ကြက်ခြေခတ် ဦးနှောက် ။

အကျိုးမဲ့၊ အကျိုးမရှိတဲ့ တရား ဟောစမ်းပါ အရှင်ဂေါတမ။ “ဟိုက်”
ဘယ်လိုလူကြီးပါလိမ့်.. သူများတွေက အကျိုးဖြစ်စေမယ့် တရားကို နာချင်နေကြတာကလား။ သူ့ ကြမှ အကျိုးမဲ့တရားကို ဟောစမ်းပါတဲ့။
ဘုရားရှင်ကို လူ့ ခွစာလုပ်ပြလိုက်တဲ့ အနတ္တပုစ္ဆကပါ။ သူ့ လည်းနာမည်နဲ့ လိုက်အောင် အမေးမြန်းထူ သူကြီးရယ်။ ဒါပေမယ့် စာပေဗဟုသုတတော့ နှံ့ စပ်တယ်။ ဘယ်အရာမဆို လွှတ်ခနဲ ယုံတတ်တဲ့ လူမျိုးမဟုတ်ပါဘူး။ ဟုတ်မဟုတ်ဆိုတာ လေ့လာစူးစမ်းတတ်တဲ့စိတ်မျိုးလည်း ရှိပါတယ်။ ဒီတော့ သူမေးလိုက်တဲ့ မေးခွန်းတိုင်း ဘယ်လောက်ခက်ခဲမယ်ဆိုတာ ခန့် မှန်းကြည့်ပေါ့။ တော်ရုံတန်ရုံလူဆိုရင် ဘယ်နှယ့် ဖြေနိုင်မှာတုန်း။
ဘုရားရှင်ကို နောက်တစ်ခုလည်း ထပ်မေးလိုက်ပြန်တယ်။ ဘုရားရှင်တို့ မည်သည် အကျိုးရှိတဲ့ တရားကိုပဲ ဟောတတ်တာ မဟုတ်လား။ အကျိုးမဲ့တဲ့တရား ကိုရော ဟောလားတဲ့။ အကျိုးမဲ့တဲ့ တရားကို မဟောတတ်လောက်ဘူး ဆိုတဲ့ သူ့ ရဲ့ ထင်သလုံးနဲ့  ဘုရားရှင် ကိုယ်တော်မြတ်ကို အားမနာ၊ ပါးမနာ ဒဲ့ကြီး မေးချလိုက်တော့တာပါ။ ဒီတော့မှ ဘုရားရှင်က…..
“ ပုဏ္ဏား ငါဘုရားဟာ အကျိုးစီးပွါးဖြစ်စေမယ့် တရားရော၊ အကျိုးမဲ့တဲ့ တရားရော နှစ်ခုစလုံး သိတယ်။ လောကမှာလေ ငါဘုရား မဖြေရှင်းနိုင်တဲ့ ပြဿနာရယ်လို့  မရှိပေဘူး”
သူလည်း ဟုတ်လားဆိုတဲ့ မယုံတစ်ဝက်၊ ယုံတစ်ဝက် သံသယအတွေးလေးနဲ့  “အကျိုးမဲ့တဲ့ တရားသိရင်တော့ ဟောပြပါလား အရှင်ဂေါတမ”
အော်…..ခက်လှပေစွ… ပြောင်းပြန်ပါလား။ အနတ္တပုစ္ဆက အကြောင်း ဖတ်ရတော့ ရွာက ဒကာတော် တစ်ယောက် ချက်ချင်းသတိရပြန်ရော။ သူလည်း ပြောင်းပြန်သမား တစ်ယောက်ပါပဲ။ အနတ္တပုစ္ဆကနဲ့ တော့ တူသလိုလိုနဲ့  အားလုံး မတူပါဘူး။ အနတ္တပုစ္ဆက က သူ့ ထက်အများကြီး သာပါတယ်။ ဒါပေမယ့် ပြောချင်လွန်းလို့ ပြောလိုက်အုံးမယ်။
ဘုန်းကြီးပျံ တစ်ခုမှာပါ။ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ရဲ့ ရုပ်ကလာပ်ကို တစ်ပတ်ပြည့်ရင် မီးသဂြိုင်္ဟ်တာဟာ ရွာရဲ့ထုံးစံ။ ဒါပေမယ့် အဲဒီလူက အဲဒီဘုန်းကြီးပျံပွဲမှာ အဲဒီထုံးစံကို အများနဲ့ မတူ ပြောင်းပြန် လုပ်တော့တာ။ သူများတစ်ပတ်ပဲ ထားမယ်ဆိုတာကို သူက တစ်လလောက်ထားမယ်တဲ့။
ဘယ်လိုမှ ပြောလို့ မရပါဘူး။ သူ့ ရဲ့ ဘက်တော်သားတွေကလည်း များမှများ။ သူက ဘာဟဲ့ ဆိုရင် သူတို့ ကလည်း နောက်ကကပ်ပါရတော့တာ။ မပါလို့ လည်း မရဘူးလေ။ အဲဒီ ကိုပြောင်းပြန်ရဲ့ အလုပ်က ငွေတိုးချပေးတာကိုး။ ဒီတော့ သူ့ ဆီက ငွေးချေးထားတဲ့ သူမှန်သမျှ သူ့ ဘက်ကလာထား။ မပါ လို့ ကတော့ သိတယ်မဟုတ်လား။ လူတွေကိုက ကိုယ်နဲ့ အလိုကျရင် တစ်မျိုး၊ အလိုမကျရင် တစ်မျိုး လုပ်တတ်ကြတာလေ။
နှစ်ဖက်လူ ညီမျှနေကြတာဆိုတော့ ဘယ်လိုမှကို ညှိလို့ မရ ဖြစ်နေတော့တာပါ။ ပြီးတော့ သူက အကဲလေးက ပိုပြလိုက်သေးတယ်။ “အမလေး ဆရာတော်ဘုရာ့ ဆရာတော်ရဲ့ တပည့်အရင်းအချာ တွေကို ထကြည့်ပါအုံးလား။ ရွာအကျိုး ရွက်သယ်ပိုးသွားတဲ့ ဆရာ ဘုန်းကြီး ပျံလွန်တော်မူတာတောင် မမြင်ချင်ကြတော့ဘူး ထင်ပါရဲ့။ ဆရာတော် နောက်ဆုံးခရီးကိုတောင် မြန်မြန်ပို့ ချင်ကြသတဲ့လေ” ဆိုပြီး ဆရာတော်ရဲ့ ရုပ်ကလာပ်အနား ကပ်ပြီး ဧယင်ကျူး မယ့်သူ ကျူးစရာမရှိတော့လောက်အောင် အစွမ်းကုန်ငိုပြနေတော့တာပါ။
နောက်ဆုံး ကိုပြောင်းပြန် ပြောသလို တစ်လထားမယ်ဆိုတာပဲ သဘောတူလိုက်ကြတယ်ဆိုပါတော့။ ကိုပြောင်းပြန်လုပ်ပုံကို အပေါ်ယံကြည့်လိုက်ရင်တော့ ဆရာတော်ကို သူများထက် ပိုသံယောဇဉ် ရှိနေတဲ့ပုံစံ။ ဒါပေမယ့်  အဲလိုမဟုတ်ဘူးဆိုတာကို နောက်မှ ဘွင်းဘွင်းကြီး သိရပါတော့တယ်။
အားလုံးက တစ်လဆိုတာ သဘောတူလိုက်တော့ သူက အဲဒီတစ်လဆိုတာကို သုံးရက်ပြည့်တဲ့ နေ့ လောက်မှာပဲ တစ်ပတ်ဆိုတာပြန် ဖြစ်သွားပြန်ရော။ “သေပြီးမှတော့ မထူးတော့ပါဘူးကွယ်တို့ ။ အော် အနိစ္စ အမြဲမရှိပါလားနော်” စသဖြင့် ပါးစပ်က ပတွတ်ပတွတ်နဲ့  တောပြော၊ တောင်ပြောလည်း လုပ်ပြနေပြန်သေးတာ။ အားလုံးက သည်းမခံနိုင်တော့တဲ့ အဆုံး တစ်ယောက်တစ်ပေါက် ၀ိုင်းဆဲ ကြတော့တာပဲ။ ဆဲပွဲကြီးကို ဖြစ်ရော။
အကြောင်းအရာ တစ်ခုခုအပေါ်မှာ ယူဆချက်မတူလို့  တကယ်ပဲ မသိလို့  ပြောင်းပြန်ဖြစ်မှန်းမသိ ဖြစ်သွားတာတော့ သိပ်ပြဿနာ မဟုတ်ပေဘူးပေါ့။ ဒါပေမယ့် တမင်တကာကို မှားမှား၊ မှန်မှန် သူများမနေတဲ့ဘက်က ငါနေမယ်ဆိုတာကြီးကတော့ အတော်ခက်လှသပေါ့။ အများနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေမှာဆိုရင် ကိုယ့်ရဲ့ ဘာမဟုတ်တဲ့ ဗီဇ ၀ါသနာလေးကြောင့် အနှောင့်အယှက်လည်း ဖြစ်တာပနော်။ ပြီးတော့ အများနဲ့ တစ်ယောက်လည်း ဖြစ်သွားတတ်သလို ၊ အမှန်တွေလည်း ဖုံးကာသွားတတ်ပါတယ်။ (ပုံသေလောကဓံများကြောင့် နောက်မှပဲ ဆက်ပြောကြစို့ )

0 comments:
Post a Comment