* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 21, 2010

ရေးမိရေးရာ (၂)



စိတ်ကူးပေါက် စိတ်ရူးပေါက်၍ ရေးချင်တာတွေ ရေးပြစ်လိုက်သည်။

ချဉ်ပေါင်ကြော်
ဒီနေ့ ကျောင်းက စောစောပြန်လာခဲ့တယ်၊ ဌာနမှာ Ph.D ကျောင်းသားတစ်ယောက်ရဲ့ Viva ရှိသဖြင့် အတန်းတွေ ရပ်ထားသည်။ ကျောင်းသားအားလုံး တက်ရလေ့ရှိသည်။ သီတဂူစတားတော့ ဌာနအပေါက်ဝရောက်တာနဲ့ ထိုင်းသူငယ်ချင်းနှင့်တွေ့တော့ ဒီနေ့ အတန်းတွေ မရှိလောက်ဘူးထင်တယ် ဘာလို့လဲဆိုတော့ viva ရှိနေလို့ပဲ လို့ပြောတော့ သူငယ်ချင်း ကျေးဇူးပဲလို့ နုတ်ဆက်ကာ ချက်ချင်းလှည့်ပြန်ထွက်လာခဲ့တယ်။ ဒီကနေ့ ကျောင်းသိပ်မသွားချင်ဖြစ်နေသည်၊ ချဉ်ပေါင်ကြော် attachment (ရသတဏှာ)ကြောင့်ပဲ ဖြစ်မည်။ တဏှာထဲမှာ ရသတဏှာ အဖြတ်ရ ခက်ခဲဆုံးတဲ့။ ဒီနေ့မနက် မောင်အောင်သန်း (လေယာဉ်မှူး) မြန်မာပြည်က ပါလာတဲ့ ချဉ်ပေါင်ကြော်၊ ငါးကြော်၊ ငါးပိကြော်၊ အုန်းထန်းလျက်နှင့် ကိုယ်တိုင်ချက်ယူလာတဲ့ ၀က်သား တစ်ကေဂျီချက် လာလှူသွားသည်။
သူတို့မိသားစုက မြန်မာ့ဟင်းအစုံ ကြွားရအုံးမယ် ပုဇွန်းကွေးအပါအ၀င်ပေါ့ အပြည့်အ၀ ကပ်သည်၊ ရသာမျိုးစုံ စုံလှသည်၊ မြန်မာပြည်မှာကဲ့သို့ ဖွယ်ဖွယ်ရာရာ ကပ်တတ်သည်။

စိတ္တရူပံ န သုပန္တိ
မနက်ဖြန်တော့ Ph.D ကျောင်းသား အရှင်သုန္ဒရ၏ မွေးနေ့ဖြစ်၍ စားရလိမ့်ဦးမည်။ ကျောင်းအမကတောင် လှမ်းနောက်လိုက်သေးတယ်၊ စတားရေ- ၀မ်းသာနုတ်ထားပေတော့တဲ့။ ‘စိတ္တရူပံ န သုပန္တိ’ ဆဗ္ဗဂ္ဂီ ၆ ယောက်ထဲက မေတ္တိယနှင့် ဘူမိဇကတို့ ပြောသော စကားလေးပါ။ ပါဠိတွေ မှန်မယ်တော့ ထင်တာပဲ ငယ်ငယ်က ဖတ်လာတဲ့ စာတွေဆိုတော့ နဲနဲတော့ မေ့ကုန်ပြီ။ ဆဗ္ဗဂ္ဂီ ရဟန်းများသည် သီတဂူစတားလို ဘုန်းကံနဲပါးသူများဖြစ်ကြသည်။ ဒကာဒကာမတွေက ကျောင်းရောက်ရင် အရှင်သာရိပုတ်၊ အရှင်မောဂ္ဂလာန်၊ အရှင်အနန္ဒာ စသည့် မထေရ်များကိုသာ မေးကြသည်၊ လှူကြသည်၊ ဆွမ်းပင့်ကပ်ကြသည်။ ထို ဆဗ္ဗဂ္ဂီရဟန်းတော်များမှာတော့ မေးသူမရှိ၊ ပင့်သူမရှိ။ တနေ့တော့ ဆွမ်းစားပင့် အလှူပင့်စသည်များကို အလှည့်ကျထည့်ပေးရသည့် တာဝန်ခံ (ဘတ္တုဒ္ဒေသက)အရှင်ဒဗ္ဗမထေရ်က မေတ္တိယ ဘူမိဇကတို့ အား ဆွမ်းစားထည့်လိုက်သည်။ ဆွမ်းစားပင့်တဲ့သူကလဲ သူဌေးဆိုတော့ ထိုမထေရ်တို့မှာ ၀မ်းသာလွန်း၍ ည ကောင်းကောင်းပင် အိပ်မပျော်ဘူးတဲ့၊ အဲဒါကြောင့် စိတ္တရူပံ နသုပန္တိ ဆိုတဲ့ စကားပေါ်လာသည်။ သီတဂူစတားလဲ မနက် အရှင်သုန္ဒရရဲ့ မွေးနေ့မှာ ဘာတွေ စားရမလဲ တွေးရင်း စိတ္တရူပံ န သုပတိ တော့ ဖြစ်မည်ထင့်။

မောင်အောင်သန်းတို့ မိသားစု (ပူနေး) ဆွမ်းကပ်စဉ်

မောင်အောင်သန်းတို့ မိသားစု
မောင်အောင်သန်းက ပူနေးလေယာဉ်ကွင်းနားမှာ နေသည်၊ ပြည်တွင်းလေယာဉ်မောင်းသည်။ မကြာမကြာ သူ့အိမ်ခန်းမှာ ဆွမ်းပင့်ကပ်လေ့ရှိသည်။ တလောကတောင် သူ့ အမျိုးသမီးနှင့် သူ့ယောက္ခမ ရောက်နေတဲ့အချိန် အိမ်ခန်းမှာ ဆွမ်းပင့်ကပ်ခဲ့သည်။ အမျိုးသမီးက ဗန်မော်သူ၊ နှစ်ယောက်လုံးက အသက်ငယ်ငယ်ရှိသေးသည်၊ သိတဂူစတားထက် ငယ်မည်ထင်သည်၊ သဘောကောင်းကြသည်၊ သဒ္ဓါတရားကောင်းကြသည်။ ပူနေးမြို့မှာ မြန်မာပြည်က လေယာဉ်မှူး ၂ ယောက်ရှိသည်။ ဟိုက်ဒရာဘက်မှာ ၂ ယောက်၊ ကာလကတ္တားမှာလဲ ၂ ယောက်ရှိသည်ဟု သိရသည်။ ထိုကဲ့သို့ မြန်မာပြည်သား လူတော်တွေ အိန္ဒိယပြည်မှာ တွေ့ခွင့်ရတာလဲ ဂုဏ်ယူစရာတစ်ခုပင်။ မောင်အောင်သန်းတို့မိသားစုကို ပူနေးဆေးတက္ကသိုလ်မှာ ကျောင်းတက်နေသော ဗိုလ်ကြီးမင်းသိန်းက မိတ်ဆက်ပေးခဲ့သည်။ ထိုမိသားစုသည် သူ၏ စားအိမ်သောက်အိမ်ဖြစ်သည်။ ပြည်ပမှာ ကိုယ့်လူမျိုးကိုတွေ့တော့ ကိုယ်ဆွေမျိုးလိုပဲ ပိုပြီးခင်တွယ်မိကြသည်၊ ချစ်ခင်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ဗိုလ်ကြီးလည်း မကြာမကြာ အဆောင်လာတက်သည်။ သူတို့တစ်တွေရှိနေတော့ ချဉ်ပေါင်ကြော် ပုဇွန်ကြော်၊ ချက် နှင့် မုံ့ဟင်းခါးများ စားခွင့်ကြုံရတက်သည်။

စားရကံပါ
ဒီကနေ့တော့ ကျောင်းမသွားခင် ကိုပညောရေ ချဉ်ပေါင်ကြော်လေးတော့ ချန်ထားဦးနော် ၀က်သားကတော့ မချန်လဲရတယ်ဟု ပြောသွားခဲ့ရသေးသည်။ တောသားဆိုတော့ ချဉ်ပေါင်ကြော်ကြိုက်သည်။ အထူးသဖြင့် မျှစ်နှင့်ရောကြော်တာကို ပိုနှစ်သက်သည်။ ငယ်ငယ်တုန်းကတော့ အမေက ငါးသေးသေးလေးတွေနှင့် ကြော်ကျွေးသည်။ ကံကောင်းချင်တော့ ဒီနေ့ အတန်းတွေကလဲ မရှိ ချဉ်ပေါင်ကြော်ကို သတိရတာနဲ့ Viva ကိုလဲ မတက်ဘဲ ပြန်ခဲ့သဖြင့် ချဉ်ပေါင်ကြော်ရော ၀က်သားချက်ပါ စားရခွင့်ရ။

တောင်မြို့
မှတ်မိပါသေးသည်။ တောင်မြို့ မဟာဂန္ဓာရုံမှာ နေစဉ်က နယုန်၊ ၀ါဆိုရောက်ပြီဆိုရင် ကျွန်းတွေပေါ်ရေမြုတ်တော့ အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာက ကားကြီး ကားငယ်ဖြင့် ချဉ်ပေါင်ရွက်တွေ ဂန္ဓာရုံကျောင်းသို့ လာလှူလေ့ရှိသည်။ လနှင့်ချီစားရတော့ သွားတွေလဲ ကျိန်းလှပေါ့။ ချဉ်ပေါင်ရွက်ပုံကြီးအပေါ် ခွေးဝဲစားတွေလဲ တခါတရံ တက်အိပ်လေ့ရှိတယ်။ ရေဆေးလိုက်တော့ ပြောင်သွားတယ်ထင်ပါရဲ့။ ရွှေချဉ်ပေါင် တုံးကာမှ မောင်ဘုန်းပြန်လာမယ်ပေါ့ အဆိုတော့ရှိသား၊ ဒါပေမဲ့ သီတဂူစတားတော့ ချဉ်ပေါင်ရွက် အခြေခံပါလာဟန်တူပါရဲ့ ချဉ်ပေါင်ဟင်းနဲ့ဆို စားမြိန်သည်။ ပူနေးမှာ ချဉ်ပေါင်ရွက်ရှားသည်၊ ကန်ဇွန်းရွက် ၅ ပင်ပါ တစ်စီးကို ၁၅ ရူပီး (မြန်မာငွေ-၃၀၀ ခန့်ထင်သည်) ပေးရသည်။ ကုလားက စားရကောင်းမှန်း သိပုံမပေါ်။ ထိုင်းကျောင်းသားတွေတော့ အပြင်အိမ်မှာ စိုက်ခင်းရှိသဖြင့် ကန်ဇွန်းရွက်များ စားရတက်သည်။ နေရာဒေသကွဲသွားတာနဲ့အမျှ ရာသီဥတု၊ အသားအရောင်၊ အစားအစာ၊ လျှာအရသာ၊ ကိုးကွယ်မှု၊ ယုံကြည်မှု၊ အတွေးအခေါ်၊ ယဉ်ကျေးမှု ဓလေ့ထုံတမ်းများစသည်စသည် များစွာ ကွာချင်းတိုင်း ကွာနေကြသည်။

ဒကာ မောင်အောင်သန်းရေ- ကျေးဇူးတင်ပါတယ်။ နောက်လဲ မကြာမကြာ လာကပ်နိုင်ပါစေဗျာ။

သီတဂူဆရာတော် အဘယ့်ကြောင့် အိန္ဒိယပြည်သို့ နှစ်စဉ်ကြွပါသလဲဆိုတဲ့ အမေး ပို့စ် မကြာမီတင်ပါမည်။



သီတဂူစတား
၁၉-၃-၂၀၁၀





0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP