ရေတော်ဆရာတော်ဈာပန ဖိတ်ကြားလွှာ
မန္တလေးမြို့မှာ မဟာမြတ်မုနိမြတ်စွာဘုရားကြီးက မန်းသူမန်းသားတွေရဲ့ အဖိုးမဖြတ်နိုင်လောက်တဲ့ အားထားရာ ကိုးကွယ်ရာ ကြည်ညိုရာ အတုမရှိမြတ်စွာဘုရားကြီးပါ။ အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြတဲ့ ခရီးသွားများကလဲ မန္တလေးကိုရောက်ရင် ဘုရားကြီးကို ဦးညွတ်ရှိခိုးပူဇော်ကြမြဲပါ။ သင်္ကြန်လို ရာသီပွဲတွေကျင်းပတဲ့အခါ၊ အလှူပွဲတွေလှည့်တဲ့အခါတွေမှာ ဘုရားကြီးကို ပူဇော်ရှိခိုးဦးတိုက်ကြတာ မန်းသူမန်းသားတွေရဲ့ မွန်မြတ်လှတဲ့ အလေ့အထတစ်ခုပါ။ ကျွန်တော်ကိုယ်တိုင်လဲ ညနေတိုင်းဘုရားမျက်နှာတော်ကိုသွားရောက်ဖူးမျှော် ကြည်ညိုပါတယ်။ ဘုရားအရိပ်မှာ ခိုလှုံခွင့်ရတဲ့ အတွက်လဲ ၀မ်းသာကြည်နူးမိပါတယ်။
ဇန်န၀ါရီလ ၁ ရက်နေ့ ညနေပိုင်းလောက်မှာ ၀မ်းနည်းစရာသတင်းတစ်ခုက တစ်မြို့လုံးမှာ ချက်ချင်းပျံ့သွားပါတယ်။ မဟာမုနိဘုရားကြီးရဲ့ ဝေယျာဝစ္စတွေကို နေ့စဉ်အလုပ်အကျွေးပြုနေတဲ့ ရေတော်ဆရာတော်ဘုရား ပျံလွန်တော်မူပြီ ဆိုတဲ့ သတင်းပါပဲ။ မနက်တိုင်း ညတိုင်း မဟာမုနိဘုရားကြီးမျက်နှာတော်သစ် ဆွမ်းကပ် ဆီမီးပူဇော် ရေတော် ပန်းတော်ကပ် အစရှိတဲ့ ဝေယျာဝစ္စ အလုပ်အကျွေးပြုပေးနေတဲ့ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီ။ ၂၂နှစ်ကြာမြင့်အောင် နေ့စဉ်နေ့တိုင်း ၀တ္တရားမပျက် ကိုယ့်အကျိုးစီးပွားအတွက်မဟုတ်ဘဲ၊ ဘာမျှော်လင့်ချက်မှမပါဘဲ ဘုရားအလုပ်အကျွေးပြုပေးနေရှာတဲ့ မန်းသူမန်းသားတို့ ကိုးကွယ်ရာ ဆရာတော်ဘုရားကြီး သက်တော် ၇၅၊ ၀ါတော် ၅၅ မှာပဲ ဘ၀နတ်ထံပျံလွန်တော်မူပြီ။
ဆရာတော်ပူဇော်ပွဲအတွက် အရှေ့ ၄၅တာကွင်းမှာ တရားပွဲတွေကျင်းပတဲ့အခါမှာ ဆရာတော် အရှင်ဉာဏိဿရ က ရေတော်ဆရာတော်သာ နောက် ၃နှစ်လောက် အသက်ရှည်မယ်ဆိုရင် မြတ်စွာဘုရားကို အရှင်အာနန္ဒာ အလုပ်အကျွေးပြုခဲ့တဲ့ ၂၅နှစ်ဆိုတဲ့ သက်တမ်းကို မှီသွားမှာပဲလို့ ထည့်သွင်းဟောကြားတော်မူခဲ့ပါတယ်။ ဆရာတော် အရှင်ဉာဏိဿရ ထည့်သွင်းပြောကြားသွားတာ တစ်ခုကို ကျွန်တော်တို့ မန်းသူမန်းသားတွေ စိတ်မကောင်းဖြစ်မိပါတယ်။
“ဟာ…. ဘုန်းကြီးဒီလောက်လေးဆိုပြလိုက်ရင် ပရိတ်သတ်ရိပ်မိတယ်.. သတင်းကြားတယ်.. ရေဒီယိုကလွှင့်သလား.. သတင်းစာကပါသလား.. ဘုန်းကြီးတို့တော့ အဲဒါတွေမရဘူး တယ်လီဖုန်းရတယ်.. ရေတော်ဆရာတော်ကြီး ပျံတော်မူသွားပြီ.. ဟာ.. ဒီလိုဖြစ်ကြတယ်.. ဟာ.. ဆရာတော်ကြီးတစ်ပါးပျံလွန်တော်မူသွားပြီ.. ဒီလိုဖြစ်ကြတယ်”
မြန်မာနိုင်ငံက ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံပါ။ ဒီလိုသတင်းမျိုးကို ထည့်သွင်းကြေငြာသင့်ပါတယ်။
ဆရာတော်ရဲ့ ဈာပနကို ပြာသိုလကွယ်နေ့(ဇန်န၀ါရီလ ၁၄ရက်) ဘုရားကြီးအရှေ့၄၅တာကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အနယ်အနယ်အရပ်ရပ်က ပြည်သူပြည်သားတွေ ဆရာတော်ကိုနောက်ဆုံးအနေနဲ့ လာရောက်ဖူးမျှော် ကြည်ညိုချင်ကြသူတွေကို မန်းသူမန်းသားတွေကိုယ်စား ကျွန်တော်က ဖိတ်ကြားအပ်ပါတယ်။ ရေတော်ဆရာတော်ဘုရားကြီး ရောက်ရာဘုံမှာ အေးချမ်းသာယာရှိပါစေလို့ လေးနက်စွာ မေတ္တာပို့သအပ်ပါသည်ဘုရား…………………

0 comments:
Post a Comment