တစ်ပေါက်တည်းရှိတဲ့ ပါးစပ်

ပြောရအုံးမယ်ဗျ။ ရှင်လေးမော် တွေ့ ခဲ့တဲ့ လူကြီး တစ်ယောက်အကြောင်း။ အသက်က ခြောက်ဆယ် နီးပါလောက်တော့ ရှိပါပြီ။ ဒါပေမယ့် ယောင်ခြောက်ဆယ်ပါပဲ။ တရားထိုင်တာတို့ ၊ ပုတီးစိတ်တာတို့  သူဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်သေးပါဘူး။ ဒါကသူ့ အတွက် မလုပ်တာကိုပြောတာနော်။ အများ အကျိုးရော ဘာလုပ်လဲဆိုတော့ ဘာမှ မလုပ်ပါဘူး။ ကန့် လန့် ခံ၊ ပြောင်းပြန် လိုက်လုပ်တာပဲ ရှိတာ။ သူများ အတင်းပြောတာတော့ မဟုတ်ဘူးနော်။ ဒါပေမယ့် အတင်းပြောတာပါပဲ။
ဒါ ရှင်လေးမော် အထင်နဲ့  အရမ်းတုတ်နေတာ မဟုတ်ဘူး။ သူကိုယ်တိုင်ကို ၀န်ခံပြီး ပြောတာ။ သူ ဘုရား၊ တရား ဘာမှ မလုပ်ဖြစ်သေးဘူးဆိုတာ ယုံလို့ တော့ ရတယ်။ ဘာလို့ လဲဆိုတော့ သူ့ ကို ကြည့်လိုက်ရင် စကားဝိုင်းတွေမှာပဲ အမြဲတွေ့ ရတယ်။ သူဘာလုပ်နေလဲ သွားကြည့်။ များသောအားဖြင့် စကားထိုင်ပြောနေတာပဲ။ ပြီးတော့ တစ်ဖတ်က လူနဲ့  သူငြင်းနေတာ တွေ့ ရမယ်။ သူနဲ့ ပြောနေတဲ့ သူ တွေလည်း သူ့ ကို လက်ဖျား ခါနေကြပြီ။ အမေးမြန်းလည်း ထူလို့ တဲ့။
ပြီးတော့ စကားကလည်း သူကြီးပဲ ဒိုင်ခံပြော နေတာဆိုပဲ။ သူများက တစ်ခွန်းစ၊ နှစ်ခွန်းစ ၀င်ထောက်၊ ၀င်ပြောလိုက်ရင်လည်း မင်းဟာက ဟုတ်ရဲ့လား၊ ဖြစ်နိုင်ပါမလား စသဖြင့် စသဖြင့် မယုံသလိုလိုနဲ့  စောဒက တတ်တော့တာပဲ။ စာအုပ်၊ စာပေလေ့လာတာမျိုး၊ ကိုယ်ကိုယ်တိုင် လေ့ကျင့်တာမျိုး ဘာမှ ရှိတာမဟုတ်ဘူးရယ်။ သူများပြောတာ၊ သူများလုပ်တာကိုပဲ ဘုကလန့် ခံပြောတာဟာ သူ့ အလုပ်ပဲ။ သူများ အဖြူဆို၊ သူ ကအမည်းပဲ။ သူများအမှန်ဆိုရင်၊ သူအမှားပဲ။ တကယ်ပါ။ ဘယ်သူနဲ့ မှ သဘောထားချင်း တိုက်ဆိုင်တာမျိုး မရှိပါဘူး။ တကယ့် ဘုကြီး၊ ကန့် လန့် ကြီး။ ပါးစပ်ကိုတော့ မဟုတ်တာနဲ့ ဆိုရင် ကောင်းကောင်း အသုံးချနိုင်စွမ်း ရှိတဲ့ လူပဲ။
အပြောပဲ ရှိတာ။ အလုပ်ကျတော့ ဘာမှ လက်တွေ့  ကျကျ လုပ်ပြနိုင်တာ မဟုတ်ဘူး။ ပြောလိုက်ရင်တော့ သူ့ အကြောင်း မသိတဲ့ လူဆိုရင် ဘုရားလောင်းလို စိတ်ထားမျိုး ရှိတဲ့သူလို့  လွှတ်ခနဲ ထင်သွားမယ်။ သူ့  ကို ရှင်လေးမော်ကတော့ တိုးတိုးတိတ်တိတ် နာမည် ပေးထားလိုက်ပြန်တယ်။ ဘုရားမဖြစ်မယ့် ဘုရားလောင်းကြီးလို့ ။
အဲလို ပြောတာ မှားသွားတယ် ဆိုရင်လည်း ခွင့်လွှတ်။ အဲဒီလို လူမျိုးတွေ ဘယ်လောက်များနေလဲတော့ မသိ။ တကယ်တော့ လူဆိုတာ ကိုယ်က အပြောနည်းပြီး ကောင်းကောင်းနားထောင် ပေးတတ်တဲ့ အကျင့်ပဲ မွေးမြူ ရမယ်ဆိုတာ ဟုတ်တယ်ဗျ။
ကိုယ်သိတာလေးတွေကို ကိုယ့်ထက်သိတဲ့၊ တတ်တဲ့ သူနဲ့  ဆွေးနွေးချင်သပ ဆိုရင်တော့ ဒါဟာ တိုင်ပင်ရမယ်၊ ဆွေးနွေးရမယ်။ ကိုယ်သိတာ တကယ် ဟုတ်မဟုတ်၊ မှန်မမှန်ဆိုတာကိုလည်း ပိုပြီးတော့ လင်းသွားတာပေါ့ဗျာ။ သက်သက်ကြီး အထက်စီးက နေပြီးတော့ ဟုတ်တာ၊ မဟုတ်တာ အပထား ငါပြောတာပဲ နားထောင်ရမယ်ဆိုတာမျိုးတော့ မလုပ်သင့်ပေဘူးလေ။ အားပေးစကားတွေ၊ ဆုံးမစကားတွေ တတွတ်တွတ်နဲ့ ပြောနေရင်တောင်မှ ညည်းညူတတ်ကြတယ် မဟုတ်လား။ တခါတရံ ကိုယ်က ခရား ဖြစ်ပေးရသလို၊ တခါတရံမှာတော့ ခံခွက်လည်း ဖြစ်ပေးရမယ်။
ကိုယ့်ကပဲ ပြောချင်နေကြတာ မဟုတ်လား။ နားထောင်ပေးဖို့ ကြ ခက်ခဲနေတတ်ကြတယ်ဗျ။ ပြီးတော့ အကျင့်မပါတဲ့ သဘောကိုလည်း ဘုရားရှင်က ဘယ်တုန်းက ချီးမွမ်းခဲ့လို့ လဲ။ ဆိုတော့ အပြောနည်းစေ၊ အလုပ်များစေ။ အငြင်းအခုံလည်း ပပျောက်စေပေါ့။ ဒီနေရာမှာ ဒကာတော် လူထုစိန်ဝင်း ဘာသာပြန်ထားတဲ့ တေးကဗျာလေးကိုလည်း သတိရမိပ။ မမှတ်ရသေးရင် မှတ်ကြ၊ ကျင့်ကြ။
ပါးစပ်တစ်ပေါက်ပဲ ရှိတယ်
မင်းမှာ ပါးစပ်တစ်ပေါက်ပဲ ရှိတယ်
ဒါပေမယ့် နားရွက်နှစ်ဖက် ရှိတယ်။
ဒါကြောင့် တစ်ခါပြောပြီး နှစ်ခါနားထောင်ရတယ်။
အများကြီး မြင်နေရပေမယ့် နည်းနည်းပဲ ပြောရတယ်။
မင်းမှာ ပါးစပ်တစ်ပေါက်ပဲ ရှိတယ်
ဒါပေမယ့် လက်နှစ်ဖက် ရှိတယ်။
ဒါကြောင့် နှစ်ခုနဲ့  လုပ်ပြီး တစ်ခုနဲ့ ပဲ အစာစားရတယ်။
(မှတ်ချက်။ ။ အာဖရိကတိုက် တန်ဇန်နီးယားနိုင်ငံက “ချက်ပို” တိုင်းရင်းသားတို့ ရဲ့ ရိုးရာကျေးလက် တေးကဗျာလို့ ဆိုတယ်။)
မင်းမှာ ပါးစပ်တစ်ပေါက်ပဲ ရှိတယ်
ဒါပေမယ့် နားရွက်နှစ်ဖက် ရှိတယ်။
ဒါကြောင့် တစ်ခါပြောပြီး နှစ်ခါနားထောင်ရတယ်။
အများကြီး မြင်နေရပေမယ့် နည်းနည်းပဲ ပြောရတယ်။
မင်းမှာ ပါးစပ်တစ်ပေါက်ပဲ ရှိတယ်
ဒါပေမယ့် လက်နှစ်ဖက် ရှိတယ်။
ဒါကြောင့် နှစ်ခုနဲ့  လုပ်ပြီး တစ်ခုနဲ့ ပဲ အစာစားရတယ်။
(မှတ်ချက်။ ။ အာဖရိကတိုက် တန်ဇန်နီးယားနိုင်ငံက “ချက်ပို” တိုင်းရင်းသားတို့ ရဲ့ ရိုးရာကျေးလက် တေးကဗျာလို့ ဆိုတယ်။)

0 comments:
Post a Comment