* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 6, 2010

ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၃)

ရေးသားသူ ထူးပ ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၆၊ ၂၀၁၀

မဟာဆွေတော်စဉ်သည်ကား ကပိလဝတ်ပြည့်ရှင် ဇယသေန မင်းကြီး၏သား သီဟ ဟနုမင်း နှင့် ဒေဝဒဟ ပြည့်ရှင် သြက္ကာကရာဇ်မင်း၏ သမီး ဘဒ္ဒကဉ္စနာ တို့ကို စုံဖက်ရာမှ သားတော် သုဒ္ဓေါဒန မင်းကြီးကို ဖွားမြင်သည်။ ကပိလဝတ် ထီးနန်းကို သီရိမဟာ မာယာဒေဝီ တို့ စုံဖက်ရာတွင် သားတော် သိဒ္ဓတ္ထ မင်းသားကို ဖွားမြင်သည်။

အလောင်းတော် သေတကေတု နတ်သားသည် စုတေ၍ မယ်တော်မာယာ၏ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်သောနေ့ သည်ကား မဟာသက္ကရာဇ် ၆၇ ခု၊ ဝါဆိုလပြည့်- ကြာသပတေးနေ့ ဖြစ်၍ ဖွားမြင်တော်မူသောနေ့ သည်ကား မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ (ခရစ်တော် မပေါ်မီ သက္ကရာဇ် ၅၆၇-ခုနှစ် ဖြစ်သည်။) မဟာသက္ကရာဇ်သည်ကား သိဒ္ဓတ္ထမင်းသား၏ ဘိုးတော် (သီရိမဟာမာယာ၏ ခမည်းတော်) အဉ္စနမင်းကြီးနှင့် ဒေဝီလရသေ့တို့ တိုင်ပင်၍ ဖြိုးခွင်းလိုက်သော သက္ကရာဇ် ၆၄၅ ခုမှ ၂-ခုကို အကြွင်းထား၍ တိုးတက်လာသော သက္ကရာဇ် ဖြစ်သည်။

ဥတ္တရာသဠ်နက္ခတ်နှင့်စန်းယှဉ်ခိုက် ဘုရားအလောင်းတော် ပဋိသန္ဓေယူချိန် မယ်တော်မာယာသည်လည်း အိမ်မက်မြင်မက်သည်။ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့သည် မယ်တော်မာယာ၏ အိပ်ရာသလွန်ကို ဟိမဝန္တာသို့ ယူဆောင်လျက် ဆေးဒါန်း၊ မြင်းသီလာ ကျောက်ဖျာအပြင် အင်ကြင်းပင်ကြီး၏ အောက်၌ချထားရာ နတ်မိဖုရား လေးယောက်တို့က ရေမိုးချိုးကာ ပန်းနံ့သာတို့ဖြင့် ဆင်ယင်လျက် ငွေတောင်ထိပ်၌ရှိသော ရွှေဗိမ္မာန်သို့ ဆောင်၍ အိပ်စေ၏။ ထိုအခါ ငွေသားကဲ့သို့ ဖြူစင်သော ဆင်ပြောင်ရတနာသည် မြောက်အရပ်မှ လာလတ်၍ မယ်တော်မာယာ၏ လက်ယာနံပါးမှ လှစ်၍ဝင်သည်ကို အိမ်မက်လေသည်။ ၃၂ ပါးသော ပုဗ္ဗနိမိတ်တို့သည်လည်း ထင်ကုန်လျက် စကြဝဠာတိုက်တစ်ထောင်အတွင်း၌ မြေတုန်လှုပ်လေသည်။

ပဋိသန္ဓေ ယူပြီးနောက် ဆယ်လစေ့သောအခါ မယ်တော်မဟာမာယာသည် ဆွေတော်မျိုးတော် မယ်တော်နှင့် ခမည်းတော်တို့၏ နေရာဖြစ်သော ဒေဝဒဟပြည် သို့ သွားလိုသော စိတ်ဆန္ဒဖြစ်ပေါ်လာသည်။ သုဒ္ဓေါဒန မင်းကြီးထံ လျှောက်ကြား၍ သွားခွင့်ပြုသောအခါ စစ်အင်္ဂါလေးပါး ဝန်းရံလျက် ရွှေထမ်းစင်ကို စီးကာ ထွက်ခွာလာသည်။

ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည် အကြားရှိ လုမ္ဗိနီ အင်ကြင်းဥယျာဉ်သို့ ရောက်သောအခါ ဝင်ရောက်ကစားလိုသဖြင့် ရွှေထမ်းစင်မှ ဆင်းကာ အင်ကြင်းပင်အောက်သို့ ဝင်ရောက်ခဲ့သည်။ ထိုနေရာ၌် မတ်တပ်ရပ်လျက် အင်ကြင်းကိုင်းကို လှမ်းကိုင်နေစဉ်မှာပင် ကမ္မဇလေ လှုပ်ရှား၍ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ သိဟ်လဂ်, ဗြိစ္ဆာစန်း, ဝိသာခါနက္ခတ်စန်း နှင့်ယှဉ်ခိုက် ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူသည်။ ထိုခဏ၌ပင် မြေကြီး တုန်လှုပ်လျက် အံ့ဖွယ်သရဲ အတိတ်နမိတ်တို့ ထင်ကုန်သည်။

မြတ်စွာဘုရားဖွားမြင်သည့်နေ့ တစ်ချိန်တည်းတွင် ဖွားဖက်တော် (ရ) မျိုးရှိသည်။

၁) ယသော်ဓရာ ကို မဟာမာယာဒေဝီ မောင်တော်သုပ္ပဗုဒ္ဓ၏မိဖုရား အမိတ္တာမှ ဖွားမြင်သည်။
၂) အာနန္ဒာ မင်းသားကို ဘထွေးတော် အမိတောဒနတွင် ဖွားမြင်သည်။
၃) ဆန္န အမတ်
၎) ကာဠုဒါယီ
၅) ကဏ္ဍကမြင်း ဖွားမြင်သည်။
၆) မဇ္ဈိမဒေသတွင် ပင်စည်လုံးပတ် ၃၂ တောင်, အမြင့်အတောင် ၁၀၀, ခက်မ ၅ဖြာ ရှိသည့် ဗောဓိညောင်ပင်လည်း ပေါ်ပေါက်သည်။
၇) နန်းတော်အတွင်း သင်္ခ-ဇလ-ဥပ္ပလ-ပဏ္ဍရီက မည်သော ရွှေအိုးကြီး ၄ လုံးလည်း ပေါ်ပေါက်သည်။

ဖွားမြင်ပြီးလျှင်ပြီးချင်း ဘုရားလောင်းကလေးသည် အရှေ့အရပ်သို့မျက်နှာမူကာရပ်ပြီးနောက် မြောက်အရပ်ဘက်သို့ လှည့်တော်မူလျက် ခုနှစ်ဖဝါးသွား၍ ခြေစုံရပ်တန့်ပြီးသော် အဂ္ဂေါဟမသ္မိ လောကဿ = “ငါသည် လောကြီးတွင် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်၏” စသည်ဖြင့် ရဲရင့်စွာ ကြုံးဝါးတော်မူလေသည်။
ထို့နောက် ဒေဝဒဟ နှင့် ကပ္ပိလဝတ် ပြည်သူပြည်သားတို့သည် ဘုရားအလောင်းတော်ကလေးကို့ မယ်တော်နှင့်အတူ ကပ္ပိလဝတ် ပြည်သို့ ပြန်လည်ပင့်ဆောင်ကြလေ၏။

ဘုရားအလောင်းတော် ကပ္ပိလဝတ်ပြည်သို့ရောက်သောနေ့မှာပင် သုဒ္ဓေါဒနမင်းကြီး ဆည်းကပ်ကိုးကွယ်သော ကာဠဒေဝီလ ရသေ့သည် နတ်တို့ထံမှ ဘုရားလောင်းဖွားမြင်ကြောင်း သတင်းကြားရ၍ နန်းတော်သို့ ကြွလာပြီးလျှင် သားတော်လေးကို ကြည့်ရှုလိုကြောင်း ပြောကြားလေ၏။ သုဒ္ဓေါဒနမင်းကြီးသည် သားတော်လေးကို ပွေ့ချီ၍ ရသေ့ကြီးအား ရှိခိုးစေရန် ရသေ့ကြီးထံသို့ ရှေးရှုဆောင်ထားစဉ် ဘုရားအလောင်းတော်၏ ခြေအစုံသည်မြောက်တက်၍ ရသေ့ကြီး၏ခေါင်းထက်၌ တည်နေလေ၏။ ဘုရားအလောင်း၏ နောက်ဆုံးဘဝ၌ ဘုရားလောင်းက ရှိခိုးထိုက်သူ တစ်စုံ တစ်ယောက်မျှ မရှိချေ။ အကယ်၌ ဤအချက်ကိုမသိသောသူတို့က ဘုရားလောင်း၏ ဦးခေါင်းတော်ကို ရသေ့ကြီး၏ ခြေရင်းမှာထားလျှင် ရသေ့ကြီးဦးခေါင်းသည် ခုနှစ်စိတ် ကွဲလေရာ၏။ ရသေ့ကြီးကမူ ချက်ချင်းပင် နေရာမှထ၍ လက်အုပ်ချီလျက် နေလေ၏။ သုဒ္ဓေါဒန ဘုရင်ကြီးသည် ထူးခြားဆန်ကြယ် အံ့ဖွယ်သော ထိုအချင်းအရာကို မြင်၍ မိမိ၏သား ဘုရားလောင်းကလေးကို ပထမအကြိမ် ရှိခိုးလေ၏။

ကာဠဒေဝီလ ရသေ့ကြီးသည် သမာပတ် ရှစ်ပါးကို ရရှိနေသောကြောင့် အတိတ်ကမ္ဗာ လေးဆယ်၊ အနာဂတ်ကမ္ဗာ လေးဆယ်ကို ဆင်ခြင်သိမြင်နိုင်သော တန်ခိုးရှိသူဖြစ်၏။ ဘုရားလောင်းကလေး၏ အင်္ဂါလက္ခဏာကို ကြည့်ရှု့သောအခါ မုချဧကန် ဘုရားဖြစ်မည့်သူဟု သိ၍ “ဤကလေးကာ အံ့သြဖွယ်ရာ ယောက်ျားမြတ်ပေတကား” ဟု ဆင်ခြင်မိသဖြင့် ပြုံးတော်မူသည်။ ထို့နောက် မိမိသည် ဤကလေးဘုရားဖြစ်သောအခါ ဘုရားကို ဖူမြော်ခွင့်ရပါမည်လောဟု တန်ခိုးဖြင့် ဆင်ခြင်ကြည့်လေ၏။ ထိုအခါ ဤကလေး ဘုရားမဖြစ်မီပင် မိမိကွယ်လွန်ပြီးလျှင် အရူပဘုံ၍ အရူပဗြဟ္မာ ဖြစ်ရမည်ကို မြင်သဖြင့် ဘုရားကို မဖူးမြင်ရဘဲ အဆုံးရှုံးကြီး ဆုံးရှုံးရတော့မည်ဟု သိရ၍ ငိုကျွေးလေ၏။

ထိုအခါ မင်းကြီးနှင့်တကွ နန်းတွင်းသူ နန်းတွင်းသားတို့သည် ရသေ့ကြီး ပြုံရယ်ခြင်း၊ ငိုခြင်း၏ အကြောင်းကို မေးကြ၍ ရသေ့ကြီးက ဖြစ်ပျက်ပုံ အကြောင်းစုံကို ရှင်းလင်းပြောပြလိုက်၏။

ဖွားမြင်ပြီး ၅-ရက်မြောက်၌ ဘုရားလောင်းကို သိဒ္ဓတ္ထ ဟုအမည်ပေးကြ၏။ “အကျိုးစီးပွားကို ပြီးစီးစေနိုင်သူ” ဟု အဓိပ္ပါယ်ရ၏။ သိဒ္ဓတ္ထ ကလေး၏ အင်္ဂါလက္ခဏာတို့ကို ပုဏ္ဏားတော်များကို ကြည့်ရှုစစ်ဆေးစေရာ ပုဏ္ဏား ရ-ယောက်က စကြဝတေးမင်း သော်လည်း ဖြစ်လိမ့်မည်။ ဘုရားသော်လည်း ဖြစ်လိမ့်မည် ဟု ဟောကြ၏။ အငယ်ဆုံးဖြစ်သော ကောဏ္ဍညအနွယ် ဖြစ်သည့် သုဒတ္ထ ပုဏ္ဏားကလေးကမူ မုချဘုရား ဖြစ်မည်ဟု တစ်ခွန်းတည်း အတပ် ဟောလိုက်၏။

ဘုရားလောင်းဖွားမြင်ပြီးနောက် ခုနှစ်ရက် မြောက်သောအခါ မယ်တော် မဟာမာယာဒေဝီ နတ်ရွှာစံလေသည်။ ယင်းသို့နတ်ရွာစံခြင်းမှာ ဘုရားလောင်းကို ဖွားမြင်ခြင်းကြောင့် နတ်ရွာစံခြင်းမဟုတ်၊ သက်တမ်းစေ့ခြင်းကြောင့် နတ်ရွာစံခြင်းသာဖြစ်သည်။ ဘုရား၏ မယ်တော်တို့၏ ဖြစ်ရာ တုသိတာနတပြည်၏ သန္ဒုသိတ နတ်မင်း ဖြစ်လေသည်။

မိဖုရားကြီး မဟာမာယာဒေဝီနတ်ရွာစံသောအခါ သုဒ္ဓေါဒန မင်းကြီးသည် မိဖုရားကြီး၏ ညီမတော် ဖြစ်သော မိထွေးတော် ဂေါတမီကို မိဖုရားကြီးမြှောက်လိုက်သည်။ မိထွေးတော် ဂေါတမီသည် မိမိ၏သားတော်ရင်း နန္ဒမင်းသားကလေးကို အထိန်းတော်များထံ အပ်နှံ၍ မိမိကမူ သိဒ္ဓတ္ထမင်းသားကလေးကို ကိုယ်တိုင်ပင် နို့ချိုတိုက်ကျွေး မွေးမြူပြုစုလေ၏။

နောက်ထပ်ဖတ်ရန်မှာ.....
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၄)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP