* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 13, 2010

ဘုရားဥပဒေများကို ခေတ်ကာလအရ ပြောင်းလဲလို့ရပါသလား

အမေး။ ။အခြေခံဥပေဒတွေဟာ ခေတ်ကာလနဲ့ မညီရင် ပြုပြင်လို့ရပါတယ်ဘုရား၊ ဘုရားဥပေဒတော်များကိုလဲ ခေတ်ကာလအရ ပြောင်းလဲသင့် ရင် ပြောင်းလဲလို့ရပါသလားဘုရား။ သင်္ဂါယနာတင်တာနဲ့ အခု The world Buddhist summit နဲ့ အတူတူပါလားဆိုတာ သိချင်ပါတယ်ဘုရား။
မောင်ဇော်မျိုး(Activator)
ရန်ကုန်

အဖြေ။ ။မေးခွန်းမေးထားတာက (က) ခေတ်ကာလအရ ဘုရာဥပဒေကို ပြောင်းလဲသင့်ပါသလား။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ အတူတူ လား ဆိုတဲ့မေးခွန် နှစ်ခုဖြစ်ပါတယ်။ ဒါကို အစဉ်အတိုင်းပဲ ပြောပါမယ်။
(က) အခြေခံဥပဒေတွေက ခေတ်ကလာအလိုက် အဆင်မပြေရင် ပြောင်းလဲလို့ ရတယ်ဆိုပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကို ပြောင်းလဲလို့လဲ မရပါဘူး၊ ပြောင်းလဲပိုင်ခွင့်လဲ ဘယ်သူ့မှာမှ မရှိပါဘူး။ ဘုရာရှင်ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က အရှင်အာနန္ဒာအား “ချစ်သားအာနန္ဒာ…ငါဘုရာကွယ်လွန်တဲ့အခါ အသေးအနုပ်သိက္ခာပုဒ်များကို ပယ်နှုတ်လိုခဲ့သော် ပယ်နှုတ်လေလော့” လို့ မိန့်တော်မူခဲ့တယ်။ (မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၇၇)
ဒီလိုမိန့်တော်မူခဲ့ပေမဲ့ အရှင်မဟာကဿပစတဲ့ မဟာသ၀ကကြီးများအစထားလို့ သံဃာအားလုံးက ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်း မပြုခဲ့ပါ။ ယနေ့အထိတိုင်အောင်လဲ ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်းများကို မပြုလုပ်ခဲ့ပါ။ ပထမသင်္ဂါယနာမှ ဆဋ္ဌမသင်္ဂါယနာတိုင်အောင် သံဃာထေရ်ကြီးများ အဆက်ဆက် အသက်စွန့်ကာ ထိန်းသိမ်းလာခဲ့ကြတာပါ။
“၀ိနည်းသည် သာသနာအသက်” ဆိုတဲ့အတိုင်း ဘုရားဥပဒေတော်ဆိုတဲ့ ၀ိနည်းတည်ရှိနေသမျှကာလပတ်လုံး သာသနာတော်ကြီး တည်မြဲနေမှာပါ။ ဒါကြောင့် ခေတ်ကာလများ ဘယ်လောက်ပဲ ပြောင်းလဲပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကြီးကတော့ ပြောင်းလဲသင့်တဲ့အချိန်ဆိုတာ ရှိလာမှာမဟုတ်သလို ဘယ်တော့မှလဲ ပြောင်းလဲမှာ မဟုတ်ပါဘူး။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ တူပါသလားဆိုတော့ မတူပါဘူးလို့ပဲ ပြောပါရစေ… မတူကြောင်းကို ရှင်းပါအုံးမယ်။
သင်္ဂါယနာဆိုတာ= အညီအညွတ်ရွတ်ဆိုခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ နားလည်အောင် ပထမသင်္ဂါယနတင်တဲ့အနေအထားလေးကို ပြောပါ့မယ်။ သင်္ဂါယနာတင်ရာမှာ ဦးစီးတော်မူတဲ့ ရှင်မဟာကဿပမထေရ်က ၀ိနည်းသိက္ခာပုဒ်များဖြစ်ပေါ်လာပုံ သိက္ခာပုဒ်ပညတ်ရာ တိုင်းပြည်၊မြို့ ၊ အပြစ်ကျုးလွန်တဲ့ပုဂ္ဂိုလ်၊ အာပတ်သင့်မှု မသင့်မှု အသေးစိတ် မေးစိစစ်တော်မူပါတယ်။ မေးတိုင်းပြဿနာများကို ၀ိနည်းဧတဒဂ်ရ အရှင်ဥပါလိ မထေရ်က ရှင်းလင်းပြတ်သားစွာ ဖြေကြားတော်မူပါတယ်။ ဒီလိုအမေးအဖြေပြုပြီး သံဃာအားလုံးက သဘောတူညီတဲ့အခါ ရဟန္တာ မထေရ် ငါးရာတို့က သံပြိုင်ရွတ်ဆိုကာ အတည်ပြုလက်ခံတော်မူကြပါတယ်။ ဒီလိုပါပဲ ကျန်တဲ့သိက္ခာ ပုဒ်များ၊ သုတ္တန်၊အဘိဓမ္မာပိုင်းဆိုင်ရာ မှာဆိုရင်လဲ အရှင်အာနန္ဒာက ဖြေကြားတော်မူပါတယ်။ သံဃာအား လုံးကသဘော တူညီတဲ့အခါ ရဟန္တာမထေရ် ငါးရာတို့က စုပေါင်းသံပြိုင်ရွတ်ဆို တော်မူကြပါတယ်။ ဒါကိုပဲ “သင်္ဂါယနာတင်တယ်” လို့ခေါ်ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကတော့ သင်္ဂါယနာမှာလို သံဃာတော်အများက သုတ်၊၀ိနည်း၊ အဘိဓမ္မာများကို စုပေါင်းရွတ်ဆိုတာမရှိ ပါဘူး။ အချို့က ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ သင်္ဂါယနာတင်တာလို့ မသိဘဲပြောဆိုနေကြပါတယ်။ မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဒါပေမဲ့ ညီလာခံရဲ့ရည်ရွယ်ချက်ကတော့ အလွန်ကောင်းပါတယ်။ ဒီညီလာခံအကြောင်းသိရအောင် (intention of Buddhist summit) ညီလာခံရဲ့ ရည်ရွယ်ချက်ကို အများသိဖို့ ဖေါ်ပြပေးလိုက် ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံရဲ့ ရည်ရွယ်ချက်(၅)ခုရှိပါတယ်။
(၁) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သော နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ထွန်းကား လာစေရန်။
(၂) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုနဲ့ လိုက်နာကျင့်သုံးမှုတို့ကို ဗုဒ္ဓဘာသာအချင်းချင်း ထိန်းသိမ်းစောင့်ရှောက်ရန်။
(၃) ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပရိယတ္တိကို အခြေခံတဲ့ ဗုဒ္ဓဘာသာပညာရေး ထွန်းကားပြန့်ပွားစေရန်။
(၄) ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးဖြစ်ထွန်း အကျိုးပြုစေရန်အတွက် ဗုဒ္ဓဘာသာရှုထောင့်က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရန်။
(၅) ဗုဒ္ဓရဲ့တရားဓမ္မများ မူရင်းမပျက် နိုင်ငံတကာသို့ ထွန်းကားပျံ့ပွားစေရန် တို့ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP