* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 6, 2010

တန်ဖိုးမ့ဖတ်နိုင်သော မွေးနေ့လက်ဆောင်

လွန်ခဲ့သော ၂-နှစ်အချိန်က တပေါင်းလဆန်း နံနက်ခင်း တရက်တွင် ဖြစ်သည်။ ကျွန်မတို့ ညီအမသည် ညီမဖြစ်သူ၏ မွေးနေ့ဖြစ်၍ ဟင်္သာတမြို့ လယ်တီကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ခမာဝုဓကို နံနက်ဆွမ်းအမီ အချိုပွဲကပ်လှူရန်အတွက် သွားရောက်ဖူးတွေ့ခဲ့ကြပါသည်။

ကျွန်မတို့ရောက်ရှိချိန်တွင် ဆရာတော်ကြီးသည် တပါးတည်း ကုလားထိုင်ပေါ်၌ သီတင်းသုံးနေသည်ကို ဖူးတွေ့ရသည်။ တကျောင်းလုံးမှာလည်း ဘာသံမှမကြားရ။ တိတ်ဆိတ်ငြိမ်သက်နေသည်။ မလှမ်းမကမ်းတွင် ဦးပဉ္ဇင်းလေးတပါးကသာ ဆရာတော်ကြီးအတွက် လိုရာဆောင်ရွက်ပေးရန် ရှိနေသည်ကို တွေ့ရသည်။

ဆရာတော်ကြီးအား ရှိခိုးကန်တော့ပြီးသည်နှင့်-တပည့်တော် ဒကာကြီး ဦးမြင့်ရဲ့ သမီးပါဘုရား၊ တပည့်တော်ရဲ့ ညီမမွေးနေ့မို့ ဆရာတော်ဘုရားနဲ့ စာချသံဃာတော်များအတွက် ဆနွင်းမကင်းဖုတ်ပြီး အချိုပွဲ လာကပ်တာ ပါဘုရား-ဟု လျှောက်ထားလိုက်ပါသည်။
ဆရာတော်ကြီးက ကျွန်မတို့ကို မှတ်မိသည့်ပုံဖြင့် ပြုံး၍ ခေါင်းညိတ်တော်မူပါသည်။

ဆရာတော်ဘုရား အုန်းနို့နဲ့မှ တည့်ပါ့မလားလို့ တပည့်တော် တွေးမိပြီး စိုးရိမ်နေပါတယ်ဘုရား-ဟု ကျွန်မက ထပ်လျှောက်လိုက်သောအခါတွင်-
ငါ အကုန်စားတယ်။ မတည့်တာ ဘာမှ မရှိဘူး-ဟု ပြန်ပြီး မိန့်တော်မူသဖြင့် ကျွန်မမှာ စိတ်အေးသွားပါသည်။ ၄င်းနောက် ဆရာတော်ကြီးက-

မွေးနေ့အတွက် လာလှူတာဆိုတော့ မွေးနေ့လက်ဆောင် ပေးရမှာပေါ့။ သားသမီးရဲ့ ၀တ္တရားငါးပါးထဲမှာ လှုမျှဝေ၍ ဆိုတာ ပါတယ်မဟုတ်လား။
ပါပါတယ် ဘုရား။
အေး-နင်တို့မှာ အခုဆိုရင် မိဘနှစ်ပါးလုံး မရှိကြတော့ဘူး။ ဒါကြောင့် နင်တို့ရဲ့ မိဘတွေအတွက် ရည်စူးပြီး အလှူဒါန လုပ်ပြီးတိုင်း အမျှအတန်းပေးဝေရမယ်။ ငွေကုန်ကြေးကျခံပြီး အလှူကြီး အတန်းကြီး လုပ်နိုင်မှ မဟုတ်ဘူး။ နေ့စဉ် နံနက် ဘုရားရှိခိုးတိုင်း သောက်တော်ရေလေး တခွက်၊ ပန်းလေးတပွင့်၊ ဖယောင်းတိုင်လေး တတိုင်၊ ဆွမ်းလေး တပွဲ၊ ကပ်လှူပြီးတိုင်း ကိုယ်ပြုသမျှ ဒါန သီလကုသိုလ်ကို မိဘတွေအတွက် မမေ့မလျော့ဘဲ အမျှအတန်း ပေးဝေရမယ်။

ပုထုဇဉ်တွေဖြစ်တဲ့အတွက် ဘုန်းကြီး ရဟန်းတောင်မှ လားရာဂတိက မမြဲဘူး။ ပြောလို့မရဘူး။ ဒါကြောင့် အလှူဒါန နည်းတာ များတာက အဓိက မဟုတ်ဘူး။ ကိုယ်လှူသမျှ ဒါနလေးကို မိဘအတွက် အမြဲသတိရပြီး အမျှဝေဖို့က အဓိကပဲ။ မိဘတွေ သက်ရှိထင်ရှားရှိစဉ်တုန်းမှာ ပြုစုလုပ်ကျွေးရုံနဲ့တင် မလုံလောက်သေးဘူး။ သေပြီးတဲ့နောက်မှာလည်း တတ်နိုင်သလောက် ကိုယ်နေ့စဉ်လှူသမျှကို အမျှပေးဝေနေရတယ်။

ပန်းတပွင့်၊ ရေတခွက်၊ ဆွမ်းတပွဲဟာ ဘာမှ မတတ်နိုင်စရာ မရှိဘူး။ မလုပ်နိုင်စရာ မရှိဘူး။ အကယ်၍ နင်တို့ရဲ့ မိဘတွေဟာ လားရာဂတိ မမြဲတဲ့အတွက် မကျွတ်မလွတ်သေးတဲ့ဘ၀ တခုခုမှာများ ရောက်ရှိနေခဲ့မယ်ဆိုရင် နင်တို့လှူဒါန်း အမျှဝေတဲ့အတွက် ကြုံကြိုက်ခဲ့ရင် သာဓုခေါ်ဆိုနိုင်ပြီး ကောင်းရာသုဂတိ ရောက်သွားမယ်။ သိပ်ပြီး အကျိုးများမယ်။

ဘယ်လောက်ကြာအောင် လှူဒါန်းပြီး အမျှဝေရမလဲဆိုရင်တော့ နင်တို့ မသေမချင်း လုပ်ရမယ်။ ဒါမှ သားသမီးဝတ္တရား ကျေမယ်။ ကဲ ဒါဟာ ငါ့ရဲ့ မွေးနေ့ လက်ဆောင်ပဲ။

ဆရာတော်ဘုရား ချီးမြှင့်တော်မူသော မွေးနေ့လက်ဆောင် တရားတော်-ကို မမျှော်လင့်ဘဲ ကြားနာလိုက်ရ သဖြင့် ကျွန်မတို့ ညီအမမှာ ကြက်သီးမွှေးညင်းများထလောက်အောင်ပင် ၀မ်းသာပီတိ ဖြစ်ရပါသည်။
ဆရာဘုရားကြီး၏တပည့်ရင်း ဒကာရင်း ဖြစ်သော ကွယ်လွန်သူ မိဘများကိုလည်း သတိရပြီး မျက်ရည်လည်မိပါသည်။

ကျွန်မတို့ ညီအမအား-တန်ဖိုးမဖြတ်နိုင်သည့် မွေးနေ့လက်ဆောင်-ချီးမြှင့်တော်မူခဲ့သော ကျေးဇူးတော်ရှင် ဓမ္မာနုဓမ္မ မဟာဒွါရ နိကာယဂိုဏ်း သာသနာပိုင်ဆရာတော်ကြီး ဘဒ္ဒန္တခမာဝုဓသည် သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် ၉၂-နှစ်၊ သိက္ခာတော် ၇၂-၀ါအရ၊ ၁၃၆၄-ခု တော်သလင်း လပြည့်ကျော် ၇-ရက် (၂၀၀၂-ခုနှစ် စက်တင်ဘာလ ၂၈-ရက်) စနေနေ့ ညနေ ၆-နာရီ ၃၁-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါပြီ။

သို့ပါသော်လည်း ဆရာတော်ဘုရားကြီး ဟောကြားချီးမြင့်တော်မူခဲ့သည့်-တန်ဖိုးမဖြတ်နိုင်သည့် မွေးနေ့လက်ဆောင်-တရားတော်မှာ ကျွန်မတို့ရင်ထဲတွင် တသက်လုံး မမေ့နိုင်အောင် စွဲငြိခိုဝင်လျက် ရှိနေပါတော့သည်။

( မြနှင်းအေး-ဟင်္သာတ)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP