ဘယ့်နှယ်ပါလိမ့်
ကဲ… ဘာတတ်နိုင်သေးလဲ။ စာရေးမလို့ လုပ်တော့ မီးက ပျက်သွားပြန်တယ်။ ပုံသေ လောကဓံ တစ်ခုဆိုတော့လည်း စိတ်ညစ်စရာတော့ မလို။ ဆောင်းကိုလွန်ပြီး နွေဘက်ကိုလည်း တဖြည်းဖြည်းနဲ့  ယွန်းစပြုလာပြန်ပါပြီ။ မနှစ်ကလောက်တော့ ခံစားရမှု သိပ်မရှိတော့ပါဘူး။ နေသားက ကျလာပြီကိုး။
ဘလော့စာတွေလည်း အခုတလော ကြုံရာ လိုက်ဖတ်ဖြစ်ခဲ့မိတယ်။ အားလုံးကတော့ မိမိအတွက် အကောင်းတွေချည်းသာ။ သိစရာ တွေလည်း များလှပါလားလို့  ကိုယ့်ဟာကိုယ်လည်း လိုက်ဖတ်နေရင်း တွေးဖြစ်ခဲ့တယ်။ ဆရာဓမ္မဂင်္ဂါကတော့ ဘလော့ရေးရတာ အဲဒါ အမြတ်ပဲတဲ့။ စာလည်း လိုက်ဖတ်ဖြစ်တယ်။ သိတာလေးတွေလည်း ပြန်ရေးဖြစ်ပြန်သတဲ့။ လုပ်ရမှာက ယူသင့်တာနဲ့ ၊ စွန့် သင့်တာ နှစ်ခုကို ကောင်းကောင်းနားလည်ဖို့ ။
နေရတဲ့ အခိုက်အတန့် လေးမှာတော့ အလုပ်နဲ့  လက် မပြတ်အောင် အတွေးကောင်း တစ်ခုခု နဲ့ တော့ လှုပ်ရှားကြရမှာပဲ။ နေရာတစ်ခုမှာ ကိုယ့်နာမည်ကို တစ်စုံတစ်ယောက်က ခေါ်လိုက်တာနဲ့  ပရအတွက် ဒီလူ ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတဲ့ ၀ိသေသန လေးတော့ ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြရမယ်။
လူတစ်ယောက်အတွက် အကျင့်ဆိုတာ အလွန်အရေး ပါတာပါ။ ဘာပဲလုပ်နေ လုပ်နေ အကျင့်ဆိုတာလေးနဲ့ ပဲ နှစ်ပါးသွားနေကြရတယ်။ လူတစ်ယောက်ဟာ အလုပ်မလုပ်ဘူး၊ ရေသာခိုတဲ့ စိတ်နဲ့ ပဲနေတယ်ဆိုရင် အဲဒီလူဟာ ပျင်းတဲ့ အကျင့်၊ အချောင်ခိုတတ်တဲ့ အကျင့်ရှိနေလို့ ပေါ့။ အလုပ်နဲ့ လက်မပြတ် လှုပ်ရှားနေချင်တဲ့သူ၊ ၀ီရိယတွေ အင်မတန် အားကောင်းနေတဲ့သူဆိုရင်လည်း အဲဒီလူဟာ အလုပ်လုပ်ချင်တဲ့အကျင့်၊ ကြိုးစားအားထုတ်ချင်တဲ့ အကျင့်ကို မွေးမြူနိုင်ခဲ့လို့ ပါပဲ။ ကျန်တာတွေလည်း ရှေးနည်းတူသာ။ ပြောပြရရင်တော့ အများကြီးပေါ့။
ကိုယ့်မှာ ဘာအကျင့်ရှိနေလဲဆိုတာ အားမနာတမ်း ပြန်စစ်ကြည့်ရမှာပ။ မိမိရော၊ သူတစ်ပါးပါ အသုံးဝင်တန်ဖိုး ရှိတဲ့ အကျင့်လား၊ တန်ဖိုးမဲ့တဲ့ အကျင့်လားဆိုတာ။ မကောင်းတဲ့ အကျင့်ဆိုရင်တော့ မြန်မြန် ၀ဲပစ်နိုင်ဖို့ ချည်းသာ။ ကောင်းတဲ့အကျင့် ဆိုရင်လည်း ရေရှည် ဆက်လက်ရှင်သန်နိုင်ဖို့ ။ မိတ်ဆွေတစ်ယောက်အဖြစ် မိမိအနားမှာ အမြဲခေါ်ထားနိုင်ဖို့ ပါပဲ။
စာရေးနေရင်း အတွေး တစ်ခုပေါ်လာပြန်တယ်။ တွေးလိုက်မိတိုင်း သူတစ်ပါးအတွက် ထည့်ထည့်တွေး ပေးတတ်တဲ့ အကျင့် လူတိုင်းမှာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ ဆိုတာရယ်။ ကိုယ်ကျိုးငဲ့တတ်တဲ့ လူဆိုတာ ထမင်းထုပ်ထမ်းပြီး လိုက်ရှာတာတောင် မတွေ့ နိုင်တဲ့ အဖြစ်သနစ်မျိုး ဆိုတာရယ်ပါ။ တွေးကြည့်မိတာလေးပါ။
ကဲ….ရှင်လေးမော်….. ။ ကိုယ့်ဟာကိုလည်း ပြန်မေးကြည့်ပါအုံး။ ကောင်းတဲ့ အကျင့်ရယ်၊ မကောင်းတဲ့ အကျင့်ရယ် ဘယ်ဟာများလဲလို့ ။
ရှင်လေးမော်မှာ မကောင်းတဲ့ အကျင့်၊ သူတပါးကို နဲနဲလေးမှ ဒုက္ခပေးတတ်တဲ့ အကျင့် ဘာမှမရှိဘူးဆိုတဲ့ ငြင်းဆိုမှု အဖြေလေးနဲ့ အတူ၊ “ငါ” မကောင်းမှုဆိုတာ ဘာကိုမှ မလုပ်ဖူးဘူး၊ ဒါပေမယ့် လိမ်တတ်တဲ့ အကျင့်လေးတော့ ရှိတယ်ဆိုတဲ့ ကြားဖူးထားတာလေးကိုပါ သတိရမိပါတော့တယ်။

0 comments:
Post a Comment