ထေရိကာ ထေရီ အပိုင်း-၂
ဝေသာလီပြည်သို့ မြတ်စွာဘုရား ကြွလာတော် မူသောအခါ ထေရိကာသည် မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် ရဟန်းမိန်းမ ပြုလိုသောကြောင့် လင်ယောင်္ကျားထံ ခွင့်တောင်းလေသည်။ သို့ရာတွင် လင်ယောင်္ကျားက ခွင့်မပေးသည့်အတွက် ထေရိကာမှာ အိမ်၌နေလျက်ပင် ရုပ်နာမ်တို့ကို သိမ်းဆည်း၍ ဝိပဿနာ ပွားများနေလေ့ ရှိပေသည်။
တစ်နေ့သောအခါ ထမင်းချက်သော မီးဖို၌ ဟင်းရွက်တို့ကို ချက် ကြော်ရာတွင် မီးပူလောင်သော ထင်းမီးဖြင့် ဟင်းရွက်တို့ ညှိုးနွမ်း ကြေကျက်သွားသည်ကို မြင်ပေသည်။ ဤတွင် ဖြစ်ခြင်း ပျက်ခြင်း သဘော ထင်မြင်၍ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်တို့ကို တဏှာမခြားဘဲ ပစ္စဝေက္ခဏာမျှ ခြားလျက် မဂ်သုံးပါးကို တစ်ဆက်တည်း ရလေသတည်း။
အနာဂါမ်တည်ပြီးသော ထေရိကာ မင်းသမီးသည် ကာမရာဂ ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်စွန့်ခြင်း ရှိရကား မိမိကိုယ်၌ လှပစွာ တန်ဆာဆင်ခြင်း၊ နံ့သာလိမ်းခြင်း၊ ပန်းပန်ခြင်း အလျှင်းမပြုတော့ချေ။ ဤသည်ကို လင်ဖြစ်သော မင်းသာက စူးစမ်းသည်။
“ရှင်မ၊ အဝတ်တန်ဆာ နံ့သာပန်းပန် မလိမ်းကျံဘဲ အဘယ်ကြောင့် နေသနည်း”
“အရှင့်သား၊ အနာဂါမိဖိုလ်၌ တည်သော အနာဂါမ် အရိယာ မည်သည် လူတို့ အသုံးအဆောင် ဖြစ်သော ကာမဂုဏ်ဖြင့် ပျော်မြူးခြင်းငှာ မလျောက်ပတ် မလိုလားတော့၍ ဖြစ်ပေသည်”
ယင်းစကားကို ကြားရသော မင်းသားသည် ဓမ္မဒိန္နာအား ဝိသာခသူကြွယ်က ရွှေထမ်းစင်ဖြင့် တင်၍ ကျောင်းပို့သည့်နည်းတူ ခတ္တိယမင်းသားလည်း ထေရိကာ မင်းသမီးအား ရွှေထမ်းစင်ဖြင့် တင်၍ ဂေါတမီ ဘိက္ခုနီ အရှင်မကြီးထံသို့ ပို့ပေးလေသည်။ ထေရိကာမှာ အနာဂါမ်တည်ပြီးသဖြင့် သိက္ခာမာန် အကျင့်ကို မကျင့်စေဘဲ ရဟန်းအဖြစ်ကို ပြုစေကာ မြတ်စွာဘုရား ထံတော်သို့ ပို့ပေးကြသည်။ ထေရိကာ ဘိက္ခုနီမသည် တင့်အပ် လျှောက်ပတ်သော နေရာတွင် နေ၍ မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးလျက် မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏။
“ထေရိကာမည်သော ချစ်သမီး၊ အဝတ်သင်္ကန်းဖြင့် ခေါင်းမြီးခြုံ၍ ချမ်းချမ်းသာသာ အိပ်ကာသာ နေလေတော့။ သင် ချစ်သမီးအား ကာမ လောင်ညီး ရာဂမီးသည် ဟင်းအိုး၌ ချက်ကြော်၍ ခြောက်သော ဟင်းရွက်ကဲ့သို့ ငြိမ်ပြီးသည်သာတည်း။ လင်ကိစ္စ သားကိစ္စ ကြောင့်ကြ ပူဆာ ဗျာပါသောက ငြိမ်းအေးလှ၍ ဘာတစ်ခုမျှ ပူစရာ မလိုတော့ပြီ”
ဤသို့ ဟောတော်မူသောအဆုံး၌ ထေရိကာ ဘိက္ခုနီသည် ပဋိသမ္ဘိဒါ လေးပါး အဘိညာဉ် ခြောက်ပါးဖြင့် ပြည့်စုံသော ရဟန္တာ အဖြစ်သို့ ရောက်တော်မူလေ၏။
(ထေရိကာ ထေရီ အပိုင်း-၃ နိဂုံး အားဆက်တင်ပါမည်)

0 comments:
Post a Comment