* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, January 19, 2010

ကောင်းကင်က နေ နဲ့လ


သာဝတ္တိပြည်ရှိ သူဌေးကြီး အဒိန္နပုဗ္ဗကတို့ ဇနီးမောင်နှံတွင် မဋ္ဌကုဏ္ဍလီအမည်ရသော သားတစ်ယောက်ရှိ၏ တစ်ဦးတည်းသောသားမို့ အရိပ်တကြည့်ကြည့်နှင့်ချစ်မ၀ ပါ။ ချစ်မ၀ခင်ရောဂါဝင်၍ သေဆုံးကွယ်လွန် လေသည်။ အချစ်သည်းသော ဖခင်ကြီးမှာ လွန်စွာ ပူဆွေးဝမ်းနည်းရတော့သည်။

သားဖြစ်သူ ငယ်ငယ်ရွယ်ရွယ်သေရသည်မှာ အသေအချာ စစ်ကြည့်လျှင် သူ့ ပယောဂမကင်းပါ၊ ရောဂါနုစဉ်ငွေကုန်မည်စိုး၍ တတ်ကျွမ်းသူ ဆေးဆရာများ နှင့် အသေအချာ မကုခဲ့ ဆေးမြီးတိုများကိုသာ သုံးစွဲပြီး လက်တည့်စမ်းတိုက်ကျွေးခဲ့သည်။ သားကိုချစ်သော်လည်း ပစ္စည်းဥစ္စာ ကိုချစ်စိတ်က လွန်ကဲခဲ့၍ ယခုတော့နောင်တ ရနေရပြီး ရင်နှစ်သည်းချာ သားရတနာလောက်မည်သည့် အရာမှ တန်ဖိုးမရှိဟု သဘောပေါက်ချိန်တွင် သားက မရှိရှာတော့။

ပူလောင်မှုသောကများ ပျောက်လိုပျောက်ငြား သားကိုးမြုပ်နှံရာ သချိ င်္ုင်းသို့ နေ့စဉ်သွား၍ တမ်းတ ငိုကြွေး သော် လည်း ပူဆွေးသောကများ တိုးလို့သာလာ၏၊

မဋ္ဌကုဏ္ဍလီကား ဘ၀သစ်တွင် နတ်သားဖြစ်နေလေသည်။ ဘ၀တစ်လျှောက်လုံး နှမျောလွန်းသူ ဖခင်ကြီး အုပ်ထိန်းမှုအောက်တွင် ကိုယ်စိတ်နှစ်ပါးဆင်းရဲ ခဲ့ရသော်လည်း သေခါနီးတွင် မဟာ ကရုဏာတော်နှင့် အိမ်ရှေ့သို့ ကြွလာတော်မူသော မြတ်စွာဘုရားကို သေအံ့မူးမူးတွင် ဖူးမြင်လိုက်ရသည်။ ကြည်ညိုစိတ်ဖြင့် ဘုရားရှင်ကို အာရုံယူရင်း ဘ၀ကူးခဲ့သောကြောင့် တာဝတိံသာနတ်ပြည်သို့ရောက်၏။ နတ်စည်းစိမ် ချမ်းသာတို့နှင့် ပြည့်စုံ နေပေမဲ့ နေခဲ့ရာ ဘ၀ဟောင်းလူလောကကို သတိတရပြန်ကြည့် တဲ့အခါ ဖခင်ကြီး ၏ ဖြည်မဆည်နိုင်သော သောကကို တွေ့မြင်လေသည်။ မိမိကိုအကြောင်းပြု၍ ဖြစ်ပေါ်နေသော ဖခင်ကြီး၏ သောက ကိုဖြေဖျောက်ပေးလို၏။ ထို့ကြောင့် ဖခင်ငိုကြွေးရာ မလမ်းမကမ်း တစ်နေရာတွင် မဋ္ဌကုဏ္ဍလ အသွင်ဖြင့် ရှိုက်ကြီး တငင် ငိုကြွေးလေသည်။

ယနေ့မှ ထူးထူးခြားခြား လာငိုနေသူမှာ သားဖြစ်သူ မဋ္ဌကုဏ္ဍလနှင့်တူနေသဖြင့် သားကဲ့သို့ ချစ်မိသောကြောင့် ငိုနေသည်ကို မကြည့်ရက်နိုင် သူငယ်ဘာကြောင့် ဒီလောက်တောင်ငိုနေ တာလဲဟု သနား ကရုဏာဖြင့် မေးလေသည်။

မဖြစ်နိုင်သည်ကို ဖြစ်ချင်နေသော ဖခင်ကြီးကို တရားပြရန်အတွက် အကွက်ဝင်လေပြီ။ ဖခင်… ကျွန်ုပ်မှာ ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ရွှေရထားတစ်စင်းရှိပါတယ်။ ဒါပေမဲ့ ဘီးနှစ်ဖက် မရှိပါ။ သင့်တော်တဲ့ ဘီး တစ်စုံကို မယူနိုင်သောကြောင့် စိတ်ဆင်းရဲပြီးငိုကြွေးတာပါ ဟု ပြောလေသည်။

ချစ်သား လူငယ်..ရွှေဘီး၊ ပတ္တမြားဘီး၊ ငွေဘီး နှစ်သက်ရာကို ပြောပါ၊ သင် အလိုရှိရာကို ကျွန်ုပ်ပိုင်သော ပစ္စည်းတို့နဲ့ လဲလှယ်ကာ ရပါစေ့မယ်။ မငိုပါနဲ့ လို့ သနားစိတ် ချစ်စိတ်အရင်းခံကာ ပြောရှာပါတယ်။

ဖခင်…ကျွန်ုပ်ရဲ့ ရွှေရထား အတွက် ဘီးလုပ်ရန် သင်တော်သည်မှာ ကောင်းကင်က လနဲ့ နေသာဖြစ်ပါတယ်။ လမင်းနဲ့ နေမင်းကိုသာ ဘီးအဖြစ် တပ်ချင်ပါတယ်။ ရယူတပ်ဆင်ပေးပါဟု တမင်တကာပင် မဖြစ်နိုင်မှန်း သိလျှက်နဲ့ ပြောပါတယ်။

ချစ်သား. လူငယ်…အလိုမရှိအပ် မတောင့်တ အပ်သည်ကို တောင့်တလိုချင်ဖြစ်ချင်သော သင်သည် လူမိုက်စင်စစ်ဖြစ်နေပြီ၊ သင်ငို၍ သေချင်သေသွားလိမ့်မည် နေ လကို တော့ ဘီးတပ် မရနိုင်ပါ။ အဒိန္နပုဗ္ဗသည် သူတစ်ပါး အမှားကို သဘောပေါက်နားလည်နိုင်သော်လည်း ကိုယ့်အမှားကို မူ မဆင်ခြင်နိုင်ခြေ။

ဖခင် ..သင်ရော ကျွန်ုပ်ပါ ငိုကြွေး နေကြသူများဖြစ်နေကြပါတယ်။ ကျွန်ုပ်လိုချင်နေတဲ့ နေလ က ထင်ထင်ရှားရှား တွေ့မြင်ပြီး တောင့်တ ငိုတာပါ၊ ဖခင်ကတော့ တွေ့မြင်ရခြင်းပင် မရှိတဲ့ သားကို တောင့်တငိုနေပါတယ်။ အမြင်ရှိကိုလိုချင်သူနဲ့ မမြင်မရှိသူကို လိုချင်သူ နှစ်ယောက် ဘယ်သူက ပိုမိုက်ပါသလဲ…. မဋ္ဌကုဏ္ဍလီစကား သည် အပိုအလိုမရှိ အတိအကျ အမှန်တရားကို ညွန်ပြနိုင်၏။ အသိဥာဏ် မနည်းသော ဖခင်ဖြစ်သူသည် ဖြတ်ခနဲ့ အမှန်ကို မြင်သိလိုက်ပြီး သတိသံဝေဂရကာ မိမိက မိုက်သည်ဟု ဆိုသူထက်ပင် ပို၍မိုက်မဲနေပါလား ဟု သိမြင်သွားတော့သည်။ သောကများ ကင်းပြီး စိတ်တွေကြည်လင်သွားတဲ့ ငါ့ဟာ ကုသိုလ်ကောင်းမှုလုပ်ငန်းများကို ကြိုးစားအားထုတ်ပါတော့မယ် ဟု ပြောဆိုကာ သူ့သက်တမ်းတလျှောက်လုံး ကုသိုလ် ကောင်းမှုများ ကြိုးစားအားထုတ်ကာ ကောင်းရာ သုဂတိသို့လားလေတော့သည်။

သောကသည် ပျားရည်လို မချိုမြိန်ပါ၊ လူ့ဘ၀၏ အစဉ်အလာအရ ချစ်ခင်သူများ ချစ်မြတ်နိုးသူသော အရာဝတ္ထုများနှင့် ကွဲကွာရသောအခါ သို့မဟုတ် ခွဲခွာရသောအခါတွင် အချစ်ကြီးသလောက် ဒုက္ခရောက်ရတော့၏။ ထို့ကြောင့် သောကဖြစ်စရာနှင့် ကြုံချိန်တွင် ထွက်ပေါက်မပိတ်ရန် ရည်သန်၍ ဗုဒ္ဓစာပေလာ သောကရှင်တို့ ရင်ဆိုင်လွတ်မြောက် သွားပုံများကို တင်ပြလိုက်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP