* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, January 19, 2010

အဘိဓမ္မာအပိုင်း ၂၊ အခန်း -၉ (လောဘ+ဆန္ဒ ထူးခြားပုံ)

ဒီနေ့ ပြောပြရမည့် မိမိတို့တစ်တွေ ခန္ဓာမှာ ဖြစ်နေတဲ့ အဘိဓမ္မာတရားက... ဥဒ္ဓစ္စ= စိတ်၏ မငြိမ်သက် ပျံ့လွင့်ခြင်း သဘောတရားဖြစ်ပါတယ်။ မိမိစိတ်တွေ မငြိမ်မသက်၊ ယောက်ယက်ခတ်နေတဲ့အခါသည် ဒီ ဥဒ္ဓစ္စတရား ကိန်းအောင်းနေတဲ့ အချိန် ဖြစ်ပါတယ်။ သူ့ကို ဘာဥပမာနှင့် သိလွယ်အောင် ပြောဆို သုံးနှုန်းလေ့ ရှိကြသလဲဆိုတော့... အလံတိုင်မှာ လွှင့်တင်ထားတဲ့ အလံတခွန်နဲ့ တူစွာ ပြောလေ့ရှိကြပါတယ်။ အလံတံခွန်လေးဟာ လေတိုက်တိုင်း လွင့်ကာ လွင့်ကာ ကောင်းစွာ မတည်တံ့သကဲ့သို့... ဤဥဒ္ဓစ္စတရား မိမိသန္တာန်မှာ ၀င်ရောက်လာတဲ့အခါ မိမိတို့ စိတ်ကလေးက ဂနာမငြိမ်ပဲ ယောက်ယက်ခတ်နေပါတယ်။ အာရုံတစ်ခုတည်းအပေါ်မှာ မတည်တံ့နိုင်ပဲ ဆုံးဖြတ်ချက်လည်း မချနိုင်ပါဘူး။ တရားအားထုတ်ဘူးသူများ ပိုသိသာပါတယ်။ တရားအားထုတ်မယ်ဆိုပြီး နှာသီးဖျား စိတ်လေးကပ်လိုက် လွတ်ထွက်သွားလိုက် ဖြစ်သွားတာမျိုး။ ဒီတရား၏ ဆန့်ကျင်ဘက် တရားက ပြီးခဲ့တဲ့ အညသမာန်းအုပ်စုတုန်းက ပြောပြခဲ့တဲ့ “ဧကဂ္ဂတာ” (သမာဓိ) စေတသိက်တရား ဖြစ်ပါတယ်။ လူတိုင်း စိတ်ယောက်ယက်ခတ်ဘူးတဲ့ သူတွေဆိုတော့... ဒီတရား ဒီလောက်နဲ့ဆို နားလည်လောက်ပါတယ်နော်။ ဒီသဘောသည် ဥဒ္ဓစ္စစေတသိက်တရား၏ သဘောအဓိပ္ပါယ် ဖြစ်ပါတယ်။

နောက်တစ်ပါးက... လူ့ပတ်ဝန်းကျင်မှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ တရားဖြစ်ပါတယ်။ လောဘ= အာရုံ တခုခုအပေါ်မှာ စွဲလမ်း တပ်မက်ခြင်း သဘောတရား ဖြစ်ပါတယ်။ ပါဠိစာပေမှာ “လောဘ”ရဲ့ ပရိယာယ် စကားလုံး အနေအားဖြင့် တခြားသုံးလေ့ရှိတဲ့ အဓိပ္ပါယ်တူ စကားလုံးများကတော့ (တဏှာ၊ ရာဂ)စသည်များ ဖြစ်ပါတယ်။ ဒီတရားရဲ့ သဘောတရားကို ထင်ရှားစွာ သိအောင် ပမာပုံဆောင် ပြောကြတာက “မျောက်နှဲစေးက မျောက်ကို ဖမ်းထားပုံ ပမာဖြင့်” ပြောပြလေ့ရှိကြပါတယ်။
မျောက်နှဲစေးဆိုတာ ၄င်းအစေးကို သွားကပ်လိုက်ရင် ခွာရခက်တဲ့ “စေးကပ်တဲ့ အစေးပဲ” ဖြစ်ပါတယ်။ ခေတ်စကားအရဆိုရင်... “ဆင်ကော်”လို ကော်မျိုးနှင့် စေးကပ်တဲ့နေရာမှာ ပမာတူမယ် ထင်ပါတယ်။
ယင်းမျောက်နဲစေး၏ အနီးသို့ ဆော့ချင်သော မျောက်တစ်ကောင် ရောက်လာတယ်ဆိုပါတော့... မျောက်ဆိုတဲ့ သတွာက ထူးတာ ဆန်းတာမြင်ရင် ဆော့တတ်တဲ့ သဘောရှိတယ်ဆိုတာ သိကြမယ်ထင်ပါတယ်။ မျောက်သည် ၄င်းသစ်စေးကို ဆော့ချင်ဇောဖြင့် လက်တစ်ဘက်ဖြင့် နှိုက်စမ်း ဆော့ကြည့်မယ်... သစ်စေးက ယင်းလက်ကို ခွာမရအောင် ကပ်ပါလိမ့်မယ်။ နောက် ကျန်လက်တစ်ဘက်ဖြင့် ကပ်သွားတဲ့ လက်ကို ခွာဖို့ ကြိုးစားပါလိမ့်မယ်။ ထိုကျန်တဲ့ လက်ကိုလည်း သစ်စေးက ခွာမရအောင် ကပ်လိုက်ပါလိမ့်မယ်။ နောက် မျောက်က လက်နှစ်ဘက်ကွာဖို့ ဘာသုံးမလဲဆိုတော့... ပါးစပ်ကို အသုံးချပါလိမ့်မယ်။ ပါးစပ်ကိုလည်း သစ်စေးက ကပ်ထားပြန်ပါလိမ့်မယ်။ နောက် မျောက်က ဘာအသုံးချမလဲဆိုတော့... ခြေထောက် နှစ်ဘက် အသုံးချကာ ဘယ်ပြန် ညာပြန် ခွာဖို့ တွန်းကန်ကာ ကြိုးစားပါလိမ့်မယ်။ သစ်စေးက ခြေထောက် နှစ်ဘက်ကိုလည်း မညှာမတာ ကပ်ထားလိုက်ပါလိမ့်မယ်။ နောက် မျောက်က ဘာကို အသုံးချမလဲဆိုရင်.. ကျန်တဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး လှုပ်ယမ်းကာ ကပ်နေတဲ့ ခန္ဓာကိုယ်အစိပ်အပိုင်းကို ခွာဖို့ ကြိုးစားပါလိမ့်မယ်... ဒီအခါမှာ မျောက်နှဲစေးလို့ ခေါ်တဲ့ သစ်စေးက မျောက်ခန္ဓာတစ်ကိုယ်လုံး လှုပ်ရှားမရအောင် ဖွဲ့နှောင်ကာ ကပ်ထားပါလိမ့်မယ်။ ဒီတော့ မျောက်ခမျာ ဘာမှ မတတ်နိုင်တော့ပါဘူး၊ မျောက်နှဲစေးပင်အောက်မှာ သေယုံမှတပါး အခြား မရှိတော့ပါဘူး။
လောဘရဲ့ သဘောကလည်း ဒီသဘောအတိုင်းပါပဲ၊ မြင်မှု, ကြားမှုစတဲ့ အာရုံ ခြောက်ပါးနဲ့ တိုက်ဆိုင်လာတဲ့အခါ မြင်မှုအပေါ်၊ ကြားမှုအပေါ် တမ်းတမ်းစွဲ, လောဘစိတ်များဖြစ်ကာ မခွာရက်အောင် ဖမ်းယူထားတတ်တဲ့ သဘောပါ။ လောဘ(တပ်မက်မှု) အားကြီးသူတို့မှာ လူ့ဘ၀ ရလာတယ်ဆိုပေမယ့် လက်ရှိ တမလွန် ဘ၀ကောင်းကျိုးအတွက် ဘာမှမလုပ်နိုင်ဘဲ ကာမဂုဏ်အာရုံတည်းဟူသော လောဘအစေးကပ်ခံရပြီး အကျိုးနဲစွာဖြင့် ဘ၀ဇာတ်သိမ်းကြရတာပါပဲ။
ဒီနေရာမှာ ဥပမာနှင့် ဥပမေယျ (အနှိုင်းယှဉ်စရာ+အနှိုင်းယှဉ်ခံ) တရားများကို စပ်ကြည့်လိုက်တော့... စေးကပ်တတ်တဲ့ မျောက်နှဲစေးနဲ့ လောဘတူတယ်၊ မျောက်၏ လက် -၂-ချောင်း, ခြေ -၂-ချောင်း, ပါးစပ်, ကိုယ် (၆)မျိုးနှင့် မြင်မှု, ကြားမှုစတဲ့ အာရုံ (၆)ပါးနှင့် တူပါတယ်။
ဒီသဘောတရားသည် လောဘ၏ သဘော အဓိပ္ပါယ်ပင် ဖြစ်ပါတယ်။ တဏှာ၊ ရာဂတို့ဆိုတာကလည်း အတူတူပါပဲ။
ဒီနေရာမှာ အထူးမှတ်သားစရာ တခုက... အပေါ် ပကိဏ်းစေတသိက်အုပ်စုမှာ ပြခဲ့တဲ့ ဆန္ဒ=တောင့်တမှု သဘော၊ ဒီလောဘ=တပ်မက်မှု သဘောက ဘယ်လို ထူးခြင်းသလဲဆိုတာ ကြည့်ကြရအောင်။
တော်တော်များ သိထားကြတာက ဆန္ဒ=လိုချင်မှု၊ တောင့်တမှုသည် ကောင်းတဲ့ဘက်မှာပဲ ဖြစ်တယ်လို့ ထင်ထားကြပါတယ်။ ဆန္ဒသည် အပေါ်အုပ်စုတုန်းက ပြောခဲ့သလို... ကောင်းတဲ့ ကုသိုလ်၊ မကောင်းတဲ့ အကုသိုလ် စသည် စိတ်အားလုံးနီးပါးနှင့် အလျဉ်းသင့်သလို ဖြစ်ပါတယ်။ လောဘကတော့ မကောင်းတဲ့ အကုသိုလ် စိတ်ဖြစ်တဲ့ အခါ ဖြစ်ပါတယ်။
ဒီတော့ သိသာအောင် ကွဲကွဲပြားပြား ဘယ်လိုမှတ်ထားမလဲဆိုတော့... ဆန္ဒတရား၏ တောင့်တမှု လိုချင်မှု သဘောသည် လိုချင်မှုဇော အစေးမရှိ, မရမနေဟူသော ငြိကပ်မှု သဘောမပါ။
လောဘတရား၏ တပ်မက်လိုချင်မှုသည် ငန်းငန်းစွဲ တပ်မက်မှု၊ လိုချင်မှုဇော အစေးရှိ၏, ငြိကပ်မှု သဘောပါ၏။ ဥပမာ- ငါဒီပစ္စည်းလေး လိုချင်လိုက်တာဆိုရင် ဆန္ဒ=တောင့်တမှုသဘော။ ငါဒီပစ္စည်း မရ ရအောင် လုပ်မယ်၊ ပိုက်ဆံမလောက်လည်း အကြွေးဝယ်မယ်၊ ဒီလိုမှ မရရင် ခိုးမယ်.. စသည် မရ မက ရချင်တာ စွဲလမ်းတာကြတော့ လောဘရဲ့ သဘောပါ။ ဒီလောက်ဆိုရင် (ဆန္ဒရဲ့ လိုချင်တောင့်တမှုနှင့် လောဘရဲ့ လိုချင်တပ်မက်မှု သဘောအဓိပ္ပါယ်ကွဲပြား ခြားနားမှုကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။

ဒီနေ့ ဒီ -၂-ပါးနှင့်ပဲ ရပါနားပါအုန်းမယ်။ ဆက်လက် ပြောပြပေးပါမည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP