လင်ကိုနိုင်လွန်းသော မိန်းမ အပိုင်း-(၁ မှ ၃)
ငါတို့ဆရာ ဂေါတမ မြတ်စွာဘုရား၏ ရွှေလက်တော်ဝယ် ဥပကစာဝါ (ဆာဝါ) မိသားစုသည် အလွန်ထူးခြား၏။
မြတ်စွာဘုရားသည် ဥပကစာဝါတို့၏ သား သုဘဒ်ပရိဗိုဇ် ကျွတ်တန်းဝင်မည်ကို မြင်တော်မူသောကြောင့် ကုဿိန္နာရုံ ပြည်သို့ အပင်ပမ်းခံကာ ကြွတော်မူ၏။ သုဘဒ်ကား မြတ်စွာဘုရား၏ ရွှေလက်ထက်တော်၌ နောက်ဆုံး ကျွတ်တမ်းဝင်သော ရဟန္တာတည်း။
ရှေးရှေးသော မြတ်ဘုရားတို့သည် ဓမ္မစကြာတရား ဟောကြားရန် မိဂဒါဝုန်တောသို့ ကောင်းကင်ခရီးဖြင့်သာ ကြွတော်မူကြ၏။ ငါတို့ဆရာ ဂေါတမမြတ်စွာဘုရားကား ခြေလျင် ကြွတော်မူ၏။ အကြောင်းသော်ကား ယခု တွေ့ခြင်းတို့ အရင်းခံလျက် နောင် နှစ်အနည်းငယ် အကြာတွင် ဥပက တက္ကတွန်း တရားထူးရမည်ကို မြင်တော်မူသောကြောင့်တည်း။
သို့ဖြစ်သဖြင့် သုံးလောကထွတ်ထား သဗ္ဗညု မြတ်စွာဘုရားသည် အဇပါလ ညောင်ပင်မှ ဗာရာဏသီပြည်သို့ ရှေးရှု ကြွတော်မူ၏။ ဥပက တက္ကတွန်းကို တွေ့ရတော်မူ၏။
“ငါ့ရှင် သင်၏ ဣနြေ္ဒတို့သည် နှစ်လိုကြည်ညိုဖွယ်ရှိ၏။ သန့်ရှင်းစင်ကြယ် သပ္ပါယ်ပြည့်ဖြိုးလျက် ပြိုးပြိုးပြက်မျှ ထွက်ထွန်းသော အရောင်လည်းရှိပေ၏။ အဘယ်သူကို ရည်မှန်းပြီး ရဟန်းပြုသနည်း။ သင့်ဆရာမှာ မည်သူနည်း။ သင်၏ အမည် မည်သို့ခေါ်သနည်း”
တက္ကတွန်းသည် အရိုအသေပြုပြီး တစ်သီကြီး မေး၏။
“ချစ်သား ဥပက၊ ငါကား ကိလေသာရန်သင်းကို နှိမ်နင်းဖျက်ဆီး၍ တည်သဖြင့် အလုံးစုံ ဘုံသုံးပါး၌ ဖြစ်သော တရားအပေါင်းကို သိတော်မူ၍ တေဘူမက ဓမ္မခပ်သိမ်းတို့၌ လိမ်းကျံ ကပ်ငြိခြင်းမှ ကင်းတော်မူ၏။ အလုံးစုံသော အကုသိုလ်တရားကို ပယ်ရှားစွန့်ခွာ၍ တဏှာ၏ ကုန်ရာ နိဗ္ဗုတာ အောင်ဘုံကို အာရုံပြုသဖြင့် ကိလေသာ အပေါင်းတို့မှ လွတ်၏”
မြတ်စွာဘုရားသည် တက္ကတွန်း၏ အမေးကို သည်းခံ ဖြေကြားတော်မူ၏။
“ချစ်သား ဥပက၊ စတုဘူမက ဓမ္မအလုံးစုံကို အလိုလိုသာ ငါသိတော်မူရကား လောက သုံးပါး၌ ထင်ရှားဖြစ်ရာ ငါ့ဆရာသည် အဘယ်မှာ ရှိတော့အံ့နည်း။ ငါ့အမည်ကား ငါးပါးသော မာရ်ကို ပယ်လှန်အောင်ဘိ၍ ‘အနန္တဇိန’ မည်သတည်း”
“အရှင် ဂေါတမ ဘယ်ကို ဘာကိစ္စ ကြွတော်မူမှာပါလိမ့် ဘုရား”
“ချစ်သား ဥပက၊ သမုဒြာသဲမျှ ပွင့်တော်မူကြကုန်သော ဗုဒ္ဓတို့ ဓမ္မတာ ဓမ္မစကြာ ဟူသော တရားစည်ကြီးကို တီးတော်မူခြင်းငှာ ဗာရာဏသီ ပြည်အနီးရှိ မိဂဒါဝုန်တောသို့ ငါကြွတော်မူအံ့”
“ဟုပေယျ အာဝုသော၊ ကောင်းပေစွ အရှင်ဘုရား”
ဥပက တက္ကတွန်းသည် မြတ်စွာဘုရားအား လက်ဦးစွာ ဖူးတွေ့ရစေကာမူ အကုသိုလ် မကုန်ရသေးကား လက်အုပ်ချီ ခေါင်းညိတ်လျက် ဝင်္ကရွာဘက်သို့ ထွက်ခွာလာခဲ့လေ၏။
ဝင်္ကရွာ၏ အကြီးအကဲကား စဏ္ဍာမိမုဆိုး ဖြစ်၏။ ဘုရားစစ် ဘုရားမှန်၊ တရားစစ် တရားမှန်၊ သံဃာစစ် သံဃာမှန်ကို မသိကြ။ မသိသောကြောင့် ဥပက တက္ကတွန်းကိုပင် အဟုတ်ထင်ကာ ကျောင်းဆောက်လျက် ကိုးကွယ်ထားလေ၏။ တစ်ခါတစ်ရံဝယ် မုဆိုးသည် သမင်တောသို့ ရက်ရှည်လများသွားရန် အကြောင်းပေါ်ပေါက်လာ၏။ ထို့ကြောင့် သမီးစာပါအား မှာကြား၏။
“သမီး၊ ငါတို့ဆရာ ရဟန္တာမြတ်ကို နေ့တိုင်း ဆွမ်းကပ်ဖို့ မမေ့နဲ့နော်၊ အဖေ စိတ်ချသွားမယ်”
“စိတ်ချပါအဖေ၊ သမီး ဝတ်မပျက်စေရပါဘူး”
ဖအေထံ ကတိခံလိုက်သည့်အတိုင်း စာပါသည် နောက်တစ်နေ့တွင် ထမင်းဟင်းလျှာများ ကောင်းစွာချက်ပြုတ် ပြင်ဆင်ထားသည်။ သူကိုယ်တိုင်လည်း ရေမိုးချိုး၍ ဖီးလိမ်းပြင်ဆင်ထားသည်။
အချိန်တန်သောအခါ ဥပကတက္ကတွန်းသည် သပိတ်ပိုက်လျက် ရောက်လာသည်။ စာပါလည်း ဆွမ်းကပ်ရန် ပြင်ဆင်သည်။ တက္ကတွန်း မျက်လုံးပြူး ပါးစပ်ပြဲနေဆဲ၌ ဆွမ်းကပ်သည်။
ဥပက တက္ကတွန်းမှာ စာပါ၏ အလှတွင် ဒုက္ခကြီးတွေ့ပြီ။ အသင်္ချေသော ဘဝက အဇ္ဖျတ္တသန္တာန်၌ ကိန်းစက်သော ရာဂမီးသည် ညီးညီးပြောင်ပြောင် တောက်လောင်ပြီး ပါးစပ်ထဲခွန့်သော ဆွမ်းကိုမျှ မျို၍ မကျနိုင်။ မေးပါးခိုင်ခိုင် ငေးမှိုင်ဝေနောက်လှသဖြင့်၊ ဆွမ်းနှင့်ဟင်း အားလုံးကို သိပိတ်ထဲ ပစ်ထည့်ပြီး ကျောင်းသို့ ပြန်ပြေးလာခဲ့လေ၏။
“ရှင်စာပါကို ငါရမှ အသက်ရှင်မယ်။ အသက်ရှင်မယ်။ မရရင်ငါ သေရ တော့မယ်။ ရှင်စာပါကို ရရင် သည်က ထားပြီး ခံစားမယ်”
ကျောင်းသို့ရောက်လျှင်၊ သပိတ်ကို ပစ်ချထားခဲ့ပြီး ပက်လက် ဒလန်းကြားနေလျက် မြည်တမ်းနေလေတော့၏။ ထမင်းစားရန်လည်း သတိမရ၊ ရက်ပေါင်းများစွာ အရူးသဖွယ် မြည်တမ်းနေလေ၏။
ခုနှစ်ရက် အကြာတွင်၊ စဏ္ဍာမိ မုဆိုးကြီးသည် အမဲကင်တွေ၊ ကြပ်တိုက်ခြောက်တွေ၊ အသားစိုတွေ ထမ်းလျက် ပြန်ရောက်လာ၏။ အမောသော်မျှ မဖြေအားဘဲ “သမီး၊ ငါ့ဆရာကို ကောင်းကောင်းမွန်မွန် လုပ်ကျွေးရဲ့လား” မေး၏။
“တစ်နေ့ပဲ လာတယ် အဖေ၊ ဆွမ်းတောင် ကောင်းကောင်း မစားဘူး၊ ချက်ချင်းပြန်သွားတာ၊ ကနေ့ထိ ပေါ်မလာ တော့ပါကလား”
စာပါကား တက္ကတွန်းရူး၏ ရောဂါကို မသိသဖြင့်၊ ရိုးသားစွာ ဖြေ၏။ မုဆိုးမူ ‘ရောဂါ ဝေဒနာ တစ်ခုခု ဖြစ်ပြီးထင်ရဲ့’ အတွေးဖြင့် တက္ကတွန်း၏ ကျောင်းသို့ အပြေးလာခဲ့သည်။ ကျောင်းပေါ်တွင် အဝတ်မကပ်၊ လူးလှိမ့်နေသော တက္ကတွန်းကို တွေ့ရသည်။
“အရှင်ဘုရား ဘာပြုလို့တုံး ဘုရာ့။ ဗိုက်နာသလား၊ ခေါင်းကိုက်သလား၊ ဘာတွေများ ဘုန်းပေးမိသတုံး”
တက္ကတွန်းသည် အမေးကို မဖြေ။ “စာပါကိုမှ မရရင် သေရချေရဲ့ စာပါကိုရမှ အသက်ရှင်မယ်” ဟု ပလုံးပထွေး မြည်နေသည်။ မုဆိုး နားမလည်။
“အရှင်ဘုရားပြောတာ တပည့်တော် နားမလည်လို့၊ ရှင်းအောင် ပြောစမ်းပါ ဘုရား”
“အို ဒါယကာ၊ ရှက်ရှက် အားနာနာနဲ့ ပြောရမယ်ဆိုရင်၊ ဒါယကာရဲ့သမီး စာပါကိုမှ ငါမရရင် သေရတော့မယ်၊ စာပါကြောင့် ငါအခုလို ဖြစ်ရတာပဲ”
“အရှင်ဘုရား၊ တပည့်တော်ရဲ့ သမီး စာပါကို ရဖို့ မခဲယဉ်းပါဘူး၊ ဒါပေမယ့်၊ လူ့ဘောင် လူ့ဘဝမှာ လူလုပ်ရတာ ခက်ခဲတယ်။ ပညာရှိမှ ဥစ္စာရပါတယ်။ ဥစ္စာရှိမှ ချမ်းသာပါတယ်။ သားမယားကို လုပ်ကျွေးဖို့ အရှင်ဘုရား ဘာပညာတွေ တတ်ပါသတုံး”
ပညာ ဥစ္စာတွေကို မတွေးမိသော တက္ကတွန်း အဖြေရခက်၏။ ခက်ပင် ခက်သော်လည်း မဖြေ၍ မဖြစ်။ အသံပျော့ကလေးဖြင့် ဖြေသည်။
“ဒါယကာ၊ ငါ ဘာမျှ မတတ်ဘူး၊ လူထွက်လို့ရှိရင် သင်မုဆိုးရဲ့ အဖော်လုပ်လိုက်ပြီး ရကစု သားငှက်ကို ထမ်းပြီး ရောင်းဖို့ပဲ တတ်တယ်”
မုဆိုး ခေါင်းညိတ်၏။ မြင့်မြတ်သော ပုဂ္ဂိုလ်ဟု သူထင်ထားသူက သူ့သမီးကို စွဲလမ်းနေခြင်းကို ဝမ်းသာစရာဟု မြင်၏။
“အရှင်ဘုရား၊ ဥစ္စာ အသိန်း အသန်း ရှာနိုင်တယ် ဆိုလည်း တပည့်တော် ဝမ်းမသာဘူး၊ တပည့်တော်ရဲ့ သမီးကို စွဲလန်းလို့ လူထွက်မယ်ဆိုတာပဲ ဝမ်းသာလှပြီ၊ ကဲ ရော့ရော့”
မုဆိုးသည် ခါးဝတ်ပုဆိုးကို တစ်ပိုင်း ဖြတ်ပြီး တက္ကတွန်းကို ပေးသည်။ တက္ကတွန်းလည်း ပုဆိုးပိုင်းကို ဝတ်လျက် ထလိုက်လာတော့သည်။
စာပါသည် ဥပကအား မည်သို့မျှ မနှစ်သက်ပါ။ အသက်က စဏ္ဍာမိ မုဆိုးထက် ကြီးသည်။ အသားက မီးသွေးခဲ ကဲ့သို့ရှိသည်။ အတတ်ပညာလည်း ဘာမျှမရှိ။ သို့ရာတွင် မိဘစကား မပယ်ရှားလိုသဖြင့် တက္ကတွန်းရူးအား လက်ခံပေါင်းသင်း နေရလေ၏။
ကာလ ရှည်လျှားသော် စာပါမှ သားတစ်ယောက် ဖွား၏။ အမည်မှာ သုဘဒ္ဒါပေတည်း။
သားတစ်ယောက် ရလာစေကာမူ စာပါကား ဥကပအား မေတ္တာသက်ဝင် မလာပါ။ သို့ဖြစ်သောကြောင့် ကလေး ငိုသောအခါ……
“ဟဲ့ သားထမ်းသမားရဲ့သား၊ မုဆိုးနောက် လူထွက်မိုက်ရဲ့သား၊ ငါ့ကို မပူနဲ့”
ဟူ၍ ငေါက်ငမ်း စောင်းမြောင်း၏။
ကလေးကို ပုခက်ထဲထည့်ပြီး သိပ်ရာတွင်လည်း ရိုးရိုးတေးမဆို။
“နင့်ဖရူးနှမ်း၊ ရဟန်းပေါ့ပျက် ငါ့ကိုမက်လို့ လူထွက်လာ၊ ပညာပေတုံး ထမင်းဖြုန်းတဲ့ ကတုံးမွဲရဲ့သား အိပ်ပါတော့လား၊ အေး အေး အေ”
တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်၊ လနှင့်ချီ၍ အစော်ကား ခံရသောအခါ ဥပက လှုပ်ရှားလာ၏။
“ဟေ့ ရှင်စာပါ၊ မယ်မင်းဟာ ငါ့မှာ ကိုးကွယ် အားထားစရာ မရှိတော့ဘူး ထင်နေသလား၊ လောကဓာတ်မှာ ပြိုင်ဖက်မရ အနန္တဇိန အမည်ရှိတဲ့ ငါ့ဆရာဘုရား ထင်ရှားရှိတယ်၊ သူ့ဆီသွားပြီး ငါ ရဟန်းဝတ်လိုက်ရင် မယ်မင်း သားတစ်ယောက်နဲ့ ဒုက္ခတွေ့မနော”
‘သည် လူထွက်ဟာ အခုလိုတော့လည်း ရှက်တတ်သားပဲ’
စာပါ ထိုသို့ တွေးသည်။ သို့ကြောင့် ဆက်မဆိုဘဲ ပြေရာပြေကြောင်း ပြောမိသော်လည်း စိတ်ငြိုညင်ချိန်တွင် စောင်းမြောင်း ငေါက်ငမ်းမိပြန်သည်သာ။ ကြာသော် ဥပက မခံနိုင်ပြီ။ ခွန်းကြီးခွန်းငယ် စကားများသည်။ စာပါတောင်းပန်လျှင် ကျေအေးသွားပြန်၏။
သို့တစေ နောက်ဆုံး အကြိမ်တွင်ကား ဥပက၏ အကုသိုလ်များ ကုန်ဆုံးသွားပြီ ဖြစ်ရကား စာပါ တောင်းပန်၍ မရတော့ပေ။ အိမ်မှ ထွက်ခွာသွားကာ မြတ်စွာဘုရားထံတော်၌ ရဟန်းပြုလိုက်တော့သည်။
စာပါ၏ မိဘများသည် သူတို့သမက် ပျောက်သွားခြင်းမှာ စာပါကြောင့်ဆိုကာ ပြစ်တင် မောင်းမဲကြ၏။ စာပါကား အသားမီးသွေးခဲ ကတုံးမွဲ ထွက်သွား၍ ဝမ်းမနည်း။ မိဘများက နေ့ရှိသရွေ့ ပြစ်တင်ကြိမ်းမောင်း သည်ကိုသာ ဝမ်းနည်းသည်။
နေ့ရှိသရွေ့ အဆို အပြော ခံရသဖြင့် စာပါ စိတ်ညစ်လာသည်။ သားကို အမေ့ထံထားခဲ့ကာ ခြေဦးတည့်ရာ ထွက်လာခဲ့သည်။ ဤတွင် သာဝတ္ထိပြည်သို့ ဘုရားဖူးသွားသော အဖွဲ့တစ်ဖွဲ့ကို တွေ့ရသည်။ လူကြုံကောင်းသောကြောင့် စိတ်ပြေလက်ပျောက် လိုက်ပါလာခြင်း ဖြစ်သော်လည်း မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ ပါရမီ အဆောက်အဦသည် နိုးကြားလာသည်။ လူ့လောကကို စက်ဆုပ်လာသည်။
သို့ဖြင့် ဘိက္ခုနီ အရှင်မြတ်တို့ထံတွင် ရဟန်း ပြုသည်။ ဥပဇ္ဈာယ် ဆရာ ဆုံးမသည်ကို ခံယူ၍ ဝိပဿနာပွားရာ မကြာမြင့်မီ ကာလ၌ မဂ်အစဉ်ဖြင့် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။
(လင်ကိုနိုင်လွန်းသော မိန်းမ အပိုင်း-၄ နိဂုံး အားဆက်တင်ပါမည်)



0 comments:
Post a Comment