* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 22, 2010

မွ........အျခားမရွိ


ငြိမ်းချမ်းခြင်းဆိုတာကို လူတိုင်း လိုလားပါတယ်။ ဒါပေမယ့် တကယ့်လက်တွေကျတော့ ငြိမ်းချမ်းရေးရ ဖို့ဆိုတာ မလွယ်ပြန်ဘူး။ ဒီနေရာမှာ သိကြားမင်းက ရှင်တော်ဘုရားကို လျှောက်ထားတာက သက်သေ တစ်ခု လို့ ယူဆနိုင်ပါတယ်။

အဲဒါက ဒီလိုပါ။ “ လောကကြီးမှာ နတ်တွေ၊ လူတွေ၊ အသူရာတွေ၊ နဂါးတွေ၊ ဂန္ဓဗ္ဗတွေနဲ့ အခြားသော အသက်ရှင်နေထိုင်နေကြသူများ ရှိပါတယ်ဘုရား။ သူတို့ဟာ ရန်တွေမှ ငြိမ်းအေးလိုကြတယ်။ တိုက်ခိုက်ခြင်းတွေမှ ရှောင်ရှားလိုကြတယ်။ ရှုပ်ထွေးမှုတွေကို မလိုလားကြပါဘူး။ မလိုမုန်းထားမှုတွေက ကင်း ဝေးလိုကြတယ်။ မပျော်ရွှင်မှုတွေက လွတ်မြောက်လိုကြပါတယ်ဘုရား။ ဒါပေမယ့် အဲဒီလို့ ဆန္ဒတွေ ရှိနေကြ ပေမယ့် ဘ၀ရဲ့ မကောင်းတဲ့ အဲဒီအရာတွေမှ မလွတ်မြောက်ကြပါဘုရား” တဲ့။ ငြိမ်းချမ်းရေးဆိုတာ တည် ဆောက်ဖို့ ခက်ခဲသားဆိုတာ ဒီစကားလေးအရ သိနေရပါတယ်။ ဒါ့ကြောင့်လည်း ခေတ်အဆက်ဆက်မှာ မငြိမ်းချမ်းခြင်းတွေ ရှိနေရတာဖြစ်ပြီး အခြားတဖက်က ငြိမ်းချမ်းရေးဆိုတာကို အစဉ်တစိုက် တောင်းဆိုနေကြ ရတာ ဖြစ်မှာပါ။ ဒါလေးက သက္ကပဥှသုတ်မှာပါ။

စာရေးသူဟာ ရုပ်ပိုင်းဆိုင်ရာအရ အဝေးမှာ ရှိနေပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ အမြဲထိစပ်လို့ နေတာက အမိမြန်မာပြည်ပါ။ ဒီမြေပေါ်မှာ မွေးပြီး ဒီမြေပေါ်မှာပဲ ကြီးပြင်းခဲ့တာ မဟုတ်ပါလား။ မကြာခင်က ကြားရတဲ့သတင်းကတော့ ရန်ကုန်မှာ ဗုံးကွဲတယ် ဆိုတာပါ။ အလွန်ကို စိတ်ထိခိုက်ရ ပါတယ်။ နှစ်သစ်မင်္ဂလာ ကို ကြိုဆိုနေတဲ့အချိန်မှာ ဘာ့ကြောင့်များ ဒီအမင်္ဂလာကို ဖန်တီးကြပါသလဲ။ ဒါကိုပဲ မျိုးချစ်စိတ်လို့ ပြောရလေ မလားတော့ မသိပါ။

အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်ကတော့ “ အဘယ်ကို မျိုးချစ်စိတ်ဓာတ်ဟု ခေါ်ပါသနည်း။ မိမိ၏ တိုင်းပြည်နှင့် မိမိ၏လူမျိုး ကောင်းစားသည်ကို မြင်လိုသောစိတ်သည် မျိုးချစ်စိတ်ဖြစ်ပါ သည်။ မိမိချစ်လှစွာ သောသူတစ်ဦး ဒုက္ခရောက်လျင် စိတ်မချမ်းမြေ့သကဲ့သို့ မိမိလူမျိုးများ ဒုက္ခရောက်သည်ကို မကြည့်ရက်သော စိတ်၊ မိမိ၏ ချစ်လှစွာသော သူတစ်ဦး ချမ်းသာလျင် ၀မ်းမြောက်သကဲ့သို့ မိမိလူမျိုးများ ချမ်းသာလျင် လွန်မင်းစွာ ပီတိဖြစ်သော စိတ်ကို မျိုးချစ်စိတ်ဟု ခေါ်ရပေမည်” လို့ ပြောဆိုခဲ့ပါတယ်။

ဒီလိုသတင်းကြားရတော့ ဟိုတုန်းက ဗုံးကွဲခဲ့တာတွေကို ပြန်လည် သတိရစေပြန်တယ်။ တစ်ခါက ကမ္ဘာအေး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ ကျောင်းတက်နေတုန်းအချိန်ကပါ။ တရုတ်ပြည်က စွယ် တော်မြတ် မြန်မာပြည်ကို ပင့်ဆောင်လာတဲ့အခိုက်မှာပါ။ မဟာပါသာဏလိုဏ်ဂူထဲမှာ ပူဇော်ထားတဲ့ အဲဒီစွယ် တော်မြတ်ကို လာရောက် ဖူးမြော်ကြသူတွေ အများသား။ ရက်စွဲမမှတ်မိတဲ့ နေ့တစ်နေ့ ညပိုင်းအချိန်မှာ ဗုံးကွဲ တာပါ။ ဗုံးကွဲတဲ့ အသံကို စာရေးသူတို့နေတဲ့အဆောင်က အတိုင်းသားကြားနေရတယ်။ ဒါပေမယ့် ဒီတုန်းက အသံသာ ကြားရတာပါ။

တစ်ခါကတော့ စာရေးသူနေတဲ့ကျောင်းနားက စူပါမက်ကတ်မှာ ဗုံးပေါက်တာပါ။ ကျောင်းနဲ့ စူပါမက် ကတ်က ဟိုဘက်နဲ့ ဒီဘက် လမ်းပဲ ခြားတာဆိုတော့ နေ့လည် သုံးနာရီလောက် ဗုံးကွဲတာဟာ စာရေးသူနေတဲ့ အဆောင်ကို တုန်ခါသွားစေခဲ့တယ်။ အသံကလည်း အတော့်ကို ကျယ်တာပါ။ အပြင်ထွက်ကြည့်တော့ မြင်ကွင်း အကုန်လုံးကို တွေ့နေရပါတယ်။ အလွန်အကျည်းတန်လှတဲ့ မြင်ကွင်းတစ်ခုပါ။ မီးခိုးတလူလူ ညှော်နံ့ တသင်း သင်းနဲ့ မှန်တွေကလည်း ကွဲအက်ကုန်လို့ ပစ္စည်းတွေကလည်း ဖရိုဖရဲနဲ့ပါ။ ဒဏ်ရာရသူရ သေကြေတဲ့ သူတွေ သေကြေနဲ့ သွေအလူလူဖြစ်နေတဲ့သူတွေကို တိုက်ရိုက်မြင်နေရတာပါ။ ၀န်ထမ်တွေ ပြေးလွှားအော်ဟစ်နေကြ တာ ဈေးဝယ်သူတွေ ကြောက်လန့်တကြားအကူအညီ တောင်းနေကြတာ ဒါတွေက အတော့်ကို သနားစရာ ကောင်းသလို့ အလွန်ကို တုန်လှုပ်ချောက်ခြားစရာကောင်းတဲ့ မြင်ကွင်းပါ။ ဒီကနေ့အထိ အဲဒီမြင်ကွင်းက မြင်နေရဆဲပါ။

အခြားဟာကတော့ သီရိလင်္ကာမှာနေတုန်းကပါ။ ည ၁၁-နာရီလောက်လို့ ထင်ပါတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတာပါ။ စာရေးသူတို့နေတဲ့ မြန်မာကျောင်းနဲ့ သိပ်မဝေးလှတဲ့ နေရာမှာပါ။ အောက်က ပြန်ပစ်တာတွေ မီးရှုးမီးပန်းအလား အတိုင်းသားမြင်နေရပါတယ်။ ဒါကတော့ နိုင်ငံခြားမှာ ကြုံတွေ့ရတဲ့ မြင်ကွင်းပါ။

“ဘုရင်အချင်းချင်း၊ မင်းသားအချင်းချင်း၊ ပုဏ္ဏားအချင်းချင်း၊ သူဌေး အချင်းချင်း၊ အမေက သားနဲ့၊ သားက အဖေနဲ့၊ ညီက အကိုနဲ့၊ အကိုက ညီမနဲ့၊ ညီမက အကိုနဲ့၊ သူငယ်ချင်း အချင်းချင်း ငြင်းခုံနေကြ ခိုက်ရန် ဖြစ်နေကြတယ်။ ဒါတွေဟာ လိုအင်ဆန္ဒတွေကြောင့် ဖြစ်တယ်”လို့ မူလပဏ္ဏာသမှာ ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်အရဆိုယင် ခိုက်ရန်ဖြစ်နေကြတာ ငြိမ်းချမ်းမှုတွေ မရကြတာဟာ ကိုယ်လိုချင်တဲ့ “လိုအင်ဆန္ဒ” တွေ မပြည့်ဝလို့ပါပဲ။

ဒီနေရာမှာ ဦးသန့်ပြောတဲ့ မငြိမ်းချမ်းခြင်းအကြောင်း ၄-ချက်ကို ပြောကြည့်ချင်ပါတယ်။ အဲဒါကတော့ (၁) နိုင်ငံရေးအယူ အဆကွဲခြင်း (၂) စီးပွါးရေးမညီမျှခြင်း(၃) ကိုလိုနီ စနစ်ရဲ့ အကြွင်းအကျန်တွေ ရှိနေခြင်း (၄) အသားအရောင် ကွဲပြားခြင်း-လို့ ဆိုတာပါပဲ။

ဒီအဆိုအရဆိုလျင် အဲဒီအချက်လေးခုထဲက တစ်ခုခု ငြိစွန်းနေယင် အချိန်မရွေး ရန်လိုမှုတွေ စစ်ပွဲတွေ မငြိမ်းချမ်းမှုတွေ ဖြစ်နိုင်ပါတယ်။ တကယ်တော့ လူသားတိုင်းဟာ အပြစ်ပေးခံရမှာကို တုန်လှုပ်ကြသလို သေ ခြင်း တရားကိုလည်း ကြောက်လန့်ကြတာပါပဲ။ ပြုလုပ်သူကော ပြုလုပ်ခံရသူကော အလားတူပါပဲ။ ဒါနဲ့စပ်ဆက် လို့ Buddhism in a nutshell စာအုပ်မှာ ဘဒ္ဒန္တ နာရဒမဟာထေရ်က ရေးသားထားတာက ဒီလိုပါ။

“ ဗုဒ္ဓ၀ါဒသည် တစ်စုံတစ်ခုသောတိုင်းပြည်၊ တစ်စုံတစ်ခုသော လူမျိုးအတွက် သတ်မှတ်ပြဌာန်းထား သော ၀ါဒမဟုတ်။ တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သောဝါဒဖြစ်၏။ ဗုဒ္ဓ၀ါဒသည် အမျိုးသားရေးဝါဒမျိုးလည်း မဟုတ်။ အမျိုးသားရေးဝါဒဟူသည် ကျယ်ပြန့်သော အခြေခံပေါ်၌ တည်ဆောက်ထားသည့် ဇာတ်ခွဲခြားရေး စ နစ်၏ ပုံစံတစ်မျိုးသာ ဖြစ်၏။ အမှန်စင်စစ် ဗုဒ္ဓ၀ါဒသည် အမျိုးသားရေးဘောင်ကို ကျော်လွန်သော ၀ါဒဖြစ်၏။
ဗုဒ္ဓ၀ါဒီတစ်ဦးအတွက် သူစိမ်းသူကျက်ဟူ၍မရှိ။ တိုင်းတစ်ပါးသားဟူ၍ မရှိ။ အဘယ့်ကြောင့်ဆိုသော် နားလည်သဘောပေါက်မှုမှ ဖြစ်ပေါ်လာသည့် အကန့်အသတ်မရှိသော မေတ္တာစိတ်ဖြင့် သတ္တ၀ါအားလုံး၏ ညီရင်းအကိုဘ၀ကို ထူထောင်ထားသောကြောင့် ဖြစ်ပေ၏။ ဗုဒ္ဓ၀ါဒီတစ်ဦးသည် ကမ္ဘာ့နိုင်ငံသားတစ်ဦး ဖြစ်၏။ သူသည် တစ်ကမ္ဘာလုံးကို မိမိ၏ မိခင်နိုင်ငံကဲ့သို့ပင် မှတ်ယူ၏။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကိုလည်း မိမိ၏ ညီရင်းအကိုကဲ့သို့ မှတ်ယူ၏။”
သို့ဆိုလျင် ကမ္ဘာသူ ကမ္ဘာသား အားလုံးကို မိမိ၏ ညီရင်းအကိုကဲ့သို့ မှတ်ယူတဲ့ ဒီမြင့်မြတ်တဲ့ ဘာသာ ၀ါဒတစ်ခု ထွန်းကားနေရာအတွက် ငြိမ်းချမ်းစွာ လျှောက်လှမ်းခြင်းကသာ ဗုဒ္ဓ၀ါဒီများအဖြစ် အကောင်းဆုံး ဖော်ပြရာ ရောက်မှာပါ။

မငြိမ်းချမ်းမှုဆိုတာ ရှိနေယင် အဲဒီရဲ့အခြားတစ်ဖက်မှာ ငြိမ်းချမ်းမှုဆိုတာတော့ ရှိနေဦးမယ်လို့ ယုံကြည် မိပါတယ်။ ဒါ့ကြောင့်လည်း စစ်နှင့်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး သရုပ် ဖော်တဲ့စာပေများဟာ တန်းဖို့မြင့်နေဆဲ နေရာယူနေဆဲဖြစ်တာ နေမှာပါ။ ကမ္ဘာကြီးမှာ အရာရာတိုင်းဟာ တစ် သမတ်တည်း သွားနေတာတော့ မဟုတ်ပါဘူး။ အချိန်မရွေး ပြောင်းလဲနေတာပါ။ ခေတ်ရဲ့ပြောင်းလဲလာတဲ့ အနေအထားတွေပေါ်မှာ

“လူ့သမိုင်းမှာ နိုင်ငံရေး အရရော၊ စီးပွါးရေးအရရော၊ လှုမှုရေးအရရော ပြောင်းလဲနေတယ်။ ကျွန်တော့် အယူအဆမှာ အဲဒါတွေဟာ အကောင်းဘက်ကို ပြောင်း တယ်လို့ ယူဆတယ်။ (Human Synthesis)ဆိုတဲ့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိလာကြတယ်။ ဒီမြေကြီးမှာပဲ မွေးတဲ့လူအချင်းချင်းပဲ။ ဒီမှာပဲ ကြီးကြသူ အချင်းချင်းပဲ။ အသားအရောင်ကွဲ၊ အယူအဆကွဲပေမဲ့ တစ်လှေထဲစီး တစ်ခရီးတည်း သွားကြသူတွေပါလားလို့ သိလာကြတယ်။ နောင်မှာ သမတဲ့ဘ၀သို့ ရောက်မယ်” လို့ ဦးသန့်က သုံးသပ်ထားပါတယ်။

မြတ်ဘုရားကတော့ “ အမုန်းတရားက အမုန်းတရားကို ဘယ်တော့မှ မငြိမ်းအေးနိုင်။ ချစ်ခြင်းတရား ကသာလျင် အမုန်းတရားကို ငြိမ်းအေးနိုင်၏။ ဤကား အစဉ်အလာဓမ္မတာတည်း” လို့ ဓမ္မပဒမှာ မိန့်ကြားထားပါ တယ်။

ထို့အတူပါပဲ
“ အမုန်းတရားက ကန့်သတ်ချုပ်ချယ်တယ်၊ မေတ္တာက လွတ်ငြိမ်းစေတယ်။ အမုန်းက လည်မျိုကိုညှစ် တယ်၊ အချစ်က ဆန္ဒပေးပိုင်ခွင့်ရှိတယ်။ အမုန်းတရားက နောင်တကို သယ်ဆောင်တယ်၊ အချစ်က ငြိမ်းချမ်းမှု ကို သယ်ဆောင်တယ်။ အမုန်းက စိတ်ကိုအနှောင့်အယှက်ပေးတယ်၊ ချစ်ခြင်းက ငြိမ်သက်တယ်။ မုန်းခြင်းက ခွဲခြားမှုရှိတယ်၊ အချစ်က ညီညွတ်နေတယ်။ အမုန်းတရားမှာ မာကျောခက်ထန်မှုတွေ ပါတယ်။ ချစ်ခြင်းတရား မှာ နုးညံ့သိမ့်မွေ့ တယ်။ အမုန်းတရားက တားဆီးပိတ်ပင်တယ်၊ ချစ်ခြင်းမှာတော့ ကူညီရိုင်းပင်းတယ် ” လို့ ပီယဒဿီမထေရ်က သူ့ ရဲ့ the buddha’s ancient path စာအုပ်မှာ ရေးထားပါတယ်။

ဖော်ပြပါ ငြိမ်းချမ်းရေးတည်ဆောက်သူများရဲ့ စကားများဟာ “အမုန်းတရားကို ချေဖျက်နိုင်ဖို့၊ မေတ္တာတရားကို တည်ဆောက်ဖို့” အတွက် ရည်ညွှန်းပြဆိုနေကြတာပါ။ ဒီစကားများကပဲ “ငြိမ်းချမ်းရေးအတွက် မေတ္တာမှတစ်ပါး အခြားမရှိ” လို့ စာရေးသူအနေနဲ့ နားလည်နေမိပြန်တယ်။


မေတ္တာတရားများ ကိန်းဝပ်ကြပါစေဟု ဆန္ဒပြုရင်း--------

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP