* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 13, 2010

များခွင့်ရှိတုန်းများထားရမယ့် နေ့များ

တက္ကသိုလ်ဒုတိယအဓိပတိလားမားကြီး ဒေါက်တာဂီရှီ င၀န် ဆန်တဲင်
(၁)

စောစီးစွာ အိပ်ရာနိုးထလာခဲ့သည်။မျက်နှာသစ်ရန်ရေးချိုးခန်းသို့သွားမှ ရေမလာသေးကြောင်းသိရသည်။ ဆွာဆတိကအိမ်တွင် ရဟန်းတော်ငါးပါးစုပေါင်းနေထိုင်ကြသည်။ အိပ်သာနှင့် ရေချိုးခန်းတစ်ခုတည်းကို ငါးပါးဝေငှသုံးစွဲရခြင်းဖြစ်၏။ ရေက စည်ပင်ဆပ်ပလိုင်းဖြစ်သည်။ မနက်တစ်ကြိမ်သာ ရေလာသည်။ ရေလာသည့်အခိုက် မော်တာနှင့် ရေစင်ပေါ်သို့ စုပ်တင်ထားနိုင်ပါမှ တစ်နေ့တာ သုံးစွဲလောက်သည်။

ကံဆိုးချင်တော့ မော်တာပျက်နေသည်မှာ လေးငါးရက်ခန့်ရှိပြီ။ ဆပ်ပလိုင်းရေက မျက်နှာသစ်ဖို့နှင့် ချက်ပြုတ်ရေးအတွက်သာ လုံလောက်သည်။ ရေချိုးမည်ဆိုလျှင်တော့ နီးစပ်ရာအဆောင်ဆောင်အခန်းခန်းသို့သာ ကြွပေရော။ သူသည်လည်း မူလလက်ဟောင်း ကိုးန၀င်းဆောင်သို့ ပြန်ကွေ့ရပြန်သည်။ ကိုးန၀င်းဆောင်နှင့် ဆွာဆတိကအိမ်က လမ်းကလေးသာခြားသည်။

မျက်နှာသစ်ဖို့တော့ ရေလာအောင်စောင့်ရချေဦးမည်။နာရီကြည့်လိုက်တော့ ၅း၀၅ နာရီ ။ ယနေ့သင်မည့် သင်ခန်းစာအချို့ကို တော့ ညကတည်းက ကြိုတင်လမ်းကြောင်းပြီးပြီမို့ နောက်ထပ်ပြန်ကြည့်ဖို့မလိုတော့။ ပို့ချနေကျပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေသင်တန်းအပြင် အင်္ဂလိပ်စာရေးသားမှုအထောက်အကူပြုစေမည့် သဒ္ဒါဝါကျဖွဲ့ထုံးများအတွက် တစ်ချိန်ထပ်တိုးဖို့ သင်တန်းသားများက တောင်းဆိုထားသည်။

သင်တန်းချိန်က နှစ်ကြိမ်ဖြစ်သွားမည်။
နံနက် ၀၈း၀၀ မှ ၀၈း၄၅ နာရီအထိ =ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေသင်တန်း
နံနက် ၀၉း၀၀ မှ ၀၉း၄၅ နာရီအထိ=သဒ္ဒါဝါကျဖွဲ့ထုံးဆိုင်ရာအင်္ဂလိပ်စာသင်တန်း

ယမန်နေ့ကတော့ အမေရိကားရောက်နာမည်ကျော်ဝတ္ထုတိုအရေးကောင်းသောစာရေးဆရာမနှင့် အွန်လိုင်းပေါ်မှာတွေ့သည်။ သူမ၏ သတင်းသေတ္တာ(message box)လေးထဲမှာ အလုပ်များနေသည်(busy)ဟု အနီရောင်စာတမ်းလေးပြထားသည်။ ပုဗ္ဗဘာသီ(ဦးစွာနှုတ်ဆက်တတ်သူ)ဂုဏ်ရှင်ဗုဒ္ဓ၏ သားတော်တစ်ပါးအနေဖြင့် သူတစ်ပါးနှုတ်မဆက်ခင် ကိုယ်ကဦးအောင်နှုတ်ဆက်ရသောထုံးစံအတိုင်း “ ဟိုင်း ဒကာမကြီးအလုပ်တွေများနေပါသလား ” ဟု အင်တာခေါက်လိုက်သောအခါ “မှန်ပါ့ တကယ့်ကို များနေတာပါဘုရား”တဲ့။

သူက “ဒကာမကြီးရေ များခွင့်ရှိတုန်း များထား” ဟု ပြန်လိုက်သည်ကို တွေးပြုံးမိသည်။
ဟုတ်ပ များခွင့်ရှိလို့များရတာပေပဲ။ မည်သည့်အတွက် မည်သူ့အတွက်အလုပ်များနေသလဲဆိုတဲ့အပေါ်မှာ တန်ဖိုးကွာခြားသွားတာပဲ ဖြစ်ပေမည်။ အ၀န်းအ၀ိုင်းအကျဉ်းအကျယ်ကို အကဲဖြတ်ကာ မှတ်ကျောက်တင်ရခြင်းဖြစ်ပေမည်။

(၂)

ဗုဒ္ဓအရှင်၏ စရိယသုံးပါးကျင့်စဉ်ဆိုသည်မှာ အလုပ်များခြင်းကို ရည်ညွှန်းထားခြင်းပင် ဖြစ်သည်။
မိမိနှင့် မိမိအသိုင်းအ၀ိုင်းလေးအတွက်အလုပ်များနေသလား။
အမျိုးဘာသာသာသနာအ၀န်းအ၀ိုင်းအတွက်အလုပ်များနေသလား။
ကမ္ဘာမြေတစ်ခုလုံးအတွက် အလုပ်များနေသလား။

တစ်ခုခုအတွက်တော့ အလုပ်များနေရပေမည်။ အပြစ်ကင်းသောအလုပ်၊ကုသိုလ်ဖြစ်သောအလုပ်။
အေးချမ်းသောအလုပ်၊ဗြဟ္မစိုရ်နံ့သင်းသောအလုပ်ဖြစ်ဖို့သာ ရွေးချယ်ရမည်။
အလုပ်ထဲမှာ အနစ်နာခံခြင်းတွေ သိပ်သည်းစွာ ထည့်သွင်းလေလေ၊ အလုပ်က လှပလေလေဖြစ်သည်။ အဓိပ္ပါယ်ရှိသော“အလုပ်များခွင့်ရခြင်း”ဆိုသည်လည်း ထူးသောအခွင့်အရေးတစ်ရပ်သာဖြစ်သည်။
သူကတော့ ထိုထူးမြတ်သောအခွင့်အရေးများကို အရယူဖို့စိတ်စောနေခဲ့လေသည်။
၂၀၁၀ ပြည့်နှစ်ကိုလည်း သူက အလုပ်ဖြင့် ကြိုဆိုခဲ့လေသည်။

ယမန်နေ့က တိဘက်တန်တက္ကသိုလ် ဒုတိယအဓိပတိရုံးခန်းသို့ ကြွလာဖို့ ဖုန်းဝင်လာသည်။ ညနေ ၀၃း၀၀ နာရီတိတိတွင် အဓိပတိနှင့်တွေ့ရသည်။ ကထိကခန့်အပ်စာပေးအပ်ခြင်းပင်ဖြစ်သည်။ ဤတက္ကသိုလ်တွင် ပါဠိဌာနတစ်ခုအသစ်ဖွင့်လှစ်နိုင်ရေးသည် တက္ကသိုလ်အဓိပတိ၏ ပစ်မှတ်ဖြစ်သည်။ အခြားပါဠိပညာရှင်များရှိသော်လည်း မြန်မာရဟန်းတော်များလောက် ပါဠိအခြေခံမကောင်းကြောင်း၊သို့နှင့် ပါဠိဌာနအသစ်ဖွင့်မည်ဆိုလျှင် မြန်မာရဟန်းတော်များသာ ဦးစားပေးအနေဖြင့် တွေးမိကြောင်းစသည် အဓိပတိကြီးက အေးဆေးစွာ ပြောနေသည်ကို သူက ငြိမ်သက်စွာနားထောင်ရ၏။ ကြည်ညိုဖွယ်ကောင်းသောတိဘက်လားမားဘုန်းတော်ကြီးပင်ဖြစ်သည်။

သူ့ကို တခုတ်တရပြောသည်ကတော့ ဤပါဠိဌာနပေါ်ပေါက်ရေးသည် သင်ကြားသူဆရာ၏ ကျောင်းသားများအပေါ်စွဲဆောင်နှိုင်မှုက များစွာ အရေးကြီးသဖြင့် စိန်ခေါ်မှုတစ်ရပ်အဖြစ် အားစိုက်ကြိုစားစေလိုကြောင်းလည်း ဖြည့်စွက်ပြောကြားသေးသည်။

ထိုအခါ သူကလည်း လွန်စွာအချိုးကျ၍ လွန်စွာမှ လေယူလေသိမ်းကောင်းမွန်လှသော လန်ဒဲန်နာဟုခေါ်သောလန်ဒန်မြို့ကြီးသားများပင် လက်ဖျားခါလောက်သည့် အောက်ပါအတိုင်းအဓိပ္ပါယ်ရသော အင်္ဂလိပ်ဘာသာဖြင့် ပြောချလိုက်ပါသည်။
“ အိုကေ ကြိုးစားကြတာပေါ့ ဂုရုကြီး”
ထို့နောက် အဓိပတိလားမားကြီးက သူ့အား ဧည့်ကထိက(GuestLecturer)ခန့်အပ်လွှာ ပေးအပ်ပါသည်။ရေးထားသည်က ဟင်ဒီဘာသာမို့ အဓိပတိလားမားကြီးက “ ဘန္တေကြီး ဟင်ဒီဖတ်တတ်သလား” “ ဟုမေးရာ သူ့ရွာတွင် ၁၂ ဘာသာတတ်သည်ဟုကျော်ကြားသော်လည်း တရားဝင်ပြောကြရပြီဆိုတော့ အနည်းငယ်မျှသာ နားလည်ပါကြောင်းပြောရလေသည်။ လားမားကြီးကိုယ်တိုင် ဘာသာပြန်ပြလေသည်။ ကထိကခန့်အပ်လွှာကို မော်ကွန်းထိန်းအရာရှိကိုယ်တိုင် အဓိပတိရုံးခန်းသို့လာပို့ပေးခြင်းဖြစ်သည်။

“အလုပ်အလုပ်” ဆိုသောစကားလုံးများကို ထပ်တလဲလဲဆိုနေသဖြင့် သူ့ကို အလုပ်သမားတစ်ယောက်ဟု တစ်ထစ်ချမှတ်ယူရန်မဟုတ်ပါ။ အချို့နေရာများတွင်တော့ သူသည် သြောချရလောက်အောင်ပျင်းရိတတ်သူတစ်ယောက်ဖြစ်လေသည်။ မည်သည့်နေရာမျိုးတွင် ပျင်းတတ်ပါသနည်း ဟု တစ်စုံတစ်ယောက်ကမေးလာခဲ့လျှင်တော့ ပြုစုရမည့်စာရင်းကများနေသဖြင့် တစ်ပတ်ခန့်ရက်ချိန်းပေဖို့ တောင်းပန်ရပေမည်။
ဒါပေမယ့် မဖြေပဲ နေလို့လည်း ရတာပါပဲ။
ပျင်းတာတွေလည်း သိ၊ မပျင်းတာလေးလည်း သိကြပေါ့လေ။


မှတ်တမ်းတင်ခြင်း-ဗာရာဏသီတွင် ဖွင့်လှစ်နေသောသင်တန်းများတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊သင်တန်းနားချိန် သုံးဆောင်ရန်အဖျော်အာဟာရများအတွက် အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့မှ ဒကာကြီးဦးကျော်တင့် ဒကာမကြီးဒေါ်ခင်ခင်ငွေမိသာစုက အမေရိကန်ဒေါ်လာ ၁၀၀ လှူဒါန်းခြင်းနှင့် ဓမ္မဂင်္ဂါဘလော့အတွက် အင်တာနက်ကုန်ကျစရိတ် (၁၀)လစာကို အရှင်ခေမိန္ဒ(မော်ကွန်းသစ်)က လှူဒါန်းခြင်းများအား မှတ်တမ်းတင်အပ်ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP