အဘိဓမ္မာ အခန်း ၃၊ အပိုင်း ၂၇ (အမျိုးသမီး+အမျိုးသားရုပ်)
ယနေ့တင်ပြရမည့် ရုပ်ပိုင်းရဲ့ အဘိဓမ္မာတရား အစဉ်က “ဘာဝရုပ် -၂-ပါး” ဖြစ်ပါတယ်။ ဣတ္ထိဘာဝရုပ်= အမျိုးသမီး အမူအရာ ဖြစ်တဲ့ ရုပ်၊ ပုရိသဘာဝရုပ်= အမျိုးသား အမူအရာဖြစ်တဲ့ ရုပ်တို့ ဖြစ်ကြပါတယ်။ ဣတ္ထိဘာဝရုပ်ဆိုတာ အမျိုးသမီးလို့ သိကြောင်း အမူအရာ မှန်သမျှကို “ဣတ္ထိဘာဝရုပ်”လို့ ခေါ်ပါတယ်။
ဥပမာ-- အမျိုးသမီးများရဲ့ လက်, ခြေ, မျက်နှာစသည်များ အမျိုးသားမျာနှင့် မတူသည့် ပုံသဏ္ဍာန် အမူအရာ, မုတ်ဆိတ်မွှေး မပေါက်တဲ့ အမူအရာ၊ ငယ်ရွယ်စဉ်အခါ ဗန်းငယ် စကောငယ်စသည်နှင့် ကစားရတာကို နှစ်သက်တဲ့ အမူအရာ၊ အမျိုးသားများနှင့် သွားလာပုံစသည့် မတူသည့် အမူအရာများကို “ဣတ္ထိဘာဝရုပ်= အမျိုးသမီးလို့ သိကြောင်း အမူအရာများဖြစ်ပါတယ်။
ဒီပါဠိစကားရပ်နှင့် ပတ်သက်လို့ တချို့အထင်မှားကြတာ ရှိပါတယ်၊ လိင်အင်္ဂါဇာတ်တခုတည်းကိုသာ အမျိုးသား+အမျိုးသမီးဟု ခွဲခြားကြောင်း ဖြစ်တယ်လို့ အမှတ်မှားတာကို ပြောလိုတာပါ။ ဗုဒ္ဓအဘိဓမ္မာအရ အထက်ပါပြောခဲ့တဲ့ အမူအရာ မှန်သမျှသည် အမျိုးသမီးဟု သိကြောင်း အမူအရာများဖြစ်ပါတယ်။ လိင်အင်္ဂါသည်လည်း အမျိုးသား+အမျိုးသမီးဟု ခွဲခြားကြောင်း အစိပ်အပိုင်း အင်္ဂါအနေနဲ့ ပါဝင်တာတော့ ဟုတ်ပါတယ်။ ယင်းအင်္ဂါတခုတည်းကိုသာ အမျိုးသား+အမျိုးသမီးဟု ခွဲခြားကြောင်း မဟုတ်ဘူးလို့ ဆိုလိုပါတယ်။
ပုရိသဘာဝရုပ်ရဲ့ သဘောအဓိပ္ပါယ်က အမျိုးသမီးဟု သိကြောင်းအမူအရာအင်္ဂါများနှင့် အပြန်သဘော ယူလိုက်ပါ။ ဥပမာ- အမျိုးသားများ၏ လက်ခြေ, မျက်နှာ, ကိုယ်လုံး အမူအရာတို့သည် အမျိုးသမီးများနှင့် မတူပဲ သန်မာမှု ပိုရှိခြင်း၊ မုတ်ဆိတ်မွှေး၊ မေးမွှေးစသည်တို့ ပေါက်တတ်ခြင်း၊ ငယ်ရွယ်စဉ်အခါ ရထားရုပ်စသည်ဖြင့် ကစားတတ်ခြင်း, စစ်တိုက်တမ်း ကစားတတ်ခြင်းစသည့် အမူအရာများ၊ အမျိုးသမီးများနှင့် မတူကွဲပြားသည့် သွားလာပုံစသည့် အမူအရာများသည် အမျိုးသားဟု သိကြောင့် “ပုရိသဘာဝရုပ်” တရားများပင် ဖြစ်ပါတယ်။
ဒီနေရာမှာ မှတ်သားစရာတခုကို ပြောပြပါမယ်။ အမျိုးသား+အမျိုးသမီး -၂-ဦးသားတွင် ဘယ်သူက မြတ်တယ်၊ ယုတ်တယ်ဆိုတာ တခါတရံ ငြင်းခုံကြလေ့ ရှိပါတယ်။ ယင်းသဘောကို ဗုဒ္ဓအဘိဓမ္မာ သဘောတရားအရ ဘာပေတံနဲ့ တိုင်းမလဲ. .. ဆိုတဲ့ ဗဟုသုတ မှတ်သားဖွယ်ပါ။ စိတ်ပိုင်းဆိုင်ရာနှင့် ပြောမယ်ဆိုရင်... အမျိုးသား+ အမျိုးသမီး ဘယ်သူက မြတ်တယ်ဆိုတာ မိမိအပေါ်၊ သူတစ်ပါးအပေါ် စိတ်ထားဖြူစင်မယ်၊ ကိုယ်ကျင့်သီလ ကောင်းမယ်ဆိုရင် အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားထက် မြတ်တယ်လို့ ဆိုနိုင်ပါတယ်။
အမျိုးသမီးအမူအရာများက ကြီးစိုးနေလို့ အမျိုးသမီးက ယုတ်နိမ့်တယ်လို့ ပြောလို့ မရပါဘူး။ အမျိုးသားပင်ဖြစ်စေဦး ယင်းအမျိုးသားသည် စိတ်ထားဖြူစင်မှု မရှိဘူး၊ ကိုယ်ကျင့်သီလလည်း မရှိဘူးဆိုရင် ထိုသူသည် ယုတ်နိမ့်, ယုတ်ညံ့သူပင် ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပိုင်း ဆိုင်ရာအရ အမျိုးသားက မြတ်တယ်၊ အမျိုးသမီးက ယုတ်နိမ့်တယ်ဆိုတာ ပြောမရပါဘူး။ ဒါဆို အမျိုးသား (ပုရိသဘာဝရုပ်)၊ အမျိုးသမီး (ဣတ္ထိဘာဝရုပ်)လို့ ခွဲခြားပေးတာက ဘာ့ကြောင့်လဲ... ဆိုတော့ ဗုဒ္ဓအဘိဓမ္မာအရ မိမိပြုခဲ့တဲ့ အကုသိုလ်ကံ အားကြီးမှု၊ ကုသိုလ်ကံ အားကြီးမှုတွေကပဲ ခွဲခြားပေးတာပါ။ အမျိုးသားဖြစ်ဖို့အတွက် စီမံပေးတဲ့ ကုသိုလ်ကံက အားကြီးမှု ဖြစ်ဖို့ လိုပါတယ်။ ဆိုလိုတာက ကုသိုလ်ပြုတိုင်း ယောက်ျားဖြစ်လိုတဲ့ ဆန္ဒလည်း အားကြီးမယ်၊ (၅)ပါးသီလထဲမှာပါတဲ့ ကာမေသုမိစ္ဆာစာရ (သူတပါး သားမယားကိုလည်း ကျူးလွန်၊ ပြစ်မှားတဲ့ အကုသိုလ် ပြစ်မှု)ကိုလည်း မလုပ်ခဲ့ဘူးဆိုရင် ထိုပုဂ္ဂိုလ်သည် အမျိုးသား ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများ ကုသိုလ်တခုခုပြုစဉ်မှာ အမျိုးသားဖြစ်လိုစိတ် ဆန္ဒအားကြီး ဖြစ်ဖို့ ခက်ခဲမယ် ထင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အမျိုးသမီးများကလည်း မိမိတို့ရရှိတဲ့ အမျိုးသမီးဘ၀ကို ခုံမင်တပ်မက်ကြတာ များပါတယ်။ အမျိုးသား ဖြစ်လိုစိတ် ရှိကြတာ နဲပါတယ်။ ယင်းစိတ်ဓာတ်ဖြင့် ကုသိုလ်ပြုကြတာလည်း နဲပါတယ်။
ဒီသဘောကို စဉ်းစားဖို့က နတ်ပြည်မှာ နတ်သမီး များတယ်ဆိုတာ နာဘူးတဲ့တရား၊ ဖတ်ဘူးတဲ့စာပေ အရ သိမယ်ထင်တယ်၊ နောက် လူ့ပြည်မှာလည်း အမျိုးသားထက် အမျိုးသမီးများတယ် ဘာလို့လဲဆိုတာ အဘိဓမ္မာစာအသိ စဉ်းစားဉာဏ်ဖြင့် စဉ်းစားပါ။ အမျိုးသားများလည်း အဘိဓမ္မာကို လေ့လာခြင်း အသိဉာဏ်ဖြင့် စဉ်းစားပါ၊ နေ့စဉ်ဘ၀မှာ မမှားသင့်တာကို မမှားမိဖို့ ကြိုးစား စောင့်ထိန်းပါ။
နောက် ယနေ့ အခန်းကို လေ့လာရသဖြင့် အမျိုးသမီးများ နောက်ဘ၀များမှာ အမျိုးသားဖြစ်လိုတယ်ဆိုရင် အထက်ပါ အင်္ဂါ -၂-ချက်နဲ့ ပြည့်စုံအောင် ဆည်းပူးပါ။ တခါ ရုပ်တရား (၂၈)ပါး ရှိတယ်နော်၊ အဲဒီတော့ အမျိုးသားမှာ ရုပ်တရားပေါင်း ဘယ်လောက် ရသလဲ (ဖြစ်နိုင်သလဲ)ဆိုရင် ဖြေတတ်ရမယ်နော်၊ (၂၇)ပါးပဲ ရမယ်၊ အမျိုးသမီး အမူအရာ (ဣတ္ထိဘာဝ)ရုပ် တစ်ပါးကို နုတ်ထားပါ။ အမျိုးသမီးအတွက်လည်း (၂၇)ပါးပါ, အမျိုးသားအမူအရာရုပ် (ပုရိသဘာဝ)ရုပ်ကို နုတ်ထားပါ။ ကျန်တဲ့ မျက်စေ့ကန်းနေတယ်ဆိုရင် စက္ခုပသာဒ (မျက်စေ့အကြည်ရုပ်)ပါ နုတ်ပါ။
လူတစ်ယောက်မှာ ရုပ်တရား ရနိုင်ပုံနဲ့ ပတ်သက်လို အဖြေမှားတာ ရှိဘူးလို့.... မေးလာရင် ဖြေတတ်အောင် ဆက်စပ်လို့ ပြောပြတာပါ။ အမျိုးသားမှာ (၂၇)၊ အမျိုးသမီးမှာလည်း (၂၇)။ ဒါက ဘာဝရုပ် -၂-ပါးရဲ့ သဘောအဓိပ္ပါယ်များပဲ ဖြစ်ပါတယ်။
ကိုင်း ဒီနေ့ ဒီ -၂-ပါးနှင့် ရပ်နားပါအုန်းမယ်။
ကျန်ရှိနေသေးတဲ့ ရုပ်တရားများ အဓိပ္ပါယ်များကို အဆင်ပြေသလို ဆက်လက်တင်ပြပေးပါမယ်။ အားပေးတဲ့ စာဖတ် ပရိတ်သတ်များကို ကျေးဇူးအထူးတင်လျက်.....

Mar 20, 2010

0 comments:
Post a Comment