*ဖတ်မိသောဆောင်းပါးလေး*

13.1.2010 ထုတ် Weekly Eleven ဂျာနယ်မှပါတဲ့ဆောင်းပါးရှင် လူထုစိန်ဝင်း ရေးသားသော
“ရယ်စရာတွေများပြီးဟာသရှားတယ်”ဆိုတဲ့ဆောင်းပါးလေးကိုသူငယ်ချင်းတို့အားပြန်လည်မျှ
ဝေလိုက်ခြင်းဖြစ်ပါတယ်။
*ရယ်စရာတွေများပြီးဟာသရှားတယ်*
လူတွေကိုငိုအောင်လုပ်ဖို့လွယ်သလောက်ရယ်အောင်လုပ်ဖို့ ခက်ပါတယ်။စာပေမှာလည်းအလွမ်း
ဝတ္တု၊ အချစ်ဝတ္တုရေးတာက ဟာသ၀တ္တုရေးရတာထက်ပိုလွယ်ပါတယ်။ဟာသအတတ်ပညာကိုအ
ဆင့်မြင့် ပညာရပ်တစ်ခု အဖြစ်တောင် သတ်မှတ်ကြပါတယ်။နိုင်ငံတကာမှာလည်း လူပြတ်တို့၊လူ
ရွင်တော်တို့ပေါပေမယ့်ဟာသပညာရှင်ရှားပါတယ်။စာပေမှာလည်းဟာသစာပေရှားပါတယ်။ရယ်
စရာစာတွေသာများတာပါ။
သမားစဉ်ကျင့်ဝတ်ရှိတယ်
မြန်မာနိုင်ငံမှာလည်း ရယ်စရာစာအုပ်တွေများပေမယ့် ဟာသစာပေ ရှားသထက်ရှားလာပါတယ်။
ဒီနှစ်အတွင်းမှာရယ်စရာစာအုပ်တွေနဲ့ရယ်စရာရုပ်ရှင်၊ဗီဒီယိုတွေအထွက်များတာကိုကြည့်ပြီးဟာ
သပညာ ထွန်းကားတယ်လို့တော့မဆိုနိုင်ပါဘူး။သတိထားမိသလောက် အများစုက ဟာသပညာ
လို့ပြောဖို့ခက်တာမျိုးတွေဖြစ်ပါတယ်။ရယ်စရာအဆင့်တောင်မရှိတဲ့ဗရုတ်သုက္ခတွေလည်းတွေ့
ရပါတယ်။တချို့ဆိုမလှောင်အပ်မပြောင်အပ်တာတွေကိုတောင် စောင့်စည်းရမှန်းမသိဘဲသရော်
လှောင်ပြောင်ပြကြတာတွေ့ရပါတယ်။လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာချို့ယွင်းချက်တစ်ခုခုကိုဘယ်
တော့မှမလှောင်ရ၊မပြောင်ရဆိုတဲ့ရှေးသမားစဉ်ကျင့်ဝတ်ရှိပါတယ်။မျက်စိတစ်လုံးပျက်နေသူကို
“ဟဲ့ငကန်း” လို့ခေါ်တာမျိုး၊ခြေတစ်ဖက်ဆာနေသူကို “ငကျိုး” လို့ခေါ်တာမျိုး မလုပ်အပ်ပါဘူး။ဒီ
ခေတ်မှာတော့သိပ်ပြီးမစောင့်စည်းကြတော့တာသတိထားမိပါတယ်။
မျက်နှာပူရမယ့်ကိစ္စတွေ
ဒါထက်ဆိုးတဲ့မလှောင်အပ်၊မပြောင်အပ်တဲ့ကိစ္စဆိုရင်ရယ်စရာ၊ စာတိုင်းလိုလို၊ ရုပ်ရှင်တိုင်းလိုလို
မှာကိုမြင်တွေ့နေရပါတယ်။အဲဒါကတော့“ခယ်မနဲ့ခဲအို”ကိစ္စနဲ့“ယောက္ခမနဲ့သမက်”ကိစ္စများကို
ရယ်စရာလိုလို၊အတည်လိုလိုနဲ့ပြောဆိုရေးသားနေကြတာဖြစ်တယ်။မိသားစုတိုင်းမှာခယ်မနဲ့ခဲအို
ရှိကြပါတယ်။အရင်းမရှိတောင် တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ၊ရှိကြပါတယ်။မြန်မာဓလေ့အတိုင်းမိဘအိမ်
မှာ တစ်စုတစ်ဝေးနေလေ့ရှိပါတယ်။ခယ်မနဲ့ ခဲအိုကို ရယ်စရာသမားတိုင်းက တွဲပြီးပြတ်လုံးထုတ်
လေ့ရှိပါတယ်။တစ်အိမ်တည်းအတူုနေကြရတဲ့ခယ်မနဲ့ခဲအိုတွေဘယ်လောက်အနေခက်ကြမလဲ။
တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်မျက်နှာပူလိုက်ကြမလဲစဉ်းစားကြည့်သင့်ကြပါတယ်။
ခယ်မကိုကြံတဲ့ခဲအိုမရှိဘူးလို့မပြောပါဘူး။ရှိနိုင်ပါတယ်။ဒါပေမယ့်လူတိုင်းတော့ အဲဒီလိုအကျင့်
ပျက်နေကြတာမဟုတ်ပါဘူး။ဖြစ်တတ်တဲ့ဓမ္မတာသဘောဆိုပေမယ့်ဒီကိစ္စမျိုးကသမီးရှင်တွေတိုး
တိုးတိတ်တိတ်ကျိတ်ပြီးဆုံးမရမယ့်ကိစ္စပါ။
အဂါရ၀တွေ
နောက်တစ်မျိုးက“ယောက္ခမနဲ့သမက်”ကိစ္စ။တချို့သမက်နဲ့ယောက္ခမဘုကျတဲ့အကြောင်းရယ်စ
ရာလုပ်တယ်။တချို့က ယောက္ခမဆိုးနဲ့ သမက်အကြောင်း ရယ်စရာလုပ်တယ်။ ရယ်စရာလုပ်ရင်း
လွန်ကဲပြီးလူကြီးသူမများကို“အဂါရ၀”စော်ကားမော်ကားပြုမူပြောဆိုတာတွေအများကြီးပါလာကြ
ပါတယ်လောကမှာမကောင်းတဲ့ယောက္ခမရှိသလို၊ဆိုးသွမ်းမိုက်မဲတဲ့သမက်တွေလည်းရှိတာပါပဲ။
ဘာပဲဖြစ်ဖြစ် ယောက္ခမဆိုတာ ကိုယ့်ဇနီးရဲ့ မိဘဖြစ်တယ်။ကိုယ့်မိဘကို ကိုယ်လေးစားသလို သူ
လည်းသူ့မိဘကိုလေးစားမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ရှိရပါမယ်။ကိုယ်အကြောင်းနဲ့ကိုယ်မလေး
စားနိုင်ရင်တောင်စော်ကားမော်ကားတော့မလုပ်ပါနဲ့။ပြက်ချော်ချော်နဲ့သရော်လှောင်ပြောင်လည်း
မလုပ်ပါနဲ့။ရိုင်းစိုင်းတဲ့အမူအယာ၊ အပြောအဆိုတွေ မပါဘဲနဲ့ ရယ်အောင်လုပ်နိုင်မှ ဟာသပညာ
ခေါ်နိုင်ပါတယ်။
ဝေါဟာရကြွယ်ပါတယ်
“အောက်ပိုင်းပါမှရယ်ရတယ်” ဆိုတဲ့အယူအဆကို ဒီခေတ်ပညာတတ် လူငယ်လေးတွေခေတ်မှာ
လုံးဝစွန့်လိုက်ကြသင့်ပါပြီ။ရှေးကလိုမှောင်ထဲကနေပွဲကြည့်၊ရုပ်ရှင်ကြည့်တဲ့ခေတ်မဟုတ်တော့
ဘူး။ဧည့်ခန်းထဲက မီးရောင်အောက်မှာ အဖိုးအဖွားရော၊ မြေးလေးတွေရော၊အိမ်ရှိလူကုန်ဝိုင်းထိုင်
ပြီးရုပ်မြင်သံကြားကြည့်တဲ့ခေတ်ပါ။မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရမိဘနဲ့သားသမီး၊မောင်နဲ့
နှမ ခဲအိုနဲ့ ခယ်မ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ဝံ့အောင် မလုပ်သင့်ပါဘူး။ မြန်မာစ
ကားဝေါဟာရအင်မတန်ကြွယ်ပါတယ်။ယဉ်ယဉ်ကလေးနဲ့ လူတစ်ယောက်ငိုအောင် ပြောလို့ရသ
လိုရယ်အောင်လည်း ပြောလို့ရပါတယ်။ခေတ်ကြီး တိုးတက်လာတာနဲ့အမျှ လူ့လောကကြီးဟာ
လည်းပိုပိုပြီးရှုပ်ထွေးပွေလီလာပါတယ်။အဲဒီတော့လှောင်စရာပြောင်စရာရယ်သွမ်းသွေးစရာကိစ္စ
တွေလည်းအများကြီးရှိလာပါတယ်။အောက်ပိုင်းကိစ္စတွေမပါဘဲနဲ့ ရယ်အောင်လုပ်စရာတွေများမှ
များပါပဲ။
ဟာသဥာဏ်ရွင်တဲ့လူမျိုး
ခေတ်ကတက်သုက်ရိုက်အမြန်ခေတ်ဆိုတော့ လူတိုင်းဖတ်ဖတ်မော လှုပ်ရှားရုန်းကန် နေကြရပါ
တယ်။စိတ်ညစ်စရာတွေလည်းများပါတယ်။အဲဒီတော့ မွန်းကျပ်မှုတွေပြေလျော့စေဖို့ဟာသကိုပို
ပြီးလိုအပ်လာပါတယ်။မြန်မာလူမျိုးဟာ ဗီဇကို ဟာသဥာဏ်ရွင်တဲ့လူမျိုးဖြစ်တယ်။ဘယ်လိုဒုက္ခမျိုး
ကြုံကြုံ ရယ်သွမ်းပြီး ဖြေဖျောက်ပစ်ဖို့ဝန်မလေးကြဘူး။ဒါကြောင်လည်း အနောက်နိုင်ငံတွေမှာလို
စိတ်ရောဂါကု ဆရာဝန်တွေ များများစားစားလိုအပ်မနေတာလို့ထင်ပါတယ်။လူတိုင်းမှာ ဟာသအ
ခြေခံရှိကြလေတော့တော်ရုံတန်ရုံပြက်လုံးမျိုးမတိုးနိုင်ဘူး။ဟာသစာရေးဆရာတွေနဲ့လူရွင်တော်
တွေကြိုးစားနိုင်လွန်းမှပရိသတ်ကလက်ခံတာ။နောက်ပြီးတော့မြန်မာလူမျိုးတို့ရဲ့ ဓလေ့စရိုက်နဲ့
ယဉ်ကျေးမှုကအနောက်တိုင်းနဲ့မတူတာတွေအများကြီးရှိတယ်။ဒီခေတ်အနောက်တိုင်းကလူတွေ
ကလွတ်လပ်ခွင့်ကိုအကြွမ်းမဲ့၊အကန့်အသတ်မဲ့အသုံးချတာကိုသိပ်ဦးစားပေးကြတယ်။
ပွင့်လင်းတိုင်းမကောင်း
မြန်မာ့လူ့အဖွဲ့အစည်းကတော့မပြုအပ်၊ မမြင်အပ်တဲ့ကိစ္စ၊မကြားဝံ့မနာသာကိစ္စဆိုတာမျိုးတွေ
ဆိုစောင့်ထိန်းကြတယ်။လုပ်ချင်တိုင်း မလုပ်ဘူး။လူကြီးသူမ များကိုလည်း နတ်နေကိုင်းချန်သလို၊
ဝေဖန်ပုတ်ခတ်တာ၊သရော်လှောင်ပြောင်တာမလုပ်ဘဲချန်လှပ်ထားလေ့ရှိတယ်။စောင့်ထိန်းသင့်
တာစောင့်ထိန်း ၊ချုပ်တီးသင့်တာ ချုပ်တီးတာမျိုးကိုမြန်မာလူမျိုးက ယဉ်ကျေးမှုလို့ သဘောထား
တယ်။လောကမှာလူမြင်၊ သူမြင်မပြုအပ်တဲ့ ကိစ္စတွေနဲ့ လူကြားသူကြားမပြောအပ်တဲ့စကားတွေ
ကိုလည်းရှောင်ကြဉ်ကြတယ် ပွင့်လင်းလွတ်လပ်မှုကို နေရာတိုင်းကျင့်သုံးလို့မဖြစ်ဘူးလို့ယူဆကြ
တယ်။အနောက်ယဉ်ကျေးမှုကပွင့်လင်းလွတ်လပ်မှုအလေးထားတာလွန်ကဲပြီးနေရာတိုင်း“ဒါလူ့
သဘာဝပဲ”ဆိုပြီးထိန်းချုပ်မှုနည်းနည်းမှလုပ်ချင်ကြတာမဟုတ်ဘူး။
မေတ္တာရပ်ခံချက်
အခြေခံယဉ်ကျေးမှုစံနှုန်းတွေနဲ့တန်ဖိုးထားမှုတွေက အများကြီးကွာခြားလွန်းတော့ နေရာတကာ
မှာအနောက်ရဲ့ပုံစံတွေကို အတုယူပြီးလုပ်လို့၊ ပြောလို့မဖြစ်နိုင်ဘူး။အဲဒါကြောင့် ရယ်စရာရေးတဲ့
သူတွေ ရယ်စရာလုပ်ပြသူတွေအနေနဲ့လည်း မမြင်အပ်၊ မကြားအပ်တဲ့ကိစ္စ၊ မပြုအပ်တဲ့ ကိစ္စမျိုး
တွေကိုရှောင်ရှားပြီး မောင်နဲ့နှမ၊ သားနဲ့အမိ အတူဝိုင်းထိုင်ပြီးရဲရဲကြည့်နိုင်တဲ့ရယ်စရာတွေပဲဖန်
တီးကြပါလို့မေတ္တာရပ်ခံလိုက်ချင်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

0 comments:
Post a Comment