* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, January 19, 2010

ဒေလီစာသင်သားရဲ့ မှတ်တမ်း အပိုင်းအစများ...

ဒေလီတက္ကသိုလ် ကျောင်းတော်ကြီး
လေယာဉ်ကြီးက ငှက်ငယ်တစ်ကောင်အလား ဝေဟင်ကနေ ညှင်သာစွာ မြေပြင်ကို နိမ့်ဆင်းလာလေပြီ။ လေယာဉ်ဟာ မြေပြင်ပေါ်ကို ဘီးချလိုက်ပြီဆိုတာ သိလိုက်တယ်။ အိန္ဒိယနိုင်ငံ ဒေလီရွှေမြို့တော်ကြီးကို ရောက်ပြီ ဆိုတော့ ရင်ထဲမှာ ပေါ့ပါးမှုကို စတင်ခံစားလိုက်ရပါတော့တယ်။
လေဆိပ်က ဒေလီမြို့ အင်ဒရာဂန္ဓီ နိုင်ငံတကာ လေဆိပ်။ (Indira Gandhi International Airport, IGI Airport)
လေဆိပ်အထဲကနေ အပြင်ကို ထွက်လာတော့ ပူပြင်းခြောက်သွေ့လှတဲ့ လေပူတွေဟာ ကျွန်ုပ်ရဲ့ ခန္ဓာကိုယ်ကို ထွေးပွေ့ပြီး စတင် မိတ်ဆက်လိုက်တော့တယ်။ ကျွန်ုပ်ရောက်လာတဲ့ အချိန်ကလည်း ဇွန်လ။ နွေရာသီ ပူပြင်းနေသေးတဲ့ အချိန်။
လေဆိပ်ကနေ တက္ကဆီကို စီးရင်း တိဗက်လူမျိုးတွေ နေထိုင်ကြတဲ့ ရပ်ကွက်က ဈေးသက်သာတဲ့ တည်းခိုခန်းကို ရောက်ခဲ့တယ်။ နောက်ရက်တွေမှာ ဒေလီ နွေရာသီရဲ့ ပူပြင်းတဲ့ ဒဏ်ကိုကြောက်လို့ အပြင်ကို မထွက်လို့လည်း မဖြစ်။ ကျောင်းအပ်ဖို့ ကိစ္စတွေက ရှိနေသေးတယ်လေ။
ကျောင်းအပ်ဖို့ အတွက် တက္ကသိုလ် ကျောင်းပရ၀ုဏ်ထဲကို ခြေလှမ်းလိုက်မိတော့ နွေရာသီ အပူဒဏ်ကို အံတုကာ စိမ်းစိုပြီး လန်းဆန်းနေကြတဲ့ သစ်ပင်ကြီးတွေ၊ ညီညာတဲ့ မြက်ခင်းပြင် ပန်းဥယျာဉ်လေးတွေရဲ့ အလယ်မှာ ပနံသင့်လိုက်တဲ့ ဒေလီတက္ကသိုလ် ကျောင်းတော်ကြီးကို မြင်လိုက်ရတယ်။


ပန်းဥယျာဉ် အထဲက ဗုဒ္ဓမြတ်စွာ
ထူးခြားတာလေး တစ်ခု တွေ့တာက ဘွဲ့နှင်းသဘင် ခန်းမကြီးရဲ့ အနီး ပန်းပေါင်းစုံ ပွင့်လန်းနေတဲ့ မြက်ခင်းပြင် အလယ်မှာ ဉာဏ်တော် အမြင့် ငါးပေခန့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ရှိနေတာပါပဲ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာအသင်းကနေ လှူဒါန်းထားတာ လို့ ကမ္မည်း ထိုးတာတယ်။ ဗုဒ္ဓရုပ်ပွားတော်ကို တည်ထားရတာက ငြိမ်းချမ်းရေးအတွက်ပါပဲ တဲ့။ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းရေးဘာသာ ဆိုပြီး ကမ္ဘာကလည်း ထောက်ခံထားတာပဲ မဟုတ်လား။
ပန်းမျိုးစုံ ဖူးပွင့်ဝေဆာနေပြီး သင်းရနံ့ မွှေးပျံ့နေတဲ့ နတ်ပြည်က နန္ဒ၀န်ဥယျာဉ်ကြီးရဲ့ အလယ်မှာ ဗုဒ္ဓမြတ်စွာကို ဖူးတွေ့လိုက်ရသလို ကြည်နူးမိပါလား လို့တောင် တင်စားပြီး ပြောလိုက်ချင်တယ်။ ဒေလီတက္ကသိုလ်နယ်မြေ အထဲမှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆင်းတုတော်တစ်ဆူ ရှိနေတာကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုတောင် ဂုဏ်ယူနေမိတာ။ ဗုဒ္ဓဘာသာ နိုင်ငံတချို့က ဘာသာရေး ဆုတောင်းပွဲတွေကို ဒီမြက်ခင်းပြင်မှာ လာလုပ်လေ့ ရှိကြတယ်။
ကျွန်ုပ်အတွက် ကျောင်းအပ်ဖို့ နိုင်ငံခြားသား ကျောင်းသားမှန်သမျှ သတင်းပို့ရတဲ့ Foreign Students Register Office (FSR) ရုံးကို ပထမဦးဆုံး သွားရတယ်။ FSR ရုံးရောက်တော့ နိုင်ငံခြားသား ကျောင်းသားတွေဟာ ကျောင်းအပ်ဖို့ တန်းစီစနစ်နဲ့ စောင့်နေရတော့တာပဲ။ FSR ရုံး ပြီးမှသာ မိမိတို့ သက်ဆိုင်ရာ ဘာသာရပ် ဌာနတွေကို ဆက်ပြီး သတင်းပို့ကြရတာ။FSR ရုံးက ရုံးသူ ရုံးသားတွေဟာ “Wait one minute” ဆိုတဲ့ စကားလုံးကိုတော့ အလွတ် ကျက်ထားသလားပဲ။ သူတို့ပြောတဲ့ “တစ်မိနစ်စောင့်” ဆိုတာက တစ်နာရီလောက်ကို ကြာတတ်တယ်။ “tomorrow” ဆိုတဲ့ ရုံးချိန်းကလည်း သိပ်ကို လွယ်ပါ့။ အဲဒါကတော့ အိန္ဒိယနိုင်ငံ ရုံးတွေရဲ့ ရိုးရာအစဉ်အလာ တစ်ခုပဲ တဲ့လေ။ ကျွန်ုပ်လည်း FSR ရုံးရဲ့ ကိစ္စတွေ အားလုံးပြီးတော့ Buddhist Studies Department ကိုသွား သတင်းပို့၊ သွင်းရမယ့် သင်တန်းကြေးတွေလည်း အပြီးပြတ်အောင် သွင်းပေးပြီးမှ ကျောင်းသား ဖြစ်သွားတော့တယ်။
ကျောင်းသားဖြစ်သွားတော့ ကိစ္စပြီးသလား ဆိုတော့ ရုံး တစ်ရုံးကို သွားဖို့ ကျန်နေပြန်ရော။ နိုင်ငံခြားသား မှန်သမျှ ခရီးသွား ဗီဇာ (Tour Visa) က လွဲပြီး ကျန်တဲ့ ဗီဇာတွေ အားလုံး သတင်းပို့ရမယ့် ရုံးတစ်ရုံးပေါ့။ အဲဒီရုံးက ပြည်ထဲရေးဝန်ကြီး လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးမှုးရုံး Foreigners Regional Registration Officer (FRRO) ရုံးလို့ ခေါ်ကြတယ်။
FRRO ရုံးမှာလည်း ထုံးစံအတိုင်း လူတန်းအရှည်ကြီး တန်းစီနေရတာပဲ။ အခြေအနေ မကောင်းရင် တစ်နေကုန်အထိ ရပ်ပြီး တန်းစီနေရတာ။ အဲဒီရုံးက ထုတ်ပေးတဲ့ စာအုပ် အစိမ်းရောင်လေးမှာ လ၀က အရာရှိ လက်မှတ်ထိုးပြီးမှသာ အိန္ဒိယမှာ တရားဝင် နေထိုင်ခွင့် ရသွားတော့တယ်။ တကယ်လို့သာ အိန္ဒိယကို ရောက်ပြီး (၁၄) ရက်ကျော်မှ FRRO ရုံးကို သတင်းပို့မယ် ဆိုရင်တော့ ဒါဏ်ငွေ ဆောင်ရဖို့တော့ သေချာပါတယ်။
အနည်းဆုံး (၃) ရက်ကြာ ရုံးကိစ္စတွေကို လုပ်ရတယ်။ တရုတ်စကားပုံ တစ်ခု ကြားဖူးတယ်။ ခရီးသွားခြင်းဟာ သည်းခံခြင်းကို မွေးဖွားစေတယ် တဲ့။ ကျွန်ုပ်ကတော့ အိန္ဒိယနိုင်ငံမှာ ရုံးတွေကို သွားရခြင်းဟာ သည်းခံခြင်းကို မွေးဖွားစေတယ် လို့တောင် တွေးမိလိုက်ပါရဲ့။ ကုသိုလ်ရတယ်လို့ပဲ မှတ်ရတာပေါ့။
ရုံးကိစ္စတစ်ခု ပြီးဖို့ ဆိုရင် အချိန်တော်တော် ပေးရတယ်။ ဒါပေမဲ့ ဒေလီမြို့က မြန်မာသံရုံးကို ရုံးကိစ္စနဲ့ ကျွန်ုပ် သွားတိုင်း ချက်ချင်း ကူညီပြီး လုပ်ပေးလိုက်တာချည်းပဲ။ အိန္ဒိယနိုင်ငံ ရုံးတွေကို သွားရာမှာ စိတ်ချမ်းသာစရာ ကောင်းတာကတော့ မြန်မာသံရုံးပါပဲ။ အိန္ဒိယမှာ ပညာသင်ယူနေကြတဲ့ ရဟန်းတော်တွေအတွက် ရုံးကိစ္စတွေကို အခက်အခဲ မရှိအောင် ကူညီပေးပါတယ်။ ဆွမ်းအချိန် ဆိုရင် ဆွမ်းတောင် ကပ်လိုက်သေးတယ်ဗျာ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ရတနာ သုံးပါးအပေါ် ကြည်ညိုတဲ့ စိတ်စေတနာတွေကိုတော့ လေးစားစရာပါ။


မိခင် မဟာဝိဇ္ဇာ ဌာနကြီးရဲ့ အရှေ့

ကျောင်းအပ်တဲ့ ကိစ္စတော့ ပြီးသွားတော့ နောက်ရက်တွေမှာ ကျောင်းတက်ရင်း သီတင်းသုံး နေထိုင်ဖို့ အတွက် အိမ်ပွဲစားတွေနဲ့ အတူ အိမ်ခန်း လိုက်ရှာရတော့တာပဲ။ တက္ကသိုလ်က အစိုးရအဆောင်တွေမှာ နေထိုင်ခွင့်ရဖို့က ကျောင်းသားအရေအတွက် များလွန်းလှတော့ သိပ်မလွယ်လှဘူး။ လောလောဆယ် နေထိုင်ဖို့အတွက် အိမ်ပွဲစားနဲ့ အိမ်ခန်း ရှာမှရတယ်။ ဘုန်းကြီးကျောင်း အဖြစ်နဲ့ သီတင်းသုံးဖို့ မိမိနဲ့ အဆင်ပြေတဲ့ အိမ်ခန်း ရပြီ ဆိုရင်တော့ စာချုပ်နဲ့ သေသေချာချာ လုပ်ပေတော့။ နို့မို့ရင်တော့လား ငွေရေးကြေးရေး ပြဿနာ ဖြစ်ရင် သူ့ဆီက ငွေကိုတော့ ပြန်ရမယ်လို့ စိတ်မကူးနဲ့တော့ဗျို့။ သူတို့လက်ထဲ ရောက်သွားပြီးတဲ့ ငွေဆိုရင်တော့ ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ရာ မလွယ် ရေးချ မလွယ်။
တစ်ခါတလေ အိမ်ပွဲစားတွေက လိမ်ညာပြီး ငွေလိမ်တောင်းတတ်လို့ ရန်ဖြစ်ရတဲ့ အခါလည်း ရှိသေး။ ဒါကြောင့် အိန္ဒိယမှာ ပညာလာသင်တဲ့ ကျွန်ုပ်ကတော့ ရန်ဖြစ်တဲ့ ပညာလည်း တတ်ရသေးတယ်။ သူတို့ကတော့ အလိမ်ပေါ်သွားလည်း မရှက်ကြတာကတော့ အမှန်ပါ။ ဟိရိ၊ သြတပ္ပတရားတွေ ဘယ်များ ရောက်နေကြပါလိမ့်။
နေရေးကိစ္စလည်း ပြီးရော စားသောက်ရေး ကဏ္ဍကလည်း ကျန်နေပါသေးလား။ ကျွန်ုပ် ငှားထားတဲ့ အိမ်ခန်းမှာ ချက်ပြုပ်ဖို့ အိုးခွက်၊ ပန်းကန်တွေ ၀ယ်ရတယ်။ ပန်းကန်ခွက်ယောက် ကတော့ အဆင်ပြေပြီ။ စဉ်းတီတုံး အတွက်ကတော့ အိန္ဒိယလူမျိုးတွေရဲ့ အဓိကအစားအစာ ချာပါတီ လုပ်တဲ့ သစ်သားတုံးလေး တွေ့တယ်။ သူတို့ကတော့ ချာပါတီ လုပ်။ ကျွန်ုပ်ကတော့ ခုတ်မယ့် ထစ်မယ့် အရာမှန်သမျှ ပါးပါးလှီးမယ့် စဉ်းတီတုံးလုပ်ပေါ့။
ချက်ပြုပ်ဖို့ မတတ်ပေမဲ့လည်း ထမင်းဟင်း ချက်တတ်အောင် လုပ်ရသေးတယ်။ ဆွမ်းကတော့ ချက်ရတာ လွယ်သား။ ဆွမ်းထမင်း ပေါင်းအိုးနဲ့ ချက်ရတာကိုး။ ဆွမ်းဟင်းကျတော့ ပြဿနာ တက်ပြီ။ ဟိုဟာထည့်၊ ဒီဟာထည့်နဲ့ ဆွမ်းဟင်းကို မြည်းကြည့်တော့ အရသာက ဘယ်ဟင်းနဲ့မှ မတူ တမူထူးခြား သွားတော့တယ်။ တမူထူးခြားတယ် ဆိုတော့ အရသာ သိပ်ကောင်းသွားတယ်လို့တော့ မထင်လိုက်နဲ့ဦးဗျို့။ အရသာက ဘယ်လို စိတ်ညစ်စရာ ကောင်းလောက်အောင် ပြောရမှန်းမသိအောင်ကို တမူထူးခြားသွားလွန်းလို့ ပြောတာ။ အင်းလေ ဘယ်လို အရသာပဲ ဖြစ်ဖြစ် ကျွန်ုပ်ကတော့ ဘုဉ်းပေးရမှာပဲ။ ငွေပေးပြီး ၀ယ်ထားရတာကိုး။
ကျွန်ုပ်ကြိုက်တဲ့ ငါးပိရည်ချိုကို ချက်လိုက်တော့ နံဘေးအခန်းက လူတွေ ငါးပိနံ့ မခံနိုင်လို့ အပြစ်တင် (Complain) လုပ်ကြတော့တာပဲ။ အဲဒီတော့ သူတို့နဲ့ အထိုက်အလျှောက် အဆင်ပြေအောင်တော့ နေရတာပေါ့။ ကျွန်ုပ်ကလည်း ကိုယ့် မြန်မာ အစားအစာလေးနဲ့မှ ၀မ်းဝတယ်လို့ ထင်တာလေ။
မြန်မာနိုင်ငံက ဒကာ၊ ဒကာမတွေက မေးကြတယ်။ အိန္ဒိယမှာ ဆွမ်းခံလို့ မရဘူးလား တဲ့။ ဘယ်ရပါလိမ့်မလဲ ဗျာ။ ကိုယ့်အား ကိုယ်ကိုး၊ ငွေပေး ရန်အေး စနစ် ဖြစ်နေတာ။ အိန္ဒိယမှာက ဗုဒ္ဓဘာသာဝင်တွေ ရှားပါးနေတာ။ ဘယ်လိုလုပ်ပြီး ဆွမ်းခံလို့ ရလိမ့်မယ်တုန်း။ အိန္ဒိယ ပညာတော်သင်က ဆွမ်းဟင်း၊ ဆွမ်းထမင်း ချက်တတ်တဲ့ ပညာကိုပါ ရသွားတော့တယ်။
တစ်ရက်တစ်ရက်နဲ့ ကျောင်းတက်လိုက် ဈေးသွားလိုက် ချက်ပြုတ်လိုက်နဲ့ ပဋိစ္စသမုပ္ပါဒ် ဖြစ်နေတော့တာပဲ။ နိုင်ငံခြားမှာ ပညာသင်ယူနေရတဲ့ စာသင်သားဘ၀ ကတော့ အိမ်မှုကိစ္စတွေကိုရော ဇယ်စက်သလို လုပ်နေရပါရောလား။ “ကိစ္စများမြောင် လူတို့ဘောင်” တဲ့။ အခုတော့ “ကိစ္စများမြောင် ရဟန်းဘောင်” ဖြစ်နေတော့တယ်။

အိန္ဒိယ အတွေးအခေါ် ပညာရှင် SWAMI VIVEKANANDA ရုပ်တု အနီး

ဒေလီမြို့ရဲ့ ပူပြင်းတဲ့ နွေရာသီဟာ ခန္ဓာကိုယ်တောင် အရည်ပျော်သွားမလား ထင်ရလောက်အောင်ကို ပူတာ။ ဆောင်းရာသီရောက်ရင်တော့ တစ်ကိုယ်လုံး ရေခဲဖြစ်သွားမလားတောင် ထင်မိတယ်။ အပူချိန်က နွေရာသီဆိုရင် 46ံC (114.8ံF) အထိ။ ဆောင်းရာသီ ဆိုရင်လည်း ရေခဲမှတ် နီးနီး 3ံC (37.4ံF) အထိ ရှိပြန်ရော။ နွေရာသီ ဆိုရင် အိန္ဒိယ အနောက်ဘက် သဲကန္တာရက အပူလှိုင်း လေပူတွေ တိုက်ပြီး၊ ဆောင်းရာသီဆိုရင် အိန္ဒိယမြောက်ဘက် ဟိမ၀န္တာတောင်တန်း ဒေသက အအေးလှိုင်း လေအေးတွေ ၀င်လာပြန်တယ်။ ပူလွန်း၊ အေးလွန်း အစွန်းရောက်လှတဲ့ မြို့မှာ နေရထိုင်ရတာ သိပ်တော့မလွယ်လှဘူး။
မိုးရာသီကတော့ တစ်ခါတလေ ရှိလို့ ရှိမှန်းကို မသိလိုက်။ ဒေလီက ကမ်းရိုးတန်း ဒေသမှမဟုတ်ဘဲ။ အလယ်ပိုင်း မြေပြန့်ဒေသ မိုးနည်းရပ်ဝန်း အထဲမှာ ပါနေတယ်။ ဒေလီရွှေမြို့တော်ကြီးရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးမှာ ပညာတွေ သင်ယူရင်း ရာသီဥတု နှိက်စက်တဲ့ ဒဏ်လည်းကိုလည်း ကြံ့ကြံ့ခံရသေးတယ်။
ဒေလီမြို့ဟာ အုပ်ချုပ်ရေးနဲ့ ပညာရေး မြို့တော် ဖြစ်တယ်။ ၁၈၀၃ ခုနှစ်မှာ ဒေလီမြို့ဟာ အင်္ဂလိပ် လက်အောက်ကို ရောက်ခဲ့ရတယ်။ ၁၉၁၁ ခုနှစ်ရောက်တော့ အင်္ဂလိပ် အစိုးရက ကာလကတ္တားမြို့ကနေ ဒေလီမြို့ကို အုပ်ချုပ်ရေး လုပ်ငန်းတွေ အားလုံး ပြောင်းခဲ့ပြီး အိန္ဒိယနိုင်ငံ မြို့တော် ဖြစ်အောင် လုပ်ခဲ့တယ်။ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်။
အိန္ဒိယနိုင်ငံကို home for Education လို့ တင်စားခေါ်ဝေါကြပါတယ်။ အကြောင်းကတော့ အိန္ဒိယနိုင်ငံမှာ နိုင်ငံတကာနဲ့ ဆက်သွယ်နိုင်သော University, College နဲ့ Institute အားလုံးပေါင်း ၂၀၀၀ ခုနှစ် စာရင်းအရ (၁၀,၁၅၀) ရှိပါတယ်။ အစိုးရကျောင်းများ အပါအ၀င် အစိုးရက တရားဝင် ခွင့်ပြုထားသော ပုဂ္ဂလိကကျောင်းများလည်း ပါဝင်ပါတယ်။ ကမ္ဘာမှာ တက္ကသိုလ်၊ ကောလိပ် အများဆုံး နိုင်ငံဖြစ်ပါတယ်။
ဒေလီတက္ကသိုလ်ကို ၁၉၂၂ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာပါ။ အိန္ဒိယ နိုင်ငံရဲ့ ပထမဦးဆုံး ကောလိပ်ကတော့ ၁၈၈၁ ခုနှစ်မှာ စတင်ခဲ့တဲ့ St. Stephens College ပါပဲ။ ဒေလီတက္ကသိုလ်ရဲ့ လက်အောက်မှာ ကျောင်းခွဲ ကောလိပ်ပေါင်း ၈၃ ခု ရှိတယ်။ ဒေလီတက္ကသိုလ် မဟာဌာန (Faculties) ၁၄ ခုရဲ့ အောက်မှာ ဌာနပေါင်း (၇၆) ခု ရှိတယ်။ ဒေလီတက္ကသိုလ်မှာ သင်ယူနိုင်တဲ့ ဘာသာရပ် အရေအတွက်ကတော့ (၄၅၁) ဘာသာရပ်အထိ ရှိပါတယ်။ ကျွန်ုပ် တက်ရောက်နေတဲ့ Buddhist Studies ဌာနကတော့ ၁၉၅၇ ခုနှစ်မှာ စတင်ခဲ့တာပါ။
ဌာနမှုးက ထေရ၀ါဒ ဆရာတော်ကြီး တစ်ပါးပါပဲ။ အဲဒီ ဆရာတော်ကြီးကတော့ အိန္ဒိယလူမျိုး၊ အိန္ဒိယ နိုင်ငံသားပါ။ မြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းတဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ကို လက်ခံရရှိပြီး ဖြစ်တဲ့ ဆရာတော်ကြီးပါ။ ကျောင်းတက်နေတဲ့ ရဟန်းတွေ၊ သီလရှင်တွေအတွက် ဆိုရင် အခက်အခဲ မရှိအောင် နိုင်တဲ့ဘက်ကနေ ဆရာတော်ကြီးက ကူညီဆောင်ရွက်ပေးတတ်တယ်။
ကျောင်းမှာ အတန်းက တစ်ပါတ်ကို (၆) ရက် တက်ရတာ။ တနင်္ဂနွေ တစ်ရက်ပဲ ပိတ်တယ်။ ကျွန်ုပ်တို့ Buddhist Studies ဌာနမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေကတော့ နိုင်ငံမျိုးစုံပါပဲ။ ထေရ၀ါဒရော မဟာယာနကပါ ရဟန်း၊ သီလရှင်တွေ စိတ်ပါဝင်စားစွာနဲ့ ပညာတွေ သင်ယူနေကြပါတယ်။ ရဟန်း၊ သီလရှင် မဟုတ်တဲ့ လူငယ်လေးတွေလည်း နိုင်ငံစုံက လာပြီး ဗုဒ္ဓဘာသာကို သင်ယူနေကြတယ်။ အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေလည်း တက်ရောက်ပြီး ပညာသင်ယူကြတယ်။
သင်္ကန်းကို ညီညာစွာရုံပြီး ကျောင်းတက်နေကြတဲ့ မြန်မာနိုင်ငံက ရဟန်းတော်တွေကို တက္ကသိုလ်က ဆရာတွေက တော်တော် လေးစားကြပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက ရဟန်းတော်တွေဟာ ငယ်ငယ်ကတည်းက စာသင်တိုက်တွေမှာ ပါဠိဘာသာကို အာဂုံဆောင် ကျက်မှတ်လာရတော့ ပါဠိနဲ့ ပတ်သက်လာရင်တော့ စာသင်ခန်းထဲမှာ ထိပ်ဆုံးကပါပဲ။
တက္ကသိုလ် ဆရာတွေကတော့ ဂရုတစိုက် ပညာသင်ပေးကြပါတယ်။ ဆရာ အများစုက ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာ စာပေပညာရပ်ကို စိတ်ဝင်တစား လေ့လာပြီး သင်ပေးကြပါတယ်။ ဆရာတွေကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ပေမဲ့လည်း ဗုဒ္ဓဘာသာကို သဘောကျ လေးစားကြတယ်။
ကျွန်ုပ် နှစ်သက်တဲ့ သင်ကြားမှုတွေကတော့ ဗုဒ္ဓရဲ့ တရားတော်တွေကို မျက်မှောက်ခေတ် ကာလ ခေတ်အမြင်နဲ့ ဆက်စပ်ပြီး အတွေးအခေါ် ပညာရပ်နဲ့ ပူးပေါင်းကာ ပုံဖော် သင်ကြားပေးတာကိုပါပဲ။ အဲဒါဟာ အနောက်နိုင်ငံတွေရဲ့ ပညာရေး စနစ်မှာ ကျင့်သုံးနေတဲ့ critical thinking နည်းစနစ်ပါပဲ။ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ အတွေးအခေါ် ပညာရပ်တွေကို တိုးတက်လာစေခဲ့တယ်။
သတ်မှတ်ထားတဲ့ စံနှုန်းထား ကန့်သတ်ဘောင်အထဲမှာ လွတ်လပ်စွာ တွေးခေါ်ပြီး နည်းစနစ် လမ်းမှန်နဲ့ အဖြေမှန်ကို ရှာဖွေ ဖော်ထုတ်ကြရတာဟာ အသိဉာဏ်ပညာကို ဖွံ့ဖြိုး တိုးတက်လာစေပါတယ်။
ဗုဒ္ဓတရားတော်တွေဟာ ယနေ့မျက်မှောက်ခေတ် လူသားကမ္ဘာကြီးရဲ့ နယ်ပယ်အသီးသီးမှာ ဘယ်လိုမျိုး အသုံးဝင်တယ် ဆိုတာ ဥပမာ၊ ဥပမေယျတွေနဲ့ ယှဉ်တွဲပြီး ရှင်းရှင်းလင်းလင်း သင်ယူခွင့်ရကြတယ်။ ဗုဒ္ဓအတွေးအခေါ် အယူဝါဒတွေကို တခြားဘာသာတွေရဲ့ အတွေးအခေါ် အယူဝါဒတွေနဲ့ နှိုင်းယှဉ်လေ့လာတဲ့ သင်ခန်းစာ (Comparative Studies) တွေကလည်း စိတ်ဝင်စားစရာ ကောင်းလှတယ်။
မြတ်ဗုဒ္ဓ ဒေသစာရီ ကြွချီပြီး သီတင်းသုံးနေထိုင်ခဲ့တဲ့ တိုင်းနိုင်ငံ၊ မြို့တွေကိုလေ့လာတဲ့ အခါမှာ ပထ၀ီသဘောတရားတွေ အခြေခံပြီး ရှေးဟောင်းသုတေသန အမြင်များနဲ့ တွဲဖက် လေ့လာရတယ်။ အဲဒီတော့ မဇ္ဈိမဒေသ တစ်ခုလုံးဟာ မြတ်စွာဘုရား သက်တော်ထင်ရှားရှိသကဲ့သို့ သက်ဝင်လှုပ်ရှားလာတော့ တယ်။
ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ မဟာယာန ဗုဒ္ဓဘာသာ သမိုင်းကြောင်းတွေ၊ ဂိုဏ်းဂဏတွေ အကြောင်း အကျယ်တ၀င့် သိခဲ့ရတယ်။ အိန္ဒိယနိုင်ငံကနေ အရှေ့တောင်အာရှ ဒေသကို ဗုဒ္ဓဘာသာ ပြန့်ပွားလာပုံတွေကို သင်ကြားတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ သမိုင်းကြောင်းကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာခဲ့ရတယ်။
ဗုဒ္ဓဘာသာကို မြန်မာတစ်နိုင်ငံလုံး ပြန့်ပွားအောင် လုပ်ပေးခဲ့တဲ့ ဘုရင်အနော်ရထာကို မြန်မာနိုင်ငံရဲ့ အသောက လို့တောင် တင်စားပြီး သမုတ်ထားတယ်။ မြန်မာဘုရင် အဆက်ဆက်ရဲ့ ဗုဒ္ဓသာသနာပြု လုပ်ငန်းတွေကို သင်ယူရတယ်။ စာသင်ခန်းထဲမှာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ဂုဏ်ဒြပ်ကို အလေးပေး သင်ကြားရတော့ မြန်မာရဟန်းတော် တစ်ပါး အနေနဲ့ ဂုဏ်ယူ ၀မ်းမြောက်နေမိတာတော့ အမှန်ပါပဲ။

အသောက ကျောက်စာ အက္ခရာ သရနှင့် ဗျည်းများ

အိန္ဒိယနိုင်ငံ ဗုဒ္ဓသာသနာပြု သမိုင်းမှာ အထင်ရှားဆုံး အသောကဘုရင် စိုက်ထူထားခဲ့တဲ့ ကျောက်စာတွေအကြောင်း လေ့လာသင်ကြားရတယ်။ အသောက ကျောက်စာတွေကို သင်ယူရင်း ရှေးအိန္ဒိယခေတ် အသောကဘုရင်ရဲ့ ပုံရိပ်တွေကိုလည်း တစ်လွှာချင်း တွေ့မြင်လာနိုင်ခဲ့တယ်။ အသောက ကျောက်စာ အက္ခရာ (Brāhmī Script) တွေကို လေ့လာရင်း ကျောက်စာပါ အက္ခရာတွေနဲ့ မြန်မာ အက္ခရာတွေရဲ့ ဆက်စပ်မှုတွေကို ရှာဖွေတွေ့ခဲ့ရတယ်။
အိန္ဒိယနိုင်ငံ စာပေ သမိုင်းကြောင်းတွေရဲ့ ဖြစ်ထွန်းမှု မူလဇစ်မြစ်ကို သင်ရတဲ့ အခါမှာ ယနေ့ခေတ်အထိ ပြောင်းလဲ တိုးတက်လာခဲ့တဲ့ ဘာသာစာပေတွေရဲ့ ယှက်နွယ်မှုတွေကို အချိတ်အဆက်မိမိ ဆက်သွယ်နိုင်ခဲ့တယ်။
အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓခေတ် မတိုင်မီကနေ ယနေ့ခေတ်ကာလအထိ ကိုးကွယ်မှုတွေ၊ ဘာသာအယူဝါဒတွေ အမျိုးမျိုး အစုံစုံအကြောင်း သင်ကြားရတာဟာ လူသားတွေရဲ့ ယုံကြည်မှုဆိုင်ရာ အယူဝါဒတွေ ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားတယ်။ အိန္ဒိယ ဇာတ်နိမ့်၊ ဇာတ်မြင့် ဇာတ်စနစ် အမျိုးအစားတွေကြောင့် လူတန်းစား ခွဲခြားမှုတွေရဲ့ အကျိုးဆက်တွေ အကြောင်း စိတ်ဝင်စားစွာ သင်ယူခွင့် ရရှိခဲ့တယ်။
ဗုဒ္ဓရုပ်ပွားတော်တွေ ဖြစ်ပေါ်လာမှု သမိုင်းကြောင်းကို သင်ကြားလိုက်ရတော့ ရှေးခေတ် အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကြည်ညိုလေးစားပုံတွေဟာ စံနမူနာ ယူရလောက်အောင် ချီးကျူးလေးစားမိတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၆၀၀ ၀န်းကျင်လောက်မှာ ဗုဒ္ဓနဲ့ တရားတော်တွေကို သင်္ကေတ အမျိုးမျိုးနဲ့ ပုံဖော်လာကြတယ်။
AD တစ်ရာစုမှာ စပြီးတော့ ဗုဒ္ဓရဲ့ ပုံတော်ကို ထုလုပ် ကိုးကွယ်လာကြတယ်။ အဓိက စတင်ခဲ့တဲ့ နေရာ နှစ်ခုကတော့ အိန္ဒိယအလယ် မြောက်ပိုင်းက မထုရာ (Mathura) ဒေသနဲ့ ရှေးအခါက ကန္တာရတိုင်း အဖြစ်နဲ့ တည်ရှိခဲ့တဲ့ အိန္ဒိယ မြောက်ပိုင်း ပန်ဂျပ် (Punjab) ပြည်နယ်နဲ့ ပါကစ္စတန် နိုင်ငံ ဒေသတွေပဲ ဖြစ်တယ်။ မထုရာ (Mathura) ဒေသက ရုပ်ပွားတော်တစ်ဆူမှာ ၈၁ AD ဆိုပြီး ရက်စွဲတံဆိပ် မှတ်သားထားတာ ရှိနေတယ်။ မထုရာ (Mathura) က ဒေလီမြို့ရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။
အဲဒီခေတ် ဗုဒ္ဓရုပ်ပွားတော်တွေ ပုံတော်တွေဟာ ရိုးရိုးရှင်းရှင်းနဲ့ မြင့်မြတ်တဲ့ လူသားအသွင် ရုပ်တုတော်တွေပဲ ဖြစ်တယ်။ အခုခေတ်မှသာ ပုံတော်တွေကို လောကီအစီအမံတွေ အမျိုးမျိုး စီရင်ပြီး လူတွေက ထုလုပ် ကိုးကွယ်လာကြတာပါ။
ကျွန်ုပ်ရဲ့ ပညာတော်သင် ကာလမှာ ရရှိခဲ့တဲ့ ပညာရပ်တွေဟာ တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေပါလားလို့ တွေးမိတယ်။ အတန်းထဲမှာ နိုင်ငံတကာ ကျောင်းသားတွေနဲ့ သိကျွမ်းခွင့်ရကြတော့ နိုင်ငံတကာအသီးသီးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကိုလည်း ရင်းနှီးခွင့် ရကြတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အိန္ဒိယ နိုင်ငံသား ကျောင်းသားတွေ Buddhist Studies ဌာနမှာ ဗုဒ္ဓဘာသာ အကြောင်း လေ့လာနေကြတာ ဘာကြောင့်လဲ လို့ ကျွန်ုပ်က မေးကြည့်တော့ ဗုဒ္ဓဘာသာဟာ အကြမ်းမဖက် (Non-Violence) တဲ့ ဘာသာ တဲ့။ ဒါကြောင့် သူတို့က စိတ်ဝင်စားလို့ လေ့လာကြတာ တဲ့လေ။
ဟုတ်ပါတယ်။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းရေး လမ်းစဉ်ကို တည်ထောင်ခဲ့ပြီး အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးကို ရအောင် တိုက်ယူခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ (Mahatma Gandhi) ဆိုရင် ဗုဒ္ဓရဲ့ တရားတော်တွေကို လိုက်နာကျင့်သုံးခဲ့တာ။ ဒေလီမြို့က ဂန္ဓီကြီး နေထိုင်ခဲ့တဲ့ အိမ်ကို ပြတိုက်လုပ်ထားတော့ အဲဒီမှာ ဗုဒ္ဓရဲ့ တရားတော်တွေကို တော်တော်များများ ဖော်ပြထားတာကို တွေ့ခဲ့ရတယ်။ ဂန္ဓီကြီးအိမ် နောက်ဘက် မြက်ခင်းက ဘာသာရေး ၀တ်ပြုတဲ့ နေရာမှာဆိုရင် ဗုဒ္ဓဘုရားရဲ့ ရုပ်ပုံတော်တွေကို တွေ့ရတယ်။
အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဖြစ်ခဲ့ဖူးတဲ့ ဂျဝါဟာလာ နေရူး (Jawahar Lal Nehru) ဟာ ဗုဒ္ဓရဲ့ တရားတော်တွေနဲ့ စိမ်းနေခဲ့သူ မဟုတ်ပေဘူး။ Uttar Pradesh (UP) ပြည်နယ်၊ Allahabad ခရိုင်၊ Allahabad မြို့မှာ ရှိတဲ့ နေရူးရဲ့ အိမ် ပြတိုက်မှာ နေရူးဟာ ဗုဒ္ဓရုပ်ပွားတော်တွေကို ရိုသေလေးစားစွာ ကိုးကွယ်ခဲ့တယ်။
အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ် အုပ်ချုပ်ရေး စနစ်တုန်းက နေရူးဟာ ထောင်နှစ်ကြိမ်ကျခဲ့တယ်။ ထောင်ကျနေစဉ် ထောင်ထဲမှာ စိတ်အေးချမ်းမှု ရစေဖို့ အေးချမ်းလှတဲ့ ဗုဒ္ဓပုံတော်ကို ကိုးကွယ်ပူဇော်ခဲ့တယ်။ ဗုဒ္ဓရဲ့ တရားတော်တွေဟာ လူသားတွေကို စိတ်အေးချမ်းမှု၊ ဒုက္ခတွေရဲ့ လွတ်မြောက်မှုကို ပေးတဲ့ အတွက်ကြောင့် ဗုဒ္ဓဘာသာ မဟုတ်တဲ့ ဘာသာခြားတွေတောင် ယုံကြည်လေးစား ခဲ့ကြရတယ်။
ပညာသင်ယူရင်း အိန္ဒိယနိုင်ငံမှာ နှစ်အနည်းငယ်ကြာ နေလာမိတော့လည်း နိုင်ငံအနှံ့ ခရီးထွက်ရင်း ဒေသန္တရ ဗဟုသုတတွေ မျိုးစုံအောင် ရရှိပါတယ်။ ယုံကြည်ကိုးကွယ်မှု အယူအဆ၊ ဘာသာ ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာ၊ စရိုက်အထွေထွေ မြောက်များစွာ ရောပြွမ်းနေတဲ့ အိန္ဒိယနိုင်ငံမှာ လေ့လာစရာ အကြောင်းအရာ ခေါင်းစဉ်တွေကတော့ ရှုပ်ထွေး များပြားလွန်းလှပါတယ်။
လမ်းနံဘေးမှာ မတ်တတ်ရပ်ပြီး အပေါ့အပါး သွားနေကြတဲ့ အိန္ဒိယ အမျိုးသားတွေကို တော်တော် များများတွေ့ရတော့ အထူးအဆန်းကို ဖြစ်ခဲ့ရတယ်။ လူမြင်ကွင်း ဖြစ်နေတယ် ဆိုပေမဲ့ သူတို့အတွက် ကတော့ မဆန်းတော့ဘူးလေ။ နယ်ဘက် ကျေးရွာတွေမှာ ဆိုရင် အကာအကွယ် မရှိတဲ့ လမ်းနံဘေး မစင်စွန့်နေတာတွေကိုလည်း ရိုးရာဓလေ့ထုံးတမ်း ခေါင်းစဉ်အောက်မှာ ထည့်ရမလိုလိုပါပဲ။ အဲဒီ လူမျိုးတွေရဲ့ စရိုက်တစ်ခုပေပဲလား။
ဈေးဆိုင်တွေမှာ ဈေးဝယ်တဲ့ အခါမှာ ဆိုင်မှာ ဈေးဝယ်ရင် ဆိုင်ရှင် မျက်နှာက တစ်မျိုး၊ မ၀ယ်တော့ရင် မျက်နှာက တစ်မျိုး ရုပ်ပြောင်းရုပ်လွှဲ မြန်တတ်တဲ့ လူမျိုးတွေရဲ့ ဆက်ဆံပုံကိုလည်း ရင်ဆိုင်ရတယ်။ အကူအညီပေးတတ်တဲ့ လူတွေကတော့ ရှိတော့ ရှိတယ် တော်တော်ရှာယူရပါတယ်။ ကိုယ်ချင်းစာတရားနဲ့ သူတစ်ပါးကို သနားတတ်တဲ့ မြန်မာတွေရဲ့ စိတ်ဓာတ်က အိန္ဒိယမှာ တစ်ခါတလေ ဖီလာဆန့်ကျင် ဖြစ်နေတတ်တယ်။
ရှေးပဝေသဏီ အစဉ်အဆက်ကတည်းက အတ္တ၀ါဒ ကြီးစိုးခဲ့တဲ့ နေရာတွေမှာ မြတ်စွာဘုရားက အနတ္တတရားကို ဖော်ထုတ်ပြီး ဟောပြခဲ့ပေမဲ့လည်း အနတ္တကို လက်ခံကျင့်သုံးသူသာလျှင် ကျွတ်တန်းဝင်ခဲ့ကြရတယ်။ သံသရာလည်နေဦးမယ့် လူတွေအတွက်ကတော့ အတ္တကို ဘုရားတစ်ဆူအဖြစ်နဲ့ ကိုးကွယ်နေကြဦးမှာပဲ။ အတ္တ ဆိုတဲ့ ငါ ဟာ ကိုယ့်အကျိုးပဲ ကြည့်တတ်လို့ သူတစ်ပါးအတွက် ဆိုရင် ကိုယ်ချင်းစာတရား မထားပေးနိုင်တဲ့ စိတ်ဓာတ်တွေ ရှင်သန်ခဲ့ရတယ်။ ဒါကြောင့် အကျင့်စရိုက်၊ စိတ်ဓာတ်နဲ့ အမူအယာတွေဟာ မကောင်းတဲ့ဘက်ကိုပဲ ဦးတည်လာတော့တယ်။
ရောမရောက်ရင် ရောမလို ကျင့်ရမယ် ဆိုတဲ့ စကားပုံ ရှိနေပေမဲ့လည်း ရောမရဲ့ မကောင်းတဲ့ အမူအကျင့်တွေ၊ မကောင်းတဲ့ စိတ်ဓာတ်တွေကိုတော့ အတုမယူမိဖို့တော့ သိပ်ကို သတိထားရမယ်။
“When in Rome, do as the Romans do”.
အဲဒါကို ဒီလို မှတ်သားထားရမယ်။
“When in Rome, do not as the Romans who have inferior characters do”

အထီးကျန်နေတဲ့ ကုန်းတော် သတိပဌာန်

အမှန်တော့ ဒေလီမြို့ဟာ ဗုဒ္ဓသမိုင်းကြောင်းနဲ့ နီးကပ်စွာ တည်ရှိနေတာပါ။
မြတ်စွာဘုရား လက်ထက်တော်က ဆိုရင် ကုရုတိုင်း၊ ကမ္မာသဓမ္မ အမည်ရှိတဲ့ ရွာငယ်လေးတစ်ရွာ ရှိခဲ့တယ်။ သတ္တ၀ါတို့၏ စိတ် စင်ကြယ်ရန်၊ စိုးရိမ်ခြင်း ငိုကြွေးခြင်းတို့ လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်၊ အရိယမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသောလမ်း ဖြစ်တဲ့ သတိပဌာန်တရား လေးပါးကို ကမ္မာသဓမ္မရွာလေးမှာ ဟောတော်မူခဲ့တယ်။
အဲဒီ ကမ္မာသဓမ္မရွာလေးကတော့ အခုခေတ် အချိန်ကာလမှာ အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီမြို့ ဖြစ်နေပြီလေ။ မြတ်စွာဘုရား သတိပဌာန်တရား ဟောသွားတဲ့ နေရာ ဖြစ်တဲ့အကြောင်း အသောကဘုရင်က ကျောက်သားပြင်ပေါ်မှာ ကျောက်စာ ရေးထိုးထားပြီး သမိုင်းပုံရိပ်ကို မှတ်တမ်းတင် ချန်ထားခဲ့တယ်။ အိန္ဒိယအစိုးရက မဟာသတိပဌာန်ကုန်း ဆိုပြီး ရှေးဟောင်း နယ်မြေအဖြစ် သတ်မှတ်ထားတယ်။
ကျွန်ုပ် မဟာသတိပဌာန်ကုန်းကို ရောက်သွားရင် စဉ်းစားမိတာလေး တစ်ခုက။ မြတ်စွာဘုရားဟာ ဒီ ကမ္မာသဓမ္မရွာလေးမှာ သတိပဌာန် တရားတော်တွေကို ဟောကြားခဲ့တာကို ထောက်ချင့်ကြည့်ရင် ဒီရွာသားတွေရဲ့ အသိဉာဏ်တွေဟာ မြင့်မားနေတဲ့ သဘောရှိတယ်။ အဲဒီတုန်းကဆိုရင် ဒီရွာမှာ သတိပဌာန် တရားတွေ ကျင့်ကြံအားထုတ်ရင်း ကိလေသာမီးတွေကို ငြိမ်းသတ်နေတဲ့ လူတွေအများကြီး ရှိနေကြမှာပဲ။ မြတ်စွာဘုရား သက်တော်ထင်ရှားခေတ် လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကျော်က အလွန် အေးချမ်းလိုက်မယ့် ကမ္မာသဓမ္မရွာလေး လို့ ပုံဖော်ပြီး လှမ်းကြည့်မိတယ်။
အခုခေတ်မှာ ဒေလီမြို့ မဟာသတိပဌာန် ကုန်းပေါ်ကနေ နံဘေး ၀ဲယာကို လှည့်ပတ် ကြည့်လိုက်တော့ ပြည့်ညှပ် ပြွတ်သိပ်နေတဲ့ တိုက်တာ အဆောက်အဦးတွေနဲ့ မွန်းကြပ်နေပါရောလား။ မော်တော်ယာဉ်ပေါင်းစုံရဲ့ ဆူညံသံတွေ၊ ဖောင်းပွနေတဲ့ လေထုညစ်ညမ်းမှုတွေ၊ လူးလားခေါက်ပြန် တိုးကြိတ် သွားလာနေကြတဲ့ လူအုပ်ကြီးတွေဟာ ပတ်ချာလည် နေရာယူနေကြပြီကော။ ဟိုး ယခင်က သတိပဌာန်တရားတော်ကို စတင် ပေါက်ဖွားခဲ့တဲ့ နေရာ၊ အေးချမ်းခဲ့တဲ့ နေရာမှာ အခုတော့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာမီးတွေနဲ့ ပြည့်နှက်နေတဲ့ မြို့ပြတစ်ခု ဖြစ်နေပြီလေ။
အခု အဲဒီ သတိပဌာန်ကုန်း တစ်ဝိုက်မှာ နေထိုင်နေကြတဲ့ လူတွေဟာ သတိပဌာန်တရား ဆိုတာ ဘာမှန်းမသိကြတော့တဲ့ လူတွေ ဖြစ်နေတော့တယ်။ ကမ္ဘာမှာ လူဦးရေ ဒုတိယ အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ လူဦးရေ သန်းပေါင်း ၁၂၀၀ ကျော်အထဲမှာ ၂၀၀၁ ခုနှစ် သန်းခေါင်းစာရင်းအရ ၁၄ သန်းနီးပါး ဖြစ်နေတဲ့ ဒေလီမြို့ကြီးဟာ ဗုဒ္ဓရဲ့ သတိပဌာန်တရားတော်တွေကို နာယူခွင့် ကျင့်ကြံခွင့်တွေ ဆုံးရှုံးနေကြပြီလေ။
ဟိုးအတိတ် တစ်ချိန်က သတိပဌာန်တရားတော်တွေ ပွင့်လန်းခဲ့တဲ့ ကုန်းမြေမြတ်မဟာမှာ အခုတော့ ကျောက်သား၊ ကျောက်တုံးကြီးတွေကပဲ သူတို့ရဲ့ သမိုင်းကြောင်းကို သက်သေအဖြစ် ပြောပြနေရင်း အထီးကျန် ဖြစ်နေတော့တာပါလား။
အင်း… ဂင်္ဂါမြစ်ကြီးရဲ့ ညီတော်တစ်ပါးဖြစ်တဲ့ ယမုံနာမြစ်တောင် ဒေလီမြို့ရဲ့ အရှေ့ဘက်မှာ ဣနြေ္ဒရှိရှိ တသွင်သွင် စီးဆင်းနေရင်း တိမ်ကောလာနေ ပြီပဲကိုး…
ဘာသာဓလေ့ထုံးတမ်း၊ အမူအကျင့် စရိုက်မျိုးစုံ၊ လူမျိုး အဖုံဖုံ၊ အခက်အခဲ အသွယ်သွယ် ကြားထဲမှာ လျှောက်လှမ်းရင်း ပညာသင်ယူခဲ့ရတဲ့ ကျွန်ုပ်ကတော့ဖြင့် ဒေလီတက္ကသိုလ်က ရရှိခဲ့တဲ့ ပညာရပ်တွေ၊ အတွေးအခေါ်တွေ၊ အိန္ဒိယနိုင်ငံတစ်ဝှမ်းရဲ့ အတွေ့အကြုံ ဗဟုသုတများစွာတို့ကို ထွေးပိုက် မှတ်တမ်းတင်ရင်း အမိမြန်မာပြည်ကို ကျေးဇူးဆပ်ဖို့ ပြန်ရတော့မယ့် ရက်တွေကိုပဲ ရေတွက်နေမိပါတော့တယ်…..



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP