အတွင်းသားကို တူးဖြိုမိခြင်း
(၁)
ဒီအချိန်ရောက်မှတော့ ပို့စ်အသစ်တစ်ခုတင်ဖို့ အချိန်မရှိတော့တာသေချာတယ်။ ည ၁၁း၁၄ နာရီတိတိ။
ညနေခင်းဆီက သင်တန်းတွေ တက်ဖြစ်တယ်။ပိဋကတ်ဆိုင်ရာခေတ်လေ့လာနည်းသင်တန်းနဲ့ ကွန်ပြူတာသင်တန်းတွေထဲ တစ်ညနေခင်းလုံး မြှုတ်နှံထားလိုက်တာပါ။
ဘုရားစကားတော်တွေကို စာမေးပွဲအတွက်မဟုတ်ဘဲ အလွတ်တန်းလေ့လာရတော့လည်း ပွင့်လင်းသိမြင်မှုက မတူဘူး။ အတွေးသစ်တွေတလိပ်လိပ်တက်လာတယ်။ ဘုရားရှင်ရဲ့ ဟန်ပန်အမူအရာတော်နဲ့အဆင့်မြင့်လှတဲ့ စကားသုံးနှုံးပုံတွေက မြတ်နိုးစရာသိပ်ကောင်းတာပါပဲ။ဒီသင်တန်းမှာ ပိဋကတ်ဆရာဆွဲထုတ်ပြတဲ့ အစလေးတွေကနေ ဆက်ဆက်ပြီး မြင်မိတဲ့ဓမ္မရှုမျှော်ခင်းတွေက လှတယ်။ လွန်ခဲ့တဲ့တစ်ပတ်က မပြီးပြတ်သေးတဲ့ သာမညဖလသုတ်တော်ကို ဒီနေ့ နိဂုံးရောက်အောင်သွားခဲ့ကြပါတယ်။
(၂)
သာမညဖလဒေသနာအဆုံးမှာ အဇာတသတ်ဘုရင်ဟာ ငြိမ်းအေးမှုကို ရသွားခဲ့ပါတယ်။ဖခင်ကို သတ်မိလို့ပူလောင်နေတဲ့စိတ်တွေ ခိုကိုးရာရသွားခဲ့တာပါ။ ဘုရားရှင်နဲ့သာမတွေ့ရရင် သူရူးသွားနိုင်ပါသတဲ့။
ဖခင်တရားမင်းကို သတ်ခဲ့မိတဲ့အတွက်လည်း ဘုရားရှင်ကို တောင်းပန်ခဲ့ပါသေးတယ်။
အဇာတသတ်မင်းက ဘုရားရှင်ကို လျှောက်တဲ့စကားထဲမှာ အနံ့တစ်ခုခုကို ရှိုက်မိသလိုပါ။
“ မိုက်မဲတွေဝေဆိုးသွမ်းစွာ ဖခင်တရားမင်းမြတ်ကို အာဏာအတွက်(ဣဿရိယကာရဏာ)သတ်ခဲ့မိပါတယ်” လို့ဝန်ခံတောင်းပန်တဲ့စကားလေးပါ။ ရွာဦးကျောင်းဘုန်းတော်ကြီးကတော့ “ အဇာတသတ်က ပါဝါနိုင်ငံရေးသမားကွ” လို့မှတ်ချက်ပေးဖူးပါတယ်။
ဘာပဲဖြစ်ဖြစ် အဇာတသတ်မင်းကြီးဟာ ရတနာသုံးပါးကို ကြည်ညိုသွားခဲ့ပါတယ်။
အဖွင့်ကျမ်းတွေကတော့ အဇာတသတ်မင်းကြီးဟာ ပုထုဇဉ်တွေထဲမှာတော့ ဘုရားရှင်ကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ်မှတ်တမ်းတင်ခဲ့ကြပါတယ်။ဇိနတ္ထပကာသနီမှာအဇာတသတ်မင်းကြီးကို ဘုရားရှင်ပရိနိဗ္ဗာန်စံပြီဆိုတဲ့စကား လျှောက်ထားသံတော်ဦးတင်တဲ့အခန်းဟာ လွမ်းစရာကောင်းခဲ့ပါတယ်။ ခိုကိုးရာမဲ့ချိန်မှာ ဘုရားရှင်ရဲ့ မဟာကရုဏာအရိပ်က အဇာတသတ်ရဲ့ ဘ၀တစ်သက်တာအတွက် အေးခဲ့တာပါ။ ဒါပေမယ့် နောက်ကျခဲ့ပါတယ်။
ရတနာသုံးပါးကြည်ညိုသူအဖြစ် ဘုရားရှင်ထံတော်ပါးမှာ သရဏဂုံဆောက်တည်ပြီး အဇာတသတ်မင်းကြီးပြန်လည်ထွက်ခွာသွားတဲ့အခါမှာတော့ ဘုရားရှင်ကိုယ်တော်တိုင် ရဟန်းတော်တွေကို မိန့်မြွက်တဲ့ ဓမ္မသံဝေဂစကားတော်ကိုလည်း နာကြည့်လိုက်ပါဦး။
“ရဟန်းတို့ အဇာတသတ်ဟာ မိမိကိုယ်ကိုယ်တူးဖြိုပစ်လိုက်သူ(ခတပုဂ္ဂိုလ်)ပါပဲ။ မိမိကိုယ်ကိုယ်သတ်ပစ်လိုက်သူ(ဟတပုဂ္ဂိုလ်)ပါပဲ။တကယ်လို့သာ ဖခင်တရားမင်းမြတ်ကိုသာ မသတ်ခဲ့ဘူးဆိုရင် ဒီနေရာမှာပဲ မြူမှုံကင်းပပြီး အညစ်အကြေးရှင်းတဲ့ တရားမျက်လုံး ဖြစ်ထွန်းနိုင်ပေရဲ့“တဲ့။
တရားထူးသိမြင်မယ်လို့ဆိုလိုတာပါ။
အော် လွဲပေစွ၊
အဇာတသတ်ဘုရင်ဟာ ပါရမီအတွင်းသားကိုမှ တူးဖြိုမိလေသကိုး။ ဆည်းပူးခဲ့သမျှကံမြတ်တွေကို သတ်မိလေသကိုး။
ပိဋကတ်ဆရာကတော့ ဒီလိုမှတ်ချက်ချပါတယ်။
“လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပါရမီတွေကောင်းကောင်း။ ဘယ်လိုပဲ ထူးချွန်ထူးချွန်။ ကလျာဏမိတ္တလို့ခေါ်တဲ့ မိတ်ဆွေကောင်းရဲ့ အမှီသာမရရင် ပျက်ဆီးတတ်တာပါပဲ။”
အဇာတသတ်မင်းသားလေးဟာ ပါရမီအရှိန်အ၀ါမြင့်မားပေမယ့် မိတ်ဆွေကောင်းနဲ့လွဲချော်ခဲ့ပါတယ်။ ဓမ္မအစစ်နဲ့လွဲချော်ခဲ့ပါတယ်။ ဒီလိုနဲ့ လွမ်းမြောက်ရာလမ်းနဲ့လည်း ဝေးခဲ့ရပါတော့တယ်။
ဘာပဲဖြစ်ဖြစ် အဇာတသတ်မင်းကြီးဟာ သူ့ဘ၀ရဲ့နောက်ပိုင်းအချိန်တွေမှာ
အားထားလောက်တဲ့ သာသနာ့ဒါယကာအဖြစ် မားမားမတ်မတ်ရပ်တည်ခဲ့ပါတယ်။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အခါမှာ ကျေးဇူးရှင်ကြီးရဲ့သာသနာတော်အဓွန့်ရှည်တည်တံ့ရေး အားသစ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်တွေရဲ့ မှီရာနံရံတံတိုင်းကြီးဖြစ်ခဲ့ပါတယ်။ ပထမသင်္ဂါယနာပွဲကြီးဖြစ်မြောက်ရေးအတွက် အာဏာကို အကျိုးရှိစွာ အသုံးပြုခဲ့တာပါ။
အင်း ၀ဋ်ဆိုတာကလည်း ဘ၀မကူးပဲလည်ပါတယ်။ “ပြိုင်ဘက်ရန်သူမမွေးသေးသောမင်း”လို့အဓိပ္ပါယ်ရတဲ့ အဇာတသတ်ဘုရင်မြတ်ဟာလည်း ရင်သွေးကပဲ ရန်သူဖြစ်ခဲ့ပါတယ်။ပါဝါနိုင်ငံရေးသမား သားတော်ဥဒယဘဒ္ဒရဲ့ လုပ်ကြံမှုနဲ့ ကံတော်ကုန်ရရှာပါတယ်။ အော် ပါရမီအတွင်းသားတူးဖြိုရေးမျိုးဆက်ကို စခဲ့မိမှကိုး။
အဖသတ်ငါးဆက်တိုင်အောင် ရာဇ၀င်အမဲစက်ကြီးဖြစ်ခဲ့ရပါတယ်။
(၃)
ပိဋကတ်သင်တန်းပြီးတော့ ကွန်ပြူတာသင်ရိုးများ၊ အမာထည်တွေကို တစ်စစီဖြုတ်ပြတဲ့ ကွန်ပြူတာဆရာရဲ့ လက်ထဲက အပိုင်းအစများ၊ မှတ်မှတ် အကုန်မှတ်၊
အင်း မနက်ပိုင်းဆီကတော့ သင်တန်းဆရာ။ ညနေပိုင်းကျတော့ သင်တန်းသား။ လိုတာတွေဖြည့် ပိုတာတွေနှုတ်။ဖြည့်ရမှာတွေကလည်း အများကြီး၊ နှုတ်ရမှာတွေလည်း အများကြီး။
အဲဒါပုထုဇဉ်ပဲတဲ့။ မရင့်ကျက်သေးတော့လည်း မပြည့်ဝဘူးပေါ့။ ဖြည့်ဟာ နှုတ်ဟာနဲ့ သက္ကရာဇ်တွေသာ ပြိုလဲသွားပါရောလား။
မပြည့်ဝတာက ပြဿနာမဟုတ်၊ဖြည့်ဆည်းခွင့်ရှိသေးရဲ့။ ပါရမီအတွင်းသားလေးတွေ မတူးဖြိုမိဖို့သာ သတိ။
မှတ်ချက်၊ မိတ်ဆွေပါဠိကထိကရဟန်းတော်တစ်ပါး၏ အဇာတသတ္တုနှင့်ပတ်သက်သောယူဆချက်ကို ကိုးပါသည်။ မိတ်ဆွေရဟန်းက ပိဋကတ်အဖွင့်ကျမ်းများတွင် အဇာတသတ္တုဆိုသည်မှာ “မမွေးဖွားမီကပင် ရန်သူဖြစ်နှင့်သောသူ”ဟုဖွင့်ကြသည်။အဇာတ=မမွေးဖွားမီ။ သတ္တု=ရန်သူ။အဇာတသတ္တု=မမွေးဖွားမီကပင် ရန်သူဖြစ်နေသောသား။ ဖခင်ဗမ္ဗိသာရမင်းကြီးကို သတ်မယ့်သားလို့ ပရောဟိတ်ကြီးတွေက နိမိတ်ဖတ်ကြဆိုကိုး။
သို့သော် မိဘများကမိမိသားသမီးကို ဤအဓိပ္ပါယ်ဖြင့်မခေါ်ဆိုတန်ရာ။ပထမသင်္ဂါယနာဒါယကာဧကရာဇ်မင်းမြတ်ကိုယ်တိုင်ကရော၊
ဧကရာဇ်မင်းမြတ်ကို အမှီပြု၍ သာသနာပြုနေကြသော သံဃာတော်များကရော ဤအမည်ကို ထင်ထင်ပေါ်ပေါ်သုံးစွဲနေခြင်းမှာ ဂုဏ်ပုဒ်တစ်ခုအဖြစ်သာ သုံးစွဲခြင်းဖြစ်ရမည်။ ထိုသို့ဆိုလျှင် ယနေ့အရပ်သုံးစကားဖြစ်သည့်“ ငါ့ကို ပြိုင်နိုင်တဲ့သူမပေါ်သေး” သဘောရသော “ ပြိုင်ဘက်ရန်သူမမွေးဖွားသေးသောမင်းမြတ်” ဟုသာ ယူသင့်သည်။ မိတ်ဆွေရဟန်း၏အလိုအားဖြင့် “အဇာတ=မမွေးဖွားသေး၊ သတ္တု=ရန်သူ=အဇာတသတ္တု=ပြိုင်ဘက်ရန်သူမမွေးဖွားသေးသောမင်း ”ဟူလို။

0 comments:
Post a Comment