* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 13, 2010

ပိဋက နိဒါန်း ဟူသာ် အဘယ်နည်း (သို့) ပိဋက သုံးပုံ ဖြစ်ပေါ်လာပုံအကြောင်းကား အဘယ်နည်း

ပိဋက နိဒါန်း ( သို့) ပိဋက သုံးပုံ ဖြစ်ပေါ်လာပုံအကြောင်း

သဗ္ဗေညုတ ဥာဏ်တော်ကြီးဖြင့် လေးဆယ့်ငါးဝါတို့ကာလပတ်လုံး ဟောကြားပညတ်တော်မူခဲ့သည့် ''သုတ်၊ အဘိဓမ္မာ၊ ၀ိနည်း'' တရားတို့ကို

''အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလ္လာန်၊ အရှင်မဟာကဿပ ၊ အရှင်ဥပါလိ ၊ အရှင်အနုရုဒ္ဓါ ၊ အရှင် အာနန္ဒာ'' စသော ထိပ်ခေါင်တင် မထေရ်ကျော်ကြီး တို့သည်

မြတ်စွာဘုရားထံတော်မှ ကြားနာခြင်း၊ သင်ယူခြင်းတို့ဖြင့်၎င်း ၊ မရှင်းလင်းသည့် အချက်အလက်တို့ကို မေးမြန်းခြင်း ၊ဆွေးနွေးခြင်းတို့ဖြင့်၎င်း ကိုယ်တိုင်ကိုယ်ကျ စနစ်တကျ သင်ယူမှတ်သား ဆောင်ယူခဲ့ကြပါသည် ၊ ''အာစရိယ ပရမ္ပရသိဿာနုသိဿ '' ဟုဆိုအပ်သော ဆရာစဉ်ဆက် ၊ တပြည့်စဉ်ဆက် တို့ကိုလည်း ( မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ပင်လျှင် ) မပျက်မကွက် အစဉ်အဆက် ဆင့်ပွားပို့ချ သင်ယူတော်မူစေခဲ့ပါသည်၊ ထိုပို့ချ သင်ယူသမျှ အားလုံးတို့ကိုလည်း မြတ်စွာဘုရားထံလျောက်ထား၍ အတည်ပြုချက်ရယူတော် မူခဲ့ကြပါသည်၊

ထို့ကြောင့် ပဌမ သံဃာယနာတွင်'' အရှင်မဟာကဿပ မထေရ် ''၏ စိစစ်မေးမြန်းချက်တို့ကို ''အရှင်ဥပါလိ'' နှင့် ''အရှင်အာနန္ဒာ မထေရ် ''တို့က

'' ဘဂ၀တော ၊ မြတ်စွာဘုရား၏ ။ သမ္မုခါ ၊ မျက်မှောက်တော်မှ ။

ဧ၀ံ ၊ ဤသို့ ။

သုတံ ၊ ကြားနာလိုက်ရပါ၏ ။

ဥပလက္ခိတံ ၊ မှတ်သားလိုက်ရပါ၏ ။

ဥပဓာရိတံ ၊ ဆောင်ထားလိုက်ရပါ၏ ။ '' ဟူ၍ ရဲဝံ့ ပြတ်သားစွာ လျောက်ထား ဖြေကြားနိုင်ခဲ့ ကြခြင်း ဖြစ်ပါသည်။

'' သုတ် ၊ အဘိဓမ္မာ ၊ ၀ိနည်းတရားတော်''တို့ကို မြတ်စွာဘုရား ဟောကြား ပညတ်တော်မူရာတွင် အဘိဓမ္မာတရားတော်ကိုသာ ဒေသနက္ကမ (ဟောစဉ်) အဖြစ် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကဌာ ၊ ပုဂ္ဂလပညတ်၊ ယမိုက် ၊ ပဌာန်းဟူ၍
အစဉ်အတိုင်းဟောတော်မူခဲ့သော်လည်း ''သုတ်တရားနှင့် ၀ိနည်းတရားတော်'' တို့ကိုမူ '' ပုဂ္ဂိုလ် ၏ အဇ္ဈသယ နှင့် ဖြစ်ပေါ်လာသော လွန်ကြူးမှု အားလျော်စွာသာ အခြေအနေပေါ်မူတည်၍'' ဟောကြားပညတ်တော် မူခဲ့ပါသည်၊ ဆိုလိုသည်မှာ သုတ်တရားနှင့် ၀ိနည်းတရားတို့ကို ယခုကျမ်းစာအုပ်များတွင် မြင်တွေ့သင်ကြားနေရသောအစဉ်အတိုင်း ပညတ်တော်မူခဲ့သည်မဟုတ်ဘဲ ဒေသနာတော်တို့ကို တရားနာပုဂ္ဂိုလ် ၏ အလိုဆန္ဒ စရိုက်နှင့် ကိုက်ညီအောင် ၊ ၀ိနည်း ပညတ်ချက်တို့ဖြစ်ပေါ်လာသော ကျူးလွန်မှုနှင့် သင့်လျော်အောင်သာ အခြေအနေပေါ်မူတည်၍ ဟောကြားပညတ်ခဲ့သည် ဟု ဆိုလိုပါသည်။

မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် သုံးလစေ့မြောက်သော ''မဟာသက္ကရာဇ် ၁၄၈ ခု၊ ၀ါခေါင်လပြည့် ကျော် ၁ ရက်နေ့''တွင် အရှင်မဟာ ကဿပမထေရ်မြတ်ကြီး အမှုးအမှူးရှိသော ပဋိသမ္ဘိဒါပတ္တဆဠာဘိညရဟန္တာ အရှင်မြတ်ကြီး ငါးရာ တို့ ( ပဌမ) သံဂါယနာတင်တော်မူကြရာတွင်

ရှေးဦးစွာ'' ၀ိနည်းတရားတော် ''ကို အစီအစဉ်ကျနအောင် စီစဉ်၍ သံဂါယနာတင် အတည်ပြုတော်မူကြပါသည်။
ထို့နောက် ''သုတ္တန် တရားတော်'' ကို အစီအစဉ်ကျနအောင် စီစဉ်၍ သံဂါယနာတင် အတည်ပြုတော်မူကြပါသည်။
ထို့နောက်'' အဘိဓမ္မာ တရားတော်'' ကို အစီအစဉ်ကျနအောင် စီစဉ်၍ သံဂါယနာတင် အတည်ပြုတော်မူကြပါသည်။

ထို ၀ိနည်း တရားတော် အစုကို '' ၀ိနယ ပိဋက '' ဟူ၍ လည်းကောင်း၊
အဘိဓမ္မာ တရားတော် အစုကို '' အဘိဓမ္မာ ပိဋက '' ဟူ၍ လည်းကောင်း၊
သုတ္တန် တရားတော် အစုကို '' သုတ္တန္တ ပိဋက'' ဟူ၍ လည်းကောင်း၊ အသီးသီး တသန့်စီ ခွဲခြား ဝေဘန်၍
စုပေါင်း သံဂါယနာတင် အတည်ပြုတော်မူကြပါသည်။

ထို ''ပဌမ သံဂါယနာ '' မှ စ၍ '' ၀ိနယ ပိဋက ''၊ '' သုတ္တန္တ ပိဋက'' ၊ ''အဘိဓမ္မာ ပိဋက '' ဟူ၍ လည်းကောင်း၊
ထို ပိဋက သုံးမျိုးကိုပင်ပေါင်းစု၍ '' တိပိဋက ( ပိဋက သုံးပုံ) ''ဟူ၍လည်းကောင်း သတ်မှတ်ခေါ်တွင် ထင်ရှားခဲ့ပါသည်။

အချုပ် ဆိုရသော်'' ၀ိနည်း၊ သုတ်၊ အဘိဓမ္မာ ''ဟု ဆိုအပ်သော '' ဓမ္မခန္ဓာ'' ( တရားတော် အစုအပေါင်း) တို့ကို အရှင်မြတ်ကြီးတို့ကိုယ်တော်တိုင် မြတ်စွာ ဘုရားထံတော်မှ နာယူသင်ကြား မှတ်သားဆောင်ယူ၍ အစဉ်အဆက် သင်ကြားပို့ချ ဆောင်ယူတော်မူခဲ့ကြပါသည်။

မြတ်စွာဘုရား လွန်တော်မူသော အခါ ကိုယ်စားတော်ထားရစ်ခဲ့သော ဓမ္မခန္ဓာတို့ကို'' ပဌမ သဂါယနာ''တင်၍ အတည်ပြုတော်မူကြပြီး သင်ကြားမှတ်သားဆောင်ယူရာ၌ အစီအစဉ်ကျန၍ လွယ်ကူစေရန်'' ၀ိနယပိဋက ၊ သုတ္တန္တပိဋက၊ အဘိဓမ္မာပိဋက'' ဟူ၍ သုံးမျိုး ၊ သုံးပိုင်း ၊ သုံးပုံ ခွဲဝေကာ သတ်မှတ်အတည်ပြုတော်မူခဲ့ကြပါသည်။

ဤသည်လျှင် ပိဋက နိဒါန်း ( ပိဋကသုံးပုံ ဖြစ်ပေါ်လာပုံ အကြောင်း) အကျဉ်းချုပ် ဖြစ်ပါသည်။

မင်းမဟော် ရေးသား ပူဇော်ပါသည်။
ကျမ်းကိုး
ပိဋက ဗျူဟာ အဖွဲ့ မှ ဓမ္မဒါနပြုသော ၁၉၇၇ ခုနှစ် ၊ အောက်တိုဘာလ ထုတ်
ကလျာဏီကျောက်စာ မြန်မာပြန် စာအုပ် စာမျက်နှာ ၁၂၄-၁၂၅-၁၂၆-၁၂၇ မှ ကူးယူ ဖော်ပြပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP