးဒီးလူမျိုးများနှင့် အီရန်လူမျိုးတို့က ဖျက်ဆီးလိုက်ကြပြန်သည်။ ဖျက်ဆီးပြီးနောက် မိမိတို့ စိတ်ထင်ရာ တည်ဆောက်မှုတွေ လုပ်ကြပြန်သည်။

၃။။
၂၀၀၀ မတိုင်မှီ ဖြစ်ပွားခဲ့သော လူ့သမိုင်း၏ သုံးသပ်မှုကို ဆက်လက် ဖတ်ရှုမိသည်။

ဤသို့လျှင် ဖြစ်ပြန် ပျက်ပြန် လောကဓံတို့ ဖြင့် ရွေ့လျားလာခဲ့သော သမိုင်း၏ အတိတ်တို့ကို လှမ်းမျှော်ကြည့်ပါက အီဂျစ် ၊ မေဆိုပိုတေးမီးယားတို့၏ ကြီးကျယ်ခမ်းနားမှုများ၊ အဆီးရီးယန်းတို့၏ ရက်စက်မှုများ ၊ တရုတ် ၊ အိန္ဒိယတို့၏ နက်နဲသိမ်မွေ့လှသော ဘာသာတရားများ ၊ ဂရိတို့၏ အတွေးအခေါ် အဆောက်အအုံမြင့်မားခဲ့ခြင်းများ ၊ ရောမအင်ပါယာ၏ ထည်ဝါခန့်ညားမှုများ ၊ ရဟူဒီတို့ စိတ်ဓါတ်ကြံ့ခိုင်ပုံများ ၊ မဟာမေဒင်တို့ ချီတက်ပုံများ ၊ အလယ်ခေတ်မှ ခရစ်ယာန်ကျောင်းတော်၏ သြဇာကြီးမားပုံ ၊ မွန်ဂိုနှင့် တာတာတို့၏ လွှမ်းမိုးမှုများ ၊ အမေရိကန်နှင့် ပြင်သစ် တော်လှန်ရေးများ ၊ နပိုလီယန်၏ စစ်ချီလမ်းကြောင်းများ ၊ စက်မှု အရေးတော်ပုံ ၊ ၁၉ ရာစု အမျိုးသားရေး ၀ါဒနှင့် နယ်ချဲ့စနစ်တို့ အကြောင်း …….
အထက်က ဖြစ်ရပ်တွေ ၊ တည်ဆောက်မှုတွေ ခမ်းနားမှုတွေ ကြီးကျယ်ထည်ဝါမှုတွေသည် ယနေ့တွင် မရှိကြတော့။ အတိတ်က ကြီးကျယ်မှုတွေသည် သမိုင်းစာအုပ်၏ စာမျက်နှာများပေါ်တွင်သာ တွေ့နိုင်တော့သည်။ ကြီးကျယ်ပါသည် ဆိုသော အဆောက်အအုံများသည် အပျက်အစီး အစုအပုံကြီးအဖြစ်သာ ရှိတော့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၅၆၀ အတွင်း စစ်ပွဲပေါင်း ၁၄၅၃၁ မျှ ဖြစ်ခဲ့သည်။ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် စစ်ပွဲ နှစ်ပွဲကျော် ဖြစ်ခဲ့သည်။ ၂၀ ရာစုရောက်၍ ပထမကမ္ဘာစစ်ဖြစ်တော့ ကျဆုံးသော စစ်သား ၁၀ သန်း ၊ သေပြီဟု ယူဆခဲ့သော စစ်သား ၃ သန်း၊ အရပ်သား ၁၃ သန်း သေခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရသူ သန်း ၂၀ ၊ စစ်သုံ့ပန်း ၃ သန်း၊ စစ်ကြောင့် မိဘမဲ့သွားရသော ကလေး ၉ သန်း၊ စစ်ကြောင့် မုဆိုးမ ဖြစ်သွားရသော မိန်းမ ၅ သန်းရှိသည် ။ ရာစု တစ်ဝက်မကျိုးခင် ဒုတိယ ကမ္ဘာစစ်ဖြစ်ပြန်သည်။ ဤဒုတိယကမ္ဘာစစ်၌ လူပေါင်း ၅၅ သန်းမျှ သေခဲ့သည်။ စာရင်း မရဘဲ သေဆုံးသူတွေလည်း ရှိပေလိမ့်မည် ။

လူ့သမိုင်းကို ပြန်ကြည့်လျှင် မပျက်မစီးပဲ ကျန်နေသည်က လူတွေ၏ လောဘ ၊ ဒေါသ ၊ မောဟ တရားများပင် ဖြစ်သည်။ မပြည့်စုံမှုကြောင့် ခိုးမှု ဟူသော မကောင်းမှု ဒုစရိုက် စတင်ဖြစ်ပေါ်လာသည်ဟု ထေရ၀ါဒ စာပေရှိ စက္က၀တ္တိသုတ္တန် ကို ကိုးကား၍ ပြောထားလေသည်။ ပြည့်စုံသူကလည်း ပို၍ ပြည့်စုံလိုသဖြင့် လောဘတွေ တက်ကာ လိမ်ညာလှည့်ပတ်မှုတွေ အနိုင်အထက် လုယက်သတ်ဖြတ်မှုတွေ ဖြစ်ကုန်သည်။ ဤသည်မှာ ၀ိသမလောဘပင် ဖြစ်သည်။ ထိုလောဘ ကြီးသည်နှင့် အမျှ တစ်နိုင်ငံက တစ်နိုင်ငံကို နယ်ချဲ့ခြင်းတွေ သတ်ကြဖြတ်ကြ နှိပ်စက်ကြပြန်သည် ။ သိပ္ပံနည်းပညာနှင့် ၀ိသမလောဘ တို့ ပူးပေါင်းကာ ဖျက်ဆီးကြပြန်သည် ။ ထို့ အတူ ကာမဂုဏ်တို့၌ ဖောက်ဖောက်ပြန်ပြန် ပြုမှုသည့် အဓမ္မရာဂ သည်လည်း ဖြစ်လာသည်။ လူပေါင်း သန်း ၅၀ လောက် HIV ပိုး ရနေကြလေပြီ ။ မိစ္ဆာဓမ္မ ဟူသော လွဲမှားစွာ တွေးမြင်ယူဆ စွဲလမ်းမှုတွေ ဖြစ်ပေါ်လာပုံ ၊ ထိုမိစ္ဆာဓမ္မမှ ဖြစ်ပေါ်လာသော ၀ါဒစွဲ၊ ဘာသာစွဲတို့ကြောင့် ကြီးကျယ်သော လူမှုပဋိပက္ခတွေ ဖြစ်နိုင်လေသည် ။

၎။။
ခရစ်နှစ် ၂၀၀၀ အကြောင်း ဖတ်ပြီးတော့ ၂၀၀၀ နောက်ပိုင်း အကြောင်းသို့ အာရုံတို့က ဆက်လက်ရောက်သွားပြန်လေသည် ။ စိတ်ကူးတို့သည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ( ၁၁) ရက်နေ့ သို့ ပြေးပြန်သည် ။

ထို အဖြစ်အပျက်ကတော့ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး အချက်အချာအကျဆုံး ဖြစ်သည့် နယူးယောက်မြို့၏ အစည်ကားဆုံး မန်ဟာတန်အရပ်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကြီးကို လူစီး လေယာဉ်ကြီးများကို လက်နက်အဖြစ် အသုံးပြုပြီး ၀င်၍တိုက်ခိုက်သော အဖြစ်အပျက်ပင်တည်း ။

ဆိုခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ World Trade Centre ( WTC) အသည် အမွှာပူး Twin Tower အဆောက်အအုံဖြစ်ပြီး WTC အမှတ်(၁) အဆောက်အအုံက ၁၃၆၂ ပေ မြင့်သည်။ WTC အမှတ်( ၂) က ၁၃၆၈ ပေ မြင့်သည်။ ယင်း အဆောက်အအုံ တစ်ခုစီတွင် ဓါတ်လှေကားပေါင်း အစင်းပေါင်း ၁၀၄ စင်း၊ မှန်ပြတင်းပေါင်း ၂၁၈၀၀ ရှိသည်။ WTC အမှတ် ( ၁) နှင့် အမှတ်(၂) မှာ လုပ်သားပေါင်း ၅၀၀၀၀ အလုပ်လုပ်နိုင်သည်။ ထိုအဆောက်အအုံ နှစ်ခု၌ လာရောက်လေ့လာလည်ပတ်သည့် ဧည့်သည်ပေါင်း နေ့စဉ် ခုနှစ်သောင်းခန့် ရှိသည်ဟု သိရသည်။ အယ်လ်အေ ( L.A ) သို့ ပျံသန်းမည့် ခရီးသည် ၉၀ ကျော်ပါသော ဘိုးရင်း ၇၆၇ ဂျက်လေယာဉ်ကြီးကို လက်နက်အဖြစ် အသုံးပြုကာ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ WTC အမှတ်( ၁ ) ကို နံနက် ၈ နာရီ ၄၅ မိနစ် အချိန်မှာ ၀င်တိုက်သည် ။ ၁၂ နာရီ ၂၈ မိနစ်မှာ WTC အမှတ် ( ၁ ) ပြိုကျသွားသည် ။

ဘော့စတွန်မှ အယ်လ်အေ သို့ သွားမည့် ခရီးသည် ၆၉ ဦးပါသော နောက်လေယာဉ်တစ်စင်းကိုလည်း ပြန်ပေး ၅ ဦးက အပိုင်စီးပြီး WTC အမှတ် ( ၂ ) ကို ယင်းလေယာဉ်ဖြင့်ပင် နံနက် ၉ နာရီ ၃ မိနစ်မှာ ၀င်တိုက်ပြန်သည်။ နောက်မှ ၀င်တိုက်သော်လည်း WTC အမှတ် ( ၂) က အမှတ်(၁) ထက် စောပြီး ပြိုကျသွားသည်။ အနီးအနားမှ အဆောက်အအုံကြီးများလည်း လိုက်ပါ ပြိုကျသွားကြသည်။ လူပေါင်း ၆၈၈၆ ဦး ပျောက်ဆုံး သေဆုံးဖွယ် ရှိသည်ဟု ကြားသိရသည် ။

အယ်လ်အေသို့ပင် သွားမည့် လေယာဉ် ကို ပြန်ပေး ၅ ဦးက အပိုင်စီးကာ ပင်တဂွန် ( Pentagon ) တပ်မတော်ရုံးကို ၀င်တိုက်ပြန်သည်။ ထိုလေယာဉ်ပေါ်တွင် ခရီးသည် ၆၄ ဦး ပါသည်ဟု သိရသည်။

ထို့နောက် Newark လေဆိပ်မှ ဆန်ဖရန်စစ္စကိုသို့ ပျံသန်းမည့် လေယာဉ်တစ်စီးကိုလည်း ပြန်ပေး ၄ ဦးက အပိုင်စီးကာ အိမ်ဖြူတော်ကို ၀င်တိုက်ရန် ကြိုးစားသည်။ သို့ရာတွင် ပင်စီဗေးနီးယား ( Pennsylvania ) တောထဲသို့ ပျက်ကျသွားသည်။ ထိုလေယာဉ်၌ လူပေါင်း ၄၅ ဦး ပါသွားသည်။

၅။။
စာအုပ်ကို ခဏ ပိတ်လိုက်မိသည်။ ဖတ်ခဲ့ဖူးသော ဖရွိုက် ၏ အဆိုအမိန့် တစ်ချို့သည် အတွေးထဲသို့ အစီအရီ ၀င်လာပြန်သည်။

သာမန်အားဖြင့် ကြည့်ရင် လူတွေဟာ အသိဥာဏ် ဆင်ခြင်ဥာဏ်ရှိကြတယ် ။ အသိဥာဏ် ၊ ဆင်ခြင်ဥာဏ်က လူတွေကို ဦးဆောင်နေတယ်လို့ ထင်ရတယ် ။ ဒါပေမယ့် လူ့ သမိုင်း လူ့ဖြစ်စဉ်ကို ကြည့်ရင် ပို၍ ပို၍ မိုက်မဲမှုတွေကိုပဲ ပြုခဲ့ကြတာတွေကို တွေ့နိုင်တယ် ။ ပို၍ပို၍ စိတ်မငြိမ်းချမ်းဖွယ်ရာတွေကိုပဲ လူတွေ ကြုံတွေ့ရတာကိုလည်း တွေ့နိုင်တယ်။

တကယ်တော့ လူကို ဦးဆောင်နေတာဟာ အသိဥာဏ် ၊ ဆင်ခြင်ဥာဏ် မဟုတ်ဘူး ။ လူကို တကယ် ဦးဆောင်နေတာ စိုးမိုးနေတာ ပြဌာန်းနေတာက မသိစိတ် ၊ ဒါမှမဟုတ် လူ့စိတ်ရဲ့ အောက်ခြေ အနက်ရှိုင်းမှာ ရှိနေတဲ့ အစွဲတဏှာ အစရှိတဲ့ စွမ်းအားတွေ ဖြစ်တယ်လို့ ဖရွိုက်က ဖော်ပြခဲ့တယ် ။ တကယ်ကတော့ လူရဲ့ ဆင်ခြင်ဥာဏ် အသိဥာဏ်ဆိုတာဟာ အဲ့ဒီ စိတ်စွမ်းအားတွေလို့ ခေါ်ရတဲ့ အလိုလောဘ အစွဲတဏှာတွေ ၊ ဒေါသမာနတွေ … ဒါတွေရဲ့ နောက်လိုက် ဖြစ်နေတယ် ။ အစေအပါး ဖြစ်နေတယ်။ ဆင်ခြင်ခြင်း တရားဟာ အစွဲတဏှာအစရှိတဲ့ မသိစိတ်ရဲ့ စွမ်းအားခိုင်းသမျှ ပြုရတဲ့ ကျေးကျွန်ဘ၀ ကို ရောက်သွားတယ် ။ ဒေါသ လောဘ မောဟ မာန်မာန ဘာသာစွဲ လူမျိုးစွဲ နိုင်ငံစွဲတွေရဲ့ လုပ်ရပ်ကို လွတ်လွတ်လပ်လပ် မိုက်မိုက်မဲမဲ ပြုနိုင်အောင် အကောင်းဆုံး အခိုင်မာဆုံး အကြောင်းပြချက် ရှာပေးနေတာကပဲ လူတွေရဲ့ ဆင်ခြင်ခြင်း တရား ဖြစ်နေလေရဲ့ ။

၎ ။။
စာအုပ်ကို ဘေးသို့ ချကာ မတ်တပ်ရပ် အညောင်းအညာ ဆန့်ရင်း လူ့သမိုင်း၏ အနိဌာရုံ မြင်ကွင်းကို ကြိုးစား၍ ဖျောက်လိုက်ရသည် ။

အစွဲ တဏှာ၏ ဥပါဒါန်သည် ကြက်သီးထဖွယ် ကောင်းလှသည်။ ဘာကိုပင် စွဲစွဲ စွဲပြီ ဆိုသည်နှင့် ကိလေသာမီးသည် ဟုန်းဟုန်းထအောင် တောက်သည်ကိုလည်း အထင်းသားပင် တွေ့နိုင်လေသည် ။ လူတွေ ခေတ်အလိုက် ဘယ်လောက်ထိ စွမ်းဆောင်နိုင်ခဲ့လဲ ။ ကြိုက်သလောက် စွမ်းဆောင်နိုင်ခဲ့၊ တည်ဆောက်ခဲ့ ၊ ထိုအရာ အားလုံးသည် ထိုလူတို့၏ ဒေါသ လောဘ အာဃာတ တို့ကြောင့်ပင် ပျက်စီးရကြောင်း အခိုင်အမာ တွေ့နေရလေသည်။

အသောကမင်းကြီး ရေးထိုးခဲ့သော ကျောက်စာကို သတိရမိသည်။
ဤမည်သော ကောင်းမှုကို ငါ ပြုခဲ့ပြီဟု မိမိ၏ ကောင်းမှုကိုသာလျှင် လူသည် မြင်တတ်၏ ။ ဤမည်သော မကောင်းမှုကို ငါပြုမိ၏ ။ ဤသို့ ပြုမိခြင်းသည် ငါ၏ အပြစ်ပါတကားဟု မိမိ၏ မကောင်းမှုကို မမြင်တတ် ။ ဤသို့ ဆင်ခြင်ရှုမြင်ရန်ကား ခဲယဉ်းလှချေ၏ ။

မှန်ပေသည် ။ မည်သို့ပင် ဆိုးသွမ်းရက်စက်နေသော ဂန္တ၀င် လူဆိုးကြီး ဖြစ်ပါစေ သူ၏ လုပ်ရပ်အတွက် အကြောင်းပြချက် တစ်ခုခုတော့ အရန်သင့် ရှိနေတတ်လေသည် ။ လူသတ်သမားပင် ဖြစ်လေဦးတော့ သူ ဘာကြောင့် သတ်ရတယ် ဟူသော အကြောင်းပြချက် ရှိနေပေလိမ့်မည် ။ သူ့ကိုယ်သူတော့ မှန်တယ် ထင်မည်သာ ။ လူဆိုသည်မှာ မိမိလုပ်တာကိုတော့ ကောင်းတယ်ဟု ထင်သည်ချည်းပင် ။

ကိုယ်လုပ်တာကို မကောင်းဘူးဟု မမြင်သောသူသည် ကိုယ့်အပြစ်ကို မမြင်သောသူပင် ဖြစ်လေသည် ။ ထိုသို့ မိမိကိုယ် မိမိ အပြစ်မမြင်သောကြောင့်ပင် တစ်ဖက်လူ တစ်ဖက် အသင်းအဖွဲ့ ကို အပြန်အလှန် အပြစ်မြင်လေတော့သည် ။ စိတ်သဘောထားချင်း မတိုက်ဆိုင်မှု အငြင်းပွားမှုမှ တဆင့် ပဋိပက္ခဖြစ်ကာ နောက်ဆုံး စစ်ပွဲတွေ လူသတ်ပွဲတွေ အထိ ဖြစ်ကြတော့သည် ။

ဆင်ခြေတစ်ခုသည် အရန်သင့် ရှိနေတတ်ပေသည် ။ ဘာသာအတွက် လူမျိုးအတွက် နိုင်ငံအတွက် မိသားစု အတွက် ဆွေမျိုးအတွက် ချစ်သူအတွက် ဘာအတွက် ညာအတွက် .. စသည်ဖြင့် အကြောင်းပြချက်မျိုးစုံဖြင့် ပဋိပက္ခပေါင်းများစွာ ရန်ပွဲပေါင်းများစွာ စစ်ပွဲပေါင်းများစွာ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး လူ့အသက်ပေါင်းများစွာ အိုးအိမ်စည်းစိမ်ပေါင်းများစွာ ပျက်သုန်းခဲ့ရလေပြီ ။ လူသည် ကိုယ့်အပြစ်ကို ကိုယ်မမြင်နိုင်၊ မှန်သည်ဟု ထင်သည်ချည်းပင် ။

အကယ်၍သာ အဓိက တရားခံအစစ်မှာ ပုဂ္ဂိုလ် သတ္တ၀ါ သူတွေ ငါတွေ မဟုတ်ပဲ အရှိထင်သော သမုဒယ တဏှာလက်သမားကြောင့် ဖြစ်ရသော ဒေါသ လောဘ မောဟ မာန်မာန ရန်ငြိုး ရန်စ အာဃာတ အနိုင်ရလိုမှုတွေကြောင့်သာ ဟု လက်ခံနိုင်ခဲ့လျှင် ……

သင်္ကြန် အကြိုနေ့သည် ကျနော့် အတွက် လွတ်လပ်ပေါ့ပါးနေလေသည် ။ ဒါသည်ပင် ကျနော့် အတွက် သင်္ကြန်လက်ဆောင်ပေလော ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP