ရက်စက်လွန်းပါသည် အပိုင်း-(၂)
သုဘာဇီဝ ကမ္ဗဝနီကာ ထေရီသည် ဥပဇ္ဈာယ် ဆရာထံမှ ကမ္မဌာန်းကို သင်ယူကာ ဇီဝက၏ ဥယျာဉ်တွင် တရားအားထုတ်ခဲ့သည်။ ပြည့်ဝပြီးသော ပါရမီ ရှိသူဖြစ်ရကား၊ နှစ်ရက် သုံးရက် အတွင်း၌ပင် အနာဂါမ် တည်လေတော့သည်။
ထိုနေ့သည် သာယာသော နေ့တစ်နေ့ဖြစ်သည်။ ကျေးငှက်တို့၏ တွန်ကျူးသံဖြင့် ဥယျာဉ် တစ်ခုလုံး ညံစာနေသည်။ ရာသီအလိုက် ပွင့်သော ပန်းများ နေရောင်တွင် လေပြည်ဖြင့် မြူးကြသည်။
သုဘာ ထေရီအတွက်မူ ဥယျာဉ်ကြီး လှခြင်း မလှခြင်း၊ ငှက်သံ ကျေးသံများ သာယာသည် မသာယာသည် ဟူ၍ မရှိတော့ပါ။ သူ့အာရုံ ဤဥယျာဉ် အတွင်း၌ မြတ်စွာဘုရား သီတင်းသုံးတော်မူကြောင်း သိရသည့် ခဏဝယ် အရှင်မသည် သမာပတ်မှ ထသည်။ ကိုယ်ရံကို ကောင်းစွာ ပြင်ဆင် ဝတ်ရုံပြီးနောက် မိမိနေရာမှ ထွက်ခွာ လာခဲ့သည်။
ဇီဝက၏ ဥယျာဉ်သည် မည်မျှပင် သာယာစေကာမူ ထေရီ အရှင်မ၏ စိတ်နှလုံးကို ယူကျုံးနိုင်စွမ်း မရှိပါ။ တရားသာ နှလုံးသွင်း ရှိ၏။ မြတ်စွာဘုရားအား ဖူးမြော်ရေးသာ ဆန္ဒရှိ၏။
ရွှန်းစိုသော မြက်ပင်ကလေးတွေ ခြံရံထားသည့် လမ်းမြှောင်ကလေးတွင် တစ်စုံတစ်ရာက ပိတ်ဆို့ ရပ်တန့်နေသည်။ ထေရီ အရှင်မ မျက်လွှာပင့်ကြည့်သည်။ ကာလသား တစ်ယောက်၊ ရာဂ မျက်လုံး တပြောင်ပြောင်ဖြင့် ရွှင်ပြုံးပြစွာ စိုက်ကြည့်နေသည်။ သို့သော် ရာဇဂြိုဟ် ရွှေမြို့တော်တွင် အပုပ်နံ့ တထောင်းထောင်း ထနေသည့် မိန်းမလိုက်စားသူ လူရမ်းကားသာ ဖြစ်ပေသည်။
ထေရီအရှင်မသည် လမ်းဘေး မြက်ပင်များပေါ်သို့ ဖဲ့ဆင်း၏။ ကာလသားက ဘေးသို့လိုက်ကာ ပိတ်ဆို့ ဆီးကာထားမြဲ ထား၏။
“ဒါယကာ၊ အမောင့်ကို ငါဘာလုပ်မိလို့ အခုလို နှောင့်ယှက်ရတာတုံး။ ငါနဲ့ အမောင်နဲ့ သိလည်း မသိပါကလား။ မိန်းမ ရဟန်းကို ဘယ်လို ယောက်ျားမှ မထိပါး မနှောင့်ယှက် ကောင်းဘူး”
ကာလသားသည် ပို၍ ချိုမြအောင် ပြုံးသည်။ “ချစ်နှမကလေး” ဟူ၍ နှာသံဖြင့် နှုတ်ခွန်းစ၏။
“နှမကလေးဟာလေ၊ အရွယ်ကလေးကလည်း ငယ်ငယ်၊ ရုပ်ရည် လှလှကလေး၊ သည်သင်္ကန်းကြီး ဘာလုပ်မှာတုံး၊ ချွတ်ပစ်လိုက်စမ်းပါ။ ဟိုမှာ ကြည့်စမ်း၊ ပိတုံးတွေ လိပ်ပျာတွေ ပန်းစုံတောမှာ ပျော်မြူး နေလိုက်တာ၊ ဘယ်လောက် အားကျစရာ ကောင်းသတုံး။ လာပါ အချစ်ရာ၊ ပျော်စရာကောင်းတဲ့ ဥယျာဉ်ထဲမှာ ရွှေလက်တွဲပြီး ပျော်ကြရအောင်”
ရဟန်းမ၏ လက်ကို ဆွဲတော့မည့်ယောင် ကိုင်တော့မည့်ယောင်ဖြင့် ပြောရင်း ကာလသားသည် ဥယျာဉ်တွင်းသို့ လက်ဖြင့် ဝေ့ပြ၏။
“အမောင် ဒါယကာ၊ ကျောက်ထီးလို အလေးအမြတ် ပြုရတဲ့ မြတ်စွာဘုရားရဲ့ သာသနာတော်မှ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ် သိက္ခာပုဒ်တွေကို တစ်သဝေမတိမ်း စောင့်ထိန်းကျင့်ကြံ အားထုတ်တဲ့ ငါဟာ စင်ကြယ်တဲ့ ကုသိုလ်အစုပဲရှိတယ်၊ ရာဂစတဲ့ ကိလေသာ အညစ်အကြေး မရှိတော့ဘူး၊ သည်လို မိန်းမ ရဟန်းကို အမောင် ဘာကြောင့် နှောက်ယှက်ဦးမှာတုံး”
ကာလသား ခေါင်းယမ်းသည်။
“ကြည့်စမ်းနှမ၊ လှလိုက်တဲ့ ပန်းပင်တွေ၊ ဝတ်မှုံတွေက တကြိုင်ကြိုင်နဲ့ တစ်တောလုံး လှိုင်နေတာပဲ၊ ပြီးတော့ အချိန်အခါကို ကြည့်ဦးမလား၊ မိုးဦးကျစ ဆိုတော့ ဘယ်လောက် သာယာသတုံး၊ အဲဒါတောင် အကျိုးမရှိတာတွေ ပြောမနေဘဲ မောင်နဲ့အတူ ရွှေလည်နွှဲပြီး ပျော်မြူးကြမယ်နော်”
ထေရီအရှင်မသည် ကာလသားအား သနားစရာ အချည်းနှီးကောင် အဖြစ် မြင်သောကြောင့် ခေါင်းတညိတ်ညိတ် ရှိ၏။
“ဒါယကာ၊ ကာမဝိတက်တို့ရဲ့ အစွမ်းနဲ့ နောက်ကျုတဲ့စိတ် ရှိသူ၊ ကိလေသာ မြူတိမ်တွေ ဖုံးနေတဲ့ ဒါယကာဟာ ငါ့ကို မနှောက်ယှက်နဲ့၊ ငါဟာ နောက်ကျိတဲ့ စိတ်မရှိဘူး၊ ရာဂ စတဲ့ ကိလေသာ မရှိဘူး၊ ခန္ဓာငါးပါးလုံး ကိလေသာစိတ်နဲ့ လွတ်နေပြီ၊ ဖယ်ပေး ဖယ်ပေး”
ထေရီအရှင်မက လမ်းပေါ်သို့ ပြန်တက်သည်။ ကာလသားကလည်း လမ်းပေါ်တက်ပြီး တားဆီးမြဲ တားဆီးထားရာက “ပင်ခြေက စပြီး အဖျားထိ ဝေနေအောင် ပွင့်တဲ့ သစ်ပင်တွေကို နှမလေး မြင်ဖူးလား၊ လိုက်ကြည့်စမ်း၊ လေတိုက်တိုင်း တယိမ်းယိမ်း တနွဲ့နွဲ့ တညိုးညိုး တညံညံနဲ့” ဟု ဖွဲ့နွဲ့ မြှူဆွယ်သည်။
“တို့နှစ်ယောက်ဆိုရင် ဘယ်လောက် ပျော်စရာ ကောင်းမတုံး၊ လာပါ နှမရယ်၊ တစ်ယောက်တည်း ပျင်းစရာကြီး၊ သည်မယ် အလှကလေး၊ ခြင်္သေ့ သစ် ကျားဆိုတဲ့ သားရဲတွေ ပေါတဲ့တော့၊ အမုန်ယစ်နေတဲ့ ဆင်ရိုင်းတွေက သစ်ပင်တွေကို ချိုးဖဲ့ နင်းချေသံတွေနဲ့ ကြောက်စရာကောင်းတဲ့တော၊ သည်လို နေရာမျိုးကိုမှ မင်းတို့က သဘောကျတာပဲ၊ ဒါတွေ မကောင်းဘူး၊ လာစမ်းပါ”
မိန်းမလိုက်စားသော လူရမ်းကား ကာလသားသည် ယခုအခါတွင်မူ ထေရီအရှင်မအား လှမ်းဆွဲသည်။ ထေရီသည် နောက်သို့ အလျင်အမြန် ဆုတ်သည်။
(ရက်စက်လွန်းပါသည် အပိုင်း-၂ အဆက်အား ဆက်တင်ပါမည်)



0 comments:
Post a Comment