* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 27, 2010

“တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ ”

ဖေဖော်ဝါရီ ၂၇-ရက် တပေါင်းလပြည့်နေ့
***
တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ အဖြစ် သတ်မှတ်ထားပါသည်။
ထိုသို့ သတ်မှတ်ရခြင်းမှာ …
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် အခါကာလက မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေစဉ် ကပိလ၀တ် နေပြည်တော်မှ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးက အမတ် ၁၀-ဦးတို့ကို နောက်ပါ အခြွေအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ ဘုရားရှင်အား ပင့်ရန် ရာဇဂြိုဟ်ပြည်သို့ စေလွှတ်လိုက်ပါသည်။

ထိုသို့ ဘုရားပင့်ရန်သွားသူ အမတ်များသည် ဘုရားရှင်နှင့် တွေ့၍ တရားနာရသောအခါ ဧဟိဘိက္ခူ ရဟန်းများ ဖြစ်ကုန်ကြပြီး ကပိလ၀တ်သို့ မပြန်ကြတော့ပါ။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီး ခေါင်းဆောင်၍ သွားသည့်အခါတွင်လည်း ဘုရားရှင်၏ တရားနာရပြီးနောက် ကာဠုဒါယီအမတ်ကြီး ရဟန္တာဖြစ်သွားပါသည်။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄ ဂါထာ သီကုံး၍ ခမည်းတော်၏ ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ် နေပြည်တော်သို့ ကြွချိန် တန်ပြီ ဖြစ်ကြောင်း လျှောက်ထားလေသည်။

ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုလ်မြို့မှ ယူဇနာ ၆၀ ကွာဝေးသော ကပိလ၀တ် နေပြည်တော်သို့ တနေ့လျှင် တယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀ ကြာအောင် ဒေသစာရီ ကြွချီတော်မူပါသည်။

မြတ်စွာဘုရား ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူခြင်းဖြင့် သာသနာတော် သမိုင်းတွင် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ …
၁) နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း၊
၂) သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရ၀ဿမိုးကို ရွာသွန်းစေခြင်း၊
၃) ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာ ဇာတ်တော်ကြီးကို ဟောကြားခြင်း၊
၎) မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်ကြီး အနာဂါမ်တည်ပြီး နောင်သောအခါ အရဟတ္တဖိုလ် တည်ဖြင်း၊ မိထွေးတော် ဂေါတမီ သောတာပန် တည်ခြင်း၊ နောင်အခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့်ကြုံခြင်း၊
၅) ယသောဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကို ဟောကြားခြင်း၊
၆) ဇနပဒကလျာဏီ၏ ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း၊
၇) သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘ၀သို့ ရောက်ရှိခြင်း၊
၈) သာကီဝင်အမျိုးမှ မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ခြင်း၊
၉) ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အားမြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၍ အမြတ်ဆုံး “ကုလပ္ပသာဒ” ဧတဒဂ်ကို ချီးမြှင့်တော်မူခြင်း၊
၁၀) အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓ၀င် ဒေသနာကို ဟောကြားတော် မူခြင်း၊
စသော အကျိုးဆက်များ ဖြစ်ပါသည်။
***
ကာဠုဒါယီမထေရ် လျှောက်ထားသည့် နောက်ဆုံးဂါထာ

နာသိတံ နာသိဥဏံွ၊ နာတိ ဒုဗ ၻိကၡ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။

မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား … ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား။ ကောက်ပဲ သိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည် ဘုရား၊ မြေအပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက် ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည် လန်းဆန်းနေပါသည် ဘုရား။ ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်သို့ ကြွချီရန် လျော်ကန် လျောက်ပတ် ကောင်းမြတ်သော အချိန်ပါ ဘုရား။
***
ကာဠုဒါယီမထေရ် လျှောက်ထားသော ဂါထာပေါင်း ၆၄-ဂါထာကို ရှင်အုန်းညိုက ပျို့အဖြစ် ရေးစပ်ခဲ့ပါသည်။ ဂါထာ ခြောက်ဆယ်ပျို့ဟု ထင်ရှားသည်။ ထိုဂါထာ ခြောက်ဆယ်ပျို့မှ စာပိုဒ်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

လူ့ဘုံ သုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။

အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ ဒကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္မာမြောက်သား၊ သည်းချားရာဟု၊ မျှော်ကာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန်ကိုနောက်ဆင့်၊ ချီပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလည်း ပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။ … ။
***
(မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ ဖြစ်သော သာယာလှပသည့် တပေါင်းလပြည့် အခါသမယတွင် ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုကုသိုလ်များ မမေ့မလျော့ ပြုကြပါစေကြောင်း … )
***
ရည်ညွှန်း။ ။
အခါတော်နေ့များ (ဆရာတော် မာဂဓီ - သာစည်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP