၄၃။ ခုနစ်နှစ်တိုင်တိုင် အပိုင်း-၂
စန္ဒာတို့ ရွာထဲသို့ ကပ်ရောဂါ ဆိုးကြီး ဝင်ရောက်လာသည်။ နေ့မြင် ညပျောက်။ နံနက်မြင် နေ့လယ်ပျောက် သူများဖြင့် တစ်ရွာလုံးကို ကပ်ဆိုးကြီး ဝင်ရောက် နှိပ်စက်လေပြီ။
ကပ်ရောဂါ၏ အမည်မှာ “အဟိဝါတ” ဟူ၏။
အဟိဝါတ ကပ်ရောဂါ ကပ်ငြိသူသည် အပူကြီးတက်ပြီး ရုတ်တရက် ငန်းဖမ်းကာ ခေါက်ခနဲ ဖြုတ်ခနဲ အသက်ပျောက်တော့သည်။ နောင် နှစ်ပေါင်း ထောင်ချီပြီး ကြာမြင့်ချိန်၌ ဤရောဂါကို ‘ပလိပ်’ ရောဂါဟု လူတို့ ပြောင်းလဲ ခေါ်ဝေါ်ကြ၏။ ကူးစက်မှုကလည်း အလွန် လျင်မြန်၏။ ရှေ့က တစ်ယောက်၏ အသုဘကို ပို့ပြီး သုသာန်မှ ပြန်လာသူသည် နေမကောင်းဘူးဆိုကာ အိပ်ရာထဲ လှဲ၏။ လှဲပြီးနောက် မထတော့ပေ။
တစ်ရွာလုံးမှာ ထိတ်လန့် ချောက်ချားနေသည်။ ရောဂါ မရသေးသူများ အစုလိုက် အပြုံလိုက် ထွက်ပြေးသည်။ အချို့လည်း ရောဂါ ဖြစ်နေသူများကို ပစ်ထားခဲ့ပြီး ထွက်ပြေးကြသည်။
စန္ဒာမိသားစုမှာ ပြေးသင့် မပြေးသင့် စဉ်းစားရပြီ။ ထိုအခါတွင် မည်သည့်အရပ်သို့ ပြေးမည်နည်း။ မည်သည့် အလုပ် လုပ်ကိုင်စားသောက်မည်နည်း ဟူသည့် နောက်ဆက်တွဲ အမေး တက်လာသည်။ သို့ဖြင့် ရုတ်တရက် မပြေးဖြစ်ကြ။
မပြေးဖြစ်သော်လည်း အဟီဝါတ ကပ်ရောဂါကြီးက မနေချေ။ စန္ဒာတို့ တစ်အိမ်လုံးကို ကူးစက်တော့သည်။ စန္ဒာ၏ မိဘ နှစ်ပါးရော လင်ပါ အိပ်ရာထဲ၌ လဲတော့သည်။ စန္ဒာမှာ လူမမာ သုံးယောက်ကြားတွင် ပြေးလွှား ပြုစုနေရတော့သည်။
သို့ရှိစဉ် အဖေက လက်ယပ်ခေါ်ပြီး စန္ဒာအား ပြော၏။
“သမီး၊ အပင်ပန်းခံပြီး အဖေတို့ကို ပြုစုမနေနဲ့။ သည် ရောဂါက အဖေတို့ ထ, လမ်းမရှိတော့ဘူး”
“အဖေတို့ မသေရဘူး။ သမီး ဆေးဆရာခေါ်ပြီး ကုသမယ်”
စန္ဒာက ကြေကွဲ ဝမ်းနည်းစွာ တုံ့ပြန်၏။ အဖေက ခေါင်းခါပြ၏။
“ဆေးသမားလည်း အသက်နဲ့ပဲ သမီးရယ်၊ သူလည်း ပြေးပြီပေါ့။ သည်တော့ အဖေတို့ အမျိုး မပျောက်ပျက် ရအောင် နီးရာ နံရံကို ဖောက်ပြီး ထွက်ပြေးပေတော့။
“အဖေတို့ကို သမီး ဘယ်လိုလုပ်ပြီး ထားခဲ့ရပါ မတုံး အဖေရဲ့”
စန္ဒာမှာ ဝမ်းပန်းတနည်း ငိုကြွေးမိသည်။
“အဖေ့စကားကို နားမထောင်ရင် သမီးပါ ရောဂါ ဖြစ်မယ်၊ သေမယ်၊ အဖေတို့ အမျိုး တုံးသွားပြီ”
“ဟုတ်ပါတယ် သမီးရယ်၊ ညည်းအဖေ့စကား နားထောင်ပါ”
အမေကလည်း လေသံသဲ့သဲ့ဖြင့် တိုက်တွန်းသည်။ လင်မှာသော်ကား အသံပင် မထွက်တော့။ လက်ဟန်ဖြင့်သာ စန္ဒာကို နှင်နေသည်။
စန္ဒာတို့ နေရသည်မှာ တိုက်အိုကြီး တစ်လုံး အတွင်း၌ ဖြစ်သည်။ ဘဝတူ လူဆင်းရဲ မိသားစုပေါင်း နှစ်ဆယ်၊ လူတစ်ရာခန့် စုပြုံနေကြသည်။ သို့ဖြစ်သဖြင့် သားအမိ သားအဖတစ်တွေ အချီအချ ပြောနေစဉ်မှာပင် ဟော တစ်လောင်း၊ ဟော တစ်လောင်း ထမ်းထုတ် သွားကြသည်။
ခေါင်းမာနေသော စန္ဒာ ခေါင်းမမာနိုင်ပြီ။ ကြောက်ရွံ့လာပြီ။ တိုက်အိုကြီးမှာပင် ထွက်ပေါက် ဝင်ပေါက်ဟူ၍ တစ်ပေါက်တည်းသာ ရှိသည်။ ထို အပေါက်သို့ ရောက်ရန် လူနာပေါင်း များစွာကို ဖြတ်သန်း သွားရသည်။ သို့အတွက် စန္ဒာမှာ အုတ်နံရံကို ထုရိုက်ပြီး ပြိုကျလာသော အပေါက်မှ ဝမ်းလျားထိုးလျက် ထွက်ပြေး လာခဲ့တော့သည်။
တစ်ရွာလုံးမှာ ကျီးနှင့် ဖုတ်ဖုတ်ဖြစ်သည်။။ အသံဘလံ ဟူ၍ ဟစ်အော်ငိုကြွေးသံသာ ရှိသည်။ တစ်သက်လုံး နေခဲ့သော ရွာကို စန္ဒာ ကြောက်ရွံ့လာသည်။ ခြေဦးတည့်ရာ ပြေးလာခဲ့တော့သည်။
(ခုနစ်နှစ်တိုင်တိုင် အပိုင်း-၃ ဆက်တင်ပါမည်)



0 comments:
Post a Comment